ဂျီဆဲဗင်း ဘဏ္ဍာရေးအကြီးအကဲတွေ ဆွေးနွေးဖို့ရှိ

  • 5 ဇွန် 2012
g7 ဓာတ်ပုံ မူပိုင် AFP
Image caption စတော့စျေးကွက် မတည်ငြိမ်မှုတွေ ဖြစ်

ကမ္ဘာ့စက်မှုအင်အားကြီး G7 နိုင်ငံတွေက ဘဏ္ဍာရေးဆိုင်ရာ အကြီးအကဲတွေဟာ ယူရိုဇုန်အတွင်းက ဘဏ္ဍာရေးအကြပ်အတည်း ပြဿနာကို အင်္ဂါနေ့ နှောင်းပိုင်းမှာ အရေးပေါ် ဆွေးနွေးကြဖို့ ရှိပါတယ်။

မေလအတွင်းမှာ ဂျာမနီအပါအဝင် ယူရိုဇုန်အတွင်းက နိုင်ငံတွေရဲ့ ပုဂ္ဂလိက ပိုင်းလုပ်ငန်းတွေ အားနည်းလာတာကြောင့် နောက်ထပ် စိုးရိမ်မှုတွေလည်း ဖြစ်ပေါ်နေပါတယ်။

စပိန် စီးပွားရေးနဲ့ပတ်သက်ပြီးလည်း ဘုံငွေချေးစာချုပ်တွေ ထုတ်ပေးသင့် မသင့် ကိစ္စအပေါ်မှာလည်း ယူရိုဇုန် ခေါင်းဆောင် တွေကြား သဘောထား ကွဲနေကြပါတယ်။

ယူရိုဇုန်အတွင်းမှာ မပါတဲ့ G7 အဖွဲ့ဝင်နိုင်ငံတွေကလည်း ဥရောပပြဿနာဟာ သူတို့ဆီကို ကူးစက်ပြီး ကမ္ဘာ့စီးပွားရေးအပေါ် ပိုထိခိုက်လာမှာကို စိုးရိမ်နေ ကြပါတယ်။

ပြီးခဲ့တဲ့သတင်းပတ်တွေအတွင်း စပိန်က ဘဏ်အကြပ်အတည်းနဲ့ ဂရိကို ယူရိုဇုန်ထဲက ထုတ်ပယ်ပြစ်ရတော့မလားဆိုတဲ့ အခြေအနေတွေကြောင့် ငွေကြေးစျေးကွက် တွေမှာလည်း မတည်မငြိမ် ဖြစ်ခဲ့ပါတယ်။