ဘလက်ဘယ်ရီဖုန်းကုမ္ပဏီ အရှုံးပေါ်နိုင်

blackberry ဓာတ်ပုံ မူပိုင် PA
Image caption ဘလက်ဘယ်ရီဖုန်း

ဘလက်ဘယ်ရီ မိုဘိုင်းဖုန်းတွေ ထုတ်လုပ်တဲ့ RIM ကုမ္ပဏီဟာ ပြီးခဲ့တဲ့ သုံးလပတ်အတွင်း အရှုံးနဲ့ ရင်ဆိုင်ရဖွယ်ရှိတယ်လို့ ကုမ္ပဏီက ပြောပါတယ်။

နောက်ပြီး အလုပ်တွေလည်း အတော်လေး လျော့ရမယ့် အနေအထားဖြစ်တယ်လို့လည်း RIM (Research in Motion) ကုမ္ပဏီဘက်က ကြေငြာပါတယ်။

ဒါကြောင့် ကုမ္ပဏီဟာ JPMorgan နဲ့ RBC Capital Markets ကုမ္ပဏီတွေကို ငှားရမ်းကြီး သူ့ရဲ့စီးပွားရေးအပေါ် မဟာဗျူဟာကျကျ သုံးသပ်ဖို့ လုပ်ဆောင်မယ်လို့ ဆိုပါတယ်။

ကုမ္ပဏီ အရှုံးပေါ်ရမယ့် အခြေအနေကတော့ ဘလက်ဘယ်ရီ စမတ်ဖုန်း သုံးတဲ့သူတွေဟာ iPhone နဲ့ Android ဖုန်းတွေကို ပြောင်းပြီး အသုံးပြုလာတာကြောင့် ဖြစ်ပါတယ်။

ဒါကြောင့် ကနေဒါအခြေစိုက် RIM ကုမ္ပဏီရဲ့ ရှယ်ယာစျေးတွေကလည်း ၁၀ ရာခိုင်းနှုန်း ကျဆင်းခဲ့ပါတယ်။

ကုမ္ပဏီဟာ ပြန်လည်သုံးသပ်မှုလုပ်ပြီးသွားရင် ကုမ္ပဏီကို ရောင်းထုတ်ရမယ့် ကိန်းတောင် စိုက်နိုင်တယ်လို့ တချို့က သုံးသပ်ကြပါတယ်။

ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်က ကုမ္ပဏီဟာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၂၀၀ အမြတ်ရခဲ့ပေမယ့် ဒီကိန်းဂဏန်းက အရင်နှစ်က မြတ်တဲ့ ဒေါ်လာ သန်းပေါင်း ၃၄၀၀ ထက် အများကြီး လျော့နည်းလာခဲ့ပါတယ်။