BBC navigation

ရွှေလီဂွင် ကျောက်စိမ်းဈေးကွက် ထိုင်းမှိုင်း

နောက်ဆုံး ရေးသားချိန် 1 ဇွန်လ 2012 - 12:58 GMT

ရွှေလီ-ကျယ်ကောင် ကျောက်ဈေး ကွက်ကြီး ကတော့ မြန်မာ့ကျောက်စိမ်းတွေ ထိုးဖေါက် ရောက်ရှိနေတဲ့ နေရာပါ

တရုတ်မြန်မာ နယ်စပ် တရုတ်နိုင်ငံဘက်အခြမ်း ကျောက်စိမ်းစျေးကွက်ဟာ အရောင်းအဝယ် သိသိသာသာကို ထိုင်းမှိုင်းနေတဲ့အတွက် ဒီအတိုင်းသာ နောက်ထပ် (၂) နှစ်လောက် အရောင်းအဝယ်တွေ အေးနေမယ်ဆိုရင်တော့၊ ကျောက်စိမ်းဈေးကွက်ကြီး တခုလုံး လုံးဝ ဥဿုံ ပျက်စီးပြိုကျသွားနိုင်တယ်ဆိုပြီး ကျောက်ကုန်သည် အများစုက စိုးရိမ်ထိတ်လန့်နေကြပါတယ်။

ရတနာတန်းဝင် မြန်မာ့ကျောက်စိမ်းတွေ ပြည်တွင်း ဈေးကွက်သာမက ပြည်ပဈေးကွက်အထိ ထိုးဖေါက်ရောက်ရှိနေတဲ့ လူသိ အများဆုံး နယ်စပ် ကျောက်စိမ်း ဈေးကွက်ကြီး တခုကတော့၊ တရုတ်-မြန်မာနယ်စပ် တရုတ်နိုင်ငံ ဖက်ခြမ်းက ရွှေလီ-ကျယ်ကောင် ကျောက်ဈေး ကွက်ကြီး ဖြစ်ပါတယ်။။

ကျောက်လောကမှာ ထိုင်းနိုင်ငံဖက်ကို ဦးတည် သွားရောက် ရောင်းချမယ့် ကျောက်ကို ‘တောင်ပေါ်ဂွင်’ လို့ခေါ်ကြပြီး၊ တရုတ် နိုင်ငံဖက်ခြမ်းကို ဦးတည် သွားရောက် ရောင်းချမယ့် ကျောက်ကို ‘ရွှေလီဂွင်’လို့ တောင် ခေါ်ဝေါ်ကြတဲ့ အထိ အရေးပါ အသိအမှတ် ပြုခြင်းခံရတဲ့ ကျောက်ဈေးကွက်ကြီး ဖြစ်ပါတယ်။

မြန်မာနိုင်ငံ မူဆယ်မြို့ နဲ့ မျက်နှာချင်းဆိုင် နယ်နိမိတ်ချင်း ဆက်နေတဲ့ နေရာဟာ တရုတ်နိုင်ငံဖက်ခြမ်းက ‘ကျယ်ကောင်’ ဟာ ရွှေလီမြို့နယ်အတွင်းမှာ ပါဝင်ပါတယ်။

ကျယ်ကောင်-ရွှေလီ ကျောက်ဈေးကွက်ကြီးဟာ မြန်မာနိုင်ငံက ကျောက်သမားတွေ အတွက်သာမက တရုတ်နိုင်ငံထဲက တရုတ်ကျောက်သမား တွေအတွက်ပါ အရေးပါတဲ့ဈေးကွက်ကြီးတခု ဖြစ်ခဲ့ပါတယ်။

ဒီကျောက်စိမ်းဈေးကွက်ကြီး အတွင်းမှာ - အရည်လိုင်း၊ အသားလိုင်း၊ အပွင့်လိုင်း၊ လွှာချပ်လိုင်း၊ ပန်းပုလိုင်း၊ လက်ကောက်လိုင်း၊ ဧရာမ အတုံးကြီးကြီးလိုင်း၊ ကျောက်စိမ်းရောင်စုံ ကာလာဆန်းလိုင်း - စသဖြင့် စသဖြင့် ကျောက်စိမ်းနဲ့ ပတ်သက်တဲ့ ပစ္စည်းမျိုးစုံ-သူ့လိုင်းနဲ့သူ၊ ကျွမ်းကျင်ရာ အလိုက် ရောင်းဝယ် လုပ်ကိုင်နေကြရာမှာ၊ ရွှေလီမြို့မှာ ကျောက်ဆိုင်ပေါင်း (၇၀ဝ၀) ကျော် လောက်ရှိပြီး ကျယ်ကောင်မှာလဲ ဆိုင် ခန်းပေါင်း (၃၀ဝ၀) ကျော် လောက်ရှိကြောင်း သိရပါတယ်။

ဒါပေမဲ့ - ဒီနှစ်ကတော့ ကျောက်စိမ်း ဈေးကွက်ကြီးတခုလုံးရဲ့ အခြေအနေဟာ အခု ချိန်အထိ အရောင်းအဝယ်တွေ အေးစက် ထိုင်းမှိုင်းနေပြီး- အရည်လိုင်း၊ အသားလိုင်း၊ အပွင့်လိုင်း၊ လက်ကောက် လိုင်း၊ ဘယ်လိုင်းမှ အရောင်းအဝယ် မကောင်းကြပါ။

အဓိကအကြောင်းရင်းတွေကတော့ - တရုတ်အစိုးရ ကိုယ်တိုင်က ကျောက်မျက် တွေအပေါ် အခွန်းအကောက် ( ၃၀ ရာခိုင်နှုန်းကျော် )အထိ သတ်မှတ် ကောက်ခံလာခြင်းနဲ့ ကျောက်မျက် ဆိုင်ခန်း ပြခန်း နေရာတွေရဲ့ အခန်းခ၊ အဆောက်အဦခ၊ နေရာငှါးခတွေဟာ အဆမတန် မြင့်တက်လာမှုတွေ ကြောင့် လုပ်ငန်း လည်ပတ်လို့ မရနိုင်တော့လောက်အောင် အရှုံးပြလာရခြင်း တွေကြောင့်လို့ ဆိုကြပါတယ်။

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အကျပ်အတည်း ရိုက်ခတ်မှုကို တရုတ်နိုင်ငံ ဟာလဲ အနည်းနဲ့ အများ ခံစားလာရပြီး စီးပွားရေး နှေးကွေးလာမှုနဲ့ အရောင်းအဝယ် ကျဆင်းလာရမှုတွေ လည်း ပါဝင်မယ်လို့ ခန့်မှန်း ယူဆနေကြပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။