ဂျက်ဂွာ၊ လန်းရိုဗာ ကားထုတ်လုပ်ရေးကုမ္ပဏီအမြတ်အစွန်းများ

Jaguar Land Rover ဓာတ်ပုံ မူပိုင် Reuters
Image caption Land Rover Evoque ကားက လူကြိုက်များ

နာမည်ကြီး အင်္ဂလန်အမှတ်တံဆိပ် ကားတွေ ဖြစ်တဲ့ ဂျက်ဂွာနဲ့ လန်းရိုဗာကား ထုတ်လုပ်မှု အမြတ်အစွန်းဟာ စံချိန်တင် မြင့်တက်လာတယ်လို့ Jaguar Land Rover ကုမ္ပဏီက ပြောပါတယ်။

၂၀၁၁- ၂၀၁၂ ဘဏ္ဍာနှစ်အတွင်း အမြတ်အစွန်းဟာ အရင်နှစ်က အမြတ်အစွန်း ပေါင် သန်းပေါင်း ၁၁၂၀ ထက် ၃၄ ရာခိုင်နှုန်း ပိုများလာပြီး ဒီနှစ်မှာဆိုရင် ပေါင် သန်းပေါင်း ၁၅၀၀ အမြတ်ရှိတယ်လို့ ကုမ္ပဏီက ကြေငြာပါတယ်။

Jaguar Land Rover ကုမ္ပဏီကို ၂၀၀၈ ခုနှစ်တုန်းက အိန္ဒိယပိုင် Tata Motors ကုမ္ပဏီက ဝယ်ယူပြီး ကားတံဆိပ်နှစ်ခုပေါင်းကာ ပြန်တည်ထောင်ထားတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့တစ်နှစ်တာအတွင်း လက်လီစျေးကွက်မှာ ကားအစီးရေ သုံးသိန်းကျော် ရောင်းခဲ့ရပါတယ်။

ဒီလို ရောင်းရတာဟာ တရုတ်နဲ့ တခြားနိုင်ငံတွေရဲ့ ဝယ်လိုအားများလာတာကြောင့်လို့ ကုမ္ပဏီက ဆိုပါတယ်။

ဇိမ်ခံ ဆလွန်းကားလေးတွေထုတ်တဲ့ ဂျက်ဂွာကားတွေက နာမည်ကြီးသလို လေးဘီးယက် 4x4 ကားတွေ ထုတ်တဲ့ လန်းရိုဗာကားတွေကလည်း နာမည်ကြီးတဲ့အပြင် စျေးလည်း မြောက်တဲ့ ကားတွေ ဖြစ်ပါတယ်။

လက်လီစျေးကွက်မှာ နိုင်ငံတစ်ခုချင်းအလိုက်ဆိုရင် ဒီကားအများဆုံးဝယ်တဲ့နိုင်ငံက ယူကေနိုင်ငံ ဖြစ်ပေမယ့် အခုဆိုရင် ပြည်ပပို့တာကလည်း ရာခိုင်နှုန်း အတော်များလာနေပါတယ်။

ဒီကားကုမ္ပဏီဟာ တရုတ်ကားကုမ္ပဏီ ချယ်ရီနဲ့ ပူးတွဲပြီး တရုတ်စျေးကွက်အတွက် ထုတ်လုပ်ဖို့လည်း ရှိတယ်လို့ မကြာခင်က ကြေငြာခဲ့ပါတယ်။