ထိုင်းကနေ မြန်မာဘက် သစ်သီးတင်ပို့မှု ၂ ဆတိုး

  • 5 ဇွန် 2012

ထိုင်းဖက်ကနေ မြန်မာနိုင်ငံကို အသီးအနှံ မျိုးစုံတင်ပို့မှု နှစ်ဆအထိ တက်သွားရတာဟာ ဝါဝင်ချိန်ဖြစ် တာကြောင့် ပြည်တွင်း စျေးကွက်မှာ ၀ယ်လိုအား ကောင်းနေတဲ့ အတွက်ဖြစ်တယ်လို့ အသီးအနှံ ကုန်သည်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကနေ၊ အခုအထိ၊ အသီးအနှံတွေ တနေ့ကို၊ ဆယ်ဘီကားနဲ့အစီး နှစ်ဆယ်လောက် မြန်မာဖက်ကိုသွားနေတယ်လို့ မဲဆောက်အကောက်ခွန်ဌာနစာရင်းအရ သိရပါတယ်။

သစ်သီးသစ်နှံတွေဒီလောက်အများနဲ့မြန်မာနိုင်ငံထဲကိုသွားနေတာဟာ မွန်ပြည်နယ်၊ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းစျေးကွက်တွေအထိ တင်ပို့နေရတာကြောင့်ဖြစ်တယ်လို့ သစ်သီးသစ်နှံကုန်သည် တယောက်က ပြောပါတယ်။

''ပန်းသီး၊နဂါးမောက်သီး၊လိမ္မော်သီးလည်းသွားတယ်။ဒူးရင်းသီးလည်းသွားတယ်။အများဆုံးက တော့ကြက်မောက်သီးအများဆုံးပဲ။ဒီကနေ၊မော်လမြိုင်ကိုပို့တယ်။ မော်လမြိုင်ကနေပြန်၊ ရန်ကုန်၊ မန္တလေးအထိခွဲထွက်သွားတယ်။''

မြန်မာဖက်ကိုသွားတဲ့တခြားထိုင်းရာသီပေါ်သစ်သီးသစ်နှံတွေက၊နာနတ်သီး၊ပိန္နဲသီး၊ရင်ငမ်းသီး၊ ကျွဲကောသီး၊ နှင်းသီး၊လမ်ယိုင်သီး၊ လောင်ကောင်၊ကနစိုးသီး၊မလကာသီးနဲ့ ဇီးသီးစတာတွေဖြစ်ပါတယ်။

ဘန်ကောက်က၊တလာသ်ထိုင်းလို့ ခေါ်တဲ့စျေးကွက်ကနေ၊ ထိုင်းနိုင်ငံကရာသီအလိုက်ထွက်တဲ့ သစ်သီးသစ်နှံတွေမြန်မာနိုင်ငံထဲကို တလကိုဘတ်ငွေသန်းရာနဲ့ချီသွားနေတယ်လို့ကုန်သည်တွေကဆိုပါတယ်။ ဒါကြောင့်ထိုင်းနိုင်ငံကနေမြန်မာနိုင်ငံကိုသစ်သီးသစ်နှံတင်ပို့တဲ့ကုန်သွယ်မှုလုပ်ငန်းဟာ လည်း၊ထိုင်းနိုင်ငံရဲ့အဓိကကျတဲ့ပြည်ပပို့ကုန်လုပ်ငန်းတခုလို့ ပြောလို့ရပါတယ်။

ဒီလိုသစ်သီးသစ်နှံကုန်သွယ်ရေးတိုးတက်ဖြစ်ထွန်းနေရတာကလည်း၊ဘန်ကောက်ကသစ်သီးသစ်နှံတွေကိုမဲဆောက်၊မြဝတီနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကနေ၊ရန်ကုန်ကိုနှစ်ညအိပ်နဲ့အရောက်တင်ပို့နိုင်တာကြောင့်လည်းဖြစ်ပါတယ်။

ကုန်သွယ်ရေးပြီးတော့၊ ရွှေစျေးနဲ့ငွေစျေးဖက်ကိုကြည့်ရင်၊ ဇွန်လ ၄ ရက် ညနေပိုင်းမှာ ထိုင်းအထည်ရွှေတ ဘတ်သားဟာ၊ ထိုင်းဘတ် ၂၄၁၅၀ နှုန်းဖြစ်ပြီးတော့၊ မြန်မာငွေစျေးက၊ ကျပ်တရာကိုထိုင်းဘတ် ၃ ဘတ်ပြား၈၀ နှုန်းနဲ့စျေးပိတ်သွားပါတယ်။