ထိုင်းနယ်စပ် စျေးကွက်မှာ မြန်မာကျွဲနွားတွေ အဝယ်လိုက်

Image caption တနှစ်ကို မြန်မာနိုင်ငံက ကျွဲနွား အကောင်ရေ ၅ သိန်းကျော် ထိုင်းစျေးကွက်ထဲ ဝင်တယ်လို့ သိရပါတယ်

ထိုင်းမြန်မာ နယ်စပ် မဲဆောက်မြို့က ကျွဲနွားစျေးကွက်မှာ အခုရက်ပိုင်းအတွင်း ဗီယက်နမ် ၊ ကမ်ပူးချားနဲ့ မလေးရှား နယ်စပ်တွေက ကျွဲနွားကုန်သည်တွေ လာပြီး အလုအယက် ဝယ်ယူတာကြောင့် ကျွဲနွားစျေးတွေ ခုန်တက်သွားပါတယ်။

ဒါကြောင့် အခုရက်ပိုင်းအတွင်း ရောက်လာတဲ့ မြန်မာ ကျွဲနွားကုန်သည်တွေက ခပ်မြက်မြက်လေး အမြတ် ရလိုက်ကြပါတယ်။ ပြီးခဲ့တဲ့ အပတ်နွားစျေးနေ့တုန်းက ဘတ်ငွေ ၁၅၀၀၀ နဲ့ အရောင်းအဝယ် ဖြစ်တဲ့နွား အရွယ်ကို အခုဘတ် ၂၀၀၀၀ အထိ တက်ပေးပြီး ဝယ်နေ ကြတယ်လို့ နွားပွဲစား တယောက်က ပြောပါတယ်။

မဲဆောက်စျေးကွက်ကို မြန်မာနိုင်ငံက ကျွဲနွားတွေဟာ အလွယ်တကူနဲ့ ရောက်လာတာ တော့ မဟုတ်ပါဘူး။

ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းတွေ ဖက်ကနေ ထိုင်းမြန်မာ နယ်စပ် ကို တောလမ်းကနေ လာရာမှာ လမ်းခရီး တလျှောက်မှာ အစိုးရ စစ်တပ်တွေကိုရော၊ လူမျိုးစု လက်နက် ကိုင်တွေကိုပါ မကျန်၊ ကျေးရွာ အုပ်ချုပ်ရေး မှူးတွေကို အဆုံး၊ ငွေပေးပြီး လာရ တယ်လို့ နွားကုန်သည်တွေက ပြောပါတယ်။

မဲဆောက် ကျွဲနွားစျေးကွက်ကို ရောက်လာတဲ့ မြန်မာနိုင်ငံက ကျွဲနွားတွေဟာ သားပေါက်အရွယ်တွေ ဆိုရင်ဘတ် ၈ ထောင် တသောင်းလောက်ကနေ၊ အကောင်ကြီးတွေဆိုရင် ဘတ်လေး ငါးသောင်းအထိ အရောင်းအဝယ် ဖြစ်လို့၊ တလကို ဘတ်ငွေ သန်းဆယ်နဲ့ချီတဲ့ စျေးကွက်ဆိုရင်လည်း မမှားပါဘူး။

ဒီလိုထိုင်းနိုင်ငံအတွက် ဝင်ငွေရှာပေးနေတဲ့ မြန်မာကျွဲနွားတွေ နယ်စပ်က တဆင့် ထိုင်းနိုင်ငံထဲကို ဝင်လာတဲ့အခါမှာ နယ်စပ်မှာတင် ချက်ချင်း၊ ထိုင်းမွေးမြူရေး ဦးစီးဌာနက၊ ခွာနာလျှာနာ ရောဂါ အပါ အဝင် တခြား ကူးစက်ရောဂါ ကာကွယ် ဆေးတွေကို ထိုးပေးပြီး၊ ၁၅ ရက်ကြာမှ ကျွဲနွား စျေးကို တင်ရောင်းခွင့် ပေးပါတယ်။

ထိုင်းမွေးမြူရေး ဉီးစီးဌာနက ဒီလိုစနစ်တကျ ဆောင်ရွက်တဲ့ အတွက်လည်း၊ မဲဆောက် နွားစျေးကွက်ဟာ ဗီယက်နမ်၊ ကမ်ပူးခြားနဲ့ မလေးရှားနိုင်ငံတွေက၊ ကျွဲနွားစျေးကွက်တွေ အထိ နာမည်ရပြီး စျေးကွက် ရှင်သန်နေတာ ဖြစ်တယ်လို့ မဲဆောက်မွေးမြူရေး ဦးစီးဌာန အရာရှိတွေက ပြောပါတယ်။

ထိုင်းမွေးမြူရေးဉီးစီးဌာနရဲ့ အဆိုအရ တနှစ်ကို မြန်မာနိုင်ငံက ကျွဲနွားအကောင်းရေ ၅ သိန်းကျော် ထိုင်းနိုင်ငံက စျေးကွက်ထဲကို ဝင်တယ်လို့ သိရပါတယ်။