ယာယီနိုင်ငံကူး လက်မှတ် လုပ်ငန်း လိမ်လည်မှုရှိ

Image caption လိုအပ်တဲ့ ထိုင်းနိုင်ငံက စာရွက် စာတမ်းတွေကို မြန်မာဘက်မှာ ပြုလုပ်ပေးနေပါတယ်

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေ ယာယီနိုင်ငံကူး လက်မှတ်တွေ နဲ့ တရားဝင် အလုပ်သမားတွေ ဖြစ်လာရေး ဆောင်ရွက်ရာမှာ ပိုမို မြန်ဆန်လာ အောင်ဆိုပြီး ထိုင်းနဲ့ မြန်မာ အစိုးရတွေက ပုဂ္ဂလိက ကုမ္ပဏီတွေကို ပြီးခဲ့တဲ့နှစ်က စပြီး ဝန်ဆောင်ခွင့်ပေး လိုက်ပါတယ်။

အဲဒီလို ဝန်ဆောင်မှုလုပ်ငန်းတွေဟာ အခုဆိုရင် ထိုင်းတနိုင်ငံလုံးမှာ ကုမ္ပဏီ ၆၀ ရှိပြီးတော့၊ မဲဆောက် မြို့မှာ အဲဒီကုမ္ပဏီတွေရဲ့ရုံးခွဲ ၄၆ ခုရှိတယ်လို့ အလုပ်သမား အရေး ဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေရဲ့ မှတ်တမ်းအရ သိရပါတယ်။

ဒီကုမ္ပဏီတွေဟာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အတွက် လိုအပ်တဲ့ ထိုင်းနိုင်ငံ က စာရွက်စာတမ်းတွေ မြန်မာဖက်မှာ နိုင်ငံသား စီစစ်တာကအစ၊ ယာယီနိုင်ငံကူး လက်မှတ်ရရှိတဲ့ အထိ ဆောင်ရွက်ပေး ကြပါတယ်။

ယာယီနိုင်ငံကူးလက်မှတ်ရတဲ့ အထိ အဆင့်ဆင့် လုပ်ဆောင်ရတာဖြစ်လို့ ဒီအတွက် ကုမ္ပဏီအတော်များများက ဝန်ဆောင်ခ ဘတ်ငွေ ၅၅၀၀ ယူတယ်လို့ ဆိုပါတယ်။

အဲဒီလို ဝန်ဆောင်မှု လုပ်ငန်းတွေထဲမှာ တိုက်ရိုက် ဝန်ဆောင်မှုပေးနေတဲ့ အမှန်အကန် ကုမ္ပဏီတွေနဲ့ သူတို့ရဲ့ လက်ခွဲဝန်ဆောင်မှု ပေးနေသူတွေ ရှိကြသလို အကြံအဖန်တွေ လည်း ရှိကြပါတယ်။

ယာယီနိုင်ငံကူးလက်မှတ်နဲ့ အလုပ်လုပ်ခွင့် ဝေါ့ခ်ပါမစ် ရထားပြီး၊ ထိုင်းနိုင်ငံမှာ ကိုယ်ပိုင် အလုပ်လုပ်တဲ့ သူတယောက် ရှင်းပြတာကတော့၊ ပါစ်ပို့စ် လုပ်တာက ဘတ် ၅၅၀၀ ကုန်ပြီး၊ ဝေါ့ခ်ပါမစ်က ဘတ် ၃၈၀၀ ကုန်ပါတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့လည်း၊ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေထဲက မသိ နားမလည်သူတွေ အတော်များများဟာ ဘတ်ငွေ တသောင်းကနေ တသောင်းငါးထောင်အထိ ပွဲစားတွေ ကို ပေးလိုက်ရတာတွေလည်းရှိပြီး၊ တချို့က လုံးဝ အလိမ်ခံ လိုက်ရတာတွေ ရှိကြောင်း သိရပါတယ်။