တရုတ်နိုင်ငံ စီးပွားရေး အားနည်းလာ

  • 9 ဇွန် 2012
ဓာတ်ပုံ မူပိုင် AP
Image caption ဥရောပက ဝယ်လိုအား ကျဆင်းတာလည်း ပါတယ် လို့ ဘီဘီစီ သတင်းထောက်ကပြောပါတယ်

တရုတ်နိုင်ငံမှာ အခု အသစ် ထုတ်ပြန်လိုက်တဲ့ စီးပွားရေး ကိန်းဂဏန်းတွေဟာ တရုတ် စီးပွားရေး အားနည်းလာနေတယ် ဆိုတဲ့ နောက်ထပ် လက္ခဏာသစ်တွေကို ပြသနေပါတယ်။

တရုတ်ကုန်ထုတ်လုပ်မှု စျေးနှုန်းတွေဟာ ပြီးခဲ့တဲ့နှစ်က စျေးနှုန်းထက် တစ်ရာခိုင်နှုန်းကျော် ကျဆင်းသွား တာကို တွေ့ရပါတယ်။

လူတွေရဲ့ အသုံးစရိတ်တွေဟာလည်း ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။

အခုလို တရုတ် စီးပွားရေး နှေးကွေးလာရတာဟာ တရုတ်ရဲ့ အဓိကပြည်ပပို့ကုန် အကြီးဆုံး စျေးကွက်ဖြစ်တဲ့ ဥရောပရဲ့ ဝယ်လိုအား ကျဆင်းတာလည်း ပါတယ်လို့ ဘေဂျင်းမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဥရောပမှာ ကလည်း အိမ်ယာစျေးကွက်မှာ စျေးနှုန်းတွေ ကျဆင်း နေတာ ဖြစ်ပါတယ်။

အခုလို တရုတ်စီးပွားရေး နှေးကွေး လာနေတာကို ကိုင်တွယ်ဖို့လို့ ယူဆရတဲ့ ငွေချေးနှုန်း လျှော့ချမှုတွေကို တရုတ် ဗဟိုဘဏ်က ဇွန်လ ၈ ရက် သောကြာနေ့မှာ စတင်ခဲ့ပါတယ်။

ဒါဟာ တရုတ်ဗဟိုဘဏ် အနေနဲ့ ငွေချေးနှုန်းတွေကို လေးနှစ်အတွင်း ပထမဆုံးအကြိမ် လျော့ချလိုက်တာဖြစ်ပြီး၊ သုည ဒသမ နှစ်ငါး ရာခိုင်နှုန်း လျှော့ချလိုက်တာ ဖြစ်ပါတယ်။

စတော့ စျေးကွက်တွေမှာလဲ ဒီသတင်းကို အကောင်းဖက်က တုံ့ပြန်ကျလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက မှန်းဆနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ