BBC navigation

တရုတ်မြန်မာနယ်စပ် စီးပွားရေး

နောက်ဆုံး ရေးသားချိန် 13 ဇွန်လ 2012 - 19:36 GMT

(တရုတ်မြန်မာနယ်စပ် ရွှေလီကျယ်ကောင်ဘက်မှ ဦးမျိုးသစ် သတင်းပေးပို့သည်။)

China Burma Border Biz

တရုတ်-မြန်မာနယ်စပ် မန်ဝင်းဂိတ်ပေါက်ဝကြီးမှာ တရုတ်ကျယ်ကောင်ဖက်ခြမ်းကနေ မြင်ရတဲ့ မြန်မာဘက်ခြမ်း

ပုံကို ချဲ့ရန်

မူဆယ်(၁ဝ၅)မိုင်လမ်းကြောင်းကြီးကနေ ဝင်လာနေတဲ့ မြန်မာ့ပို့ကုန် လယ်ယာထွက်ကုန် တွေထဲမှာ အခုတလော သိသိသာသာစျေး
တက်လာတာကတော့ ‘ပြောင်း’တမျိုးပဲ ရှိပါတယ်။

ပြောင်းကတော့ ပြောင်းဟောင်းတောင် တအိတ်ကို ၁၂၅ ယွမ်စျေးရှိပြီး၊ ပြောင်းသစ်တွေဆိုရင် ၁၂၇ယွမ်-၁၂၈ယွမ်အထိတောင် စျေးရတဲ့အတွက် အင်မတန် စျေးကောင်း နေပါတယ်။

ဒီလောက် စျေးကောင်းနေပေမဲ့ ပြောင်းက နေ့စဉ်ဖျမ်းမျှ ကားစီးရေ (၁ဝ) စီးကျော်ကျော် (၂ဝ)အောက်ပဲ ဝင်နိုင်တော့တာ တွေ့ရပါတယ်။

စျေးကောင်းချိန်မှာ စိုက်ပျိုးသူ-တောင်သူတွေ ရဲ့ လက်ထဲမှာ ပြောင်းကမရှိတော့ပဲ လှောင်နိုင်တဲ့ ကုန်သည်ကြီးတွေ-လှောင်လက်ကြီးတွေတချို့ဆီမှာပဲ ရှိနေ တော့တယ်လို့ သိရပါတယ်။

China Burma Border Biz

မြန်မာနိုင်ငံဖက်အတွက် တရုတ်ဆိုင်ကယ်တွေ အပြည့်တင်ထားတဲ့ မြန်မာကုန်ကားကြီး

ပုံကို ချဲ့ရန်

ဆန်ကတော့ ခုတလော နေ့စဉ် ကားစီးရေ (၅ဝ)ဝန်းကျင် လောက်လာနေသေးပြီး မြေပဲဆံက ကားစီးရေ (၂ဝ) ဝန်းကျင်လာနေသလို ပဲတီစိမ်း အပါအဝင် ပဲမျိုးစုံနဲ့ နှမ်းတွေလဲ အသင့်အတင့် စီတော့လာပါတယ်။

စျေးကတော့ ငစိန်တအိတ် (၁၃၈-၁၃၉ယွမ်)၊ စူပါက တအိတ်(၁၄၆-၁၄၇)ယွမ်နဲ့ စျေးငြိမ်နေသလို၊ ပဲတီစိမ်းကလဲ ရွှေဝါ (ဇကာချ)မှ တကီလို ( ၆ ဒဿမ ၃ယွမ်မှ ၆ ဒဿမ ၅ယွမ်ကြားပဲ)စျေးရှိပါတယ်။

ရာသီကုန်ဖြစ်တဲ့ မြန်မာ့သရက်သီးတွေကတော့ သရက်ချောရော သရက်ကြမ်းပါ နေ့စဉ်ပျမ်းမျှ ဂျပ်သေတ္တာ ဖာပေါင်း ၃ဝဝဝဝ ဝန်းကျင် ဝင်နေဆဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဖက်သွားနေတဲ့ သွင်းကုန်(တရုတ်ကုန်)တွေဖက် ကြည့်မယ်ဆိုရင်တော့ အခုတလော အများဆုံးသွားနေတာဟာ- ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ သံချောင်းသံပိုက်လုံး-စတဲ့ ဆောက်လုပ်ရေးသုံးပစ္စည်းတွေနဲ့ စက်ပစ္စည်းမျိုးစုံတွေ ဖြစ်ပါတယ်။

China Burma Border Biz

ကျယ်ကောင်ကားကြီးဝင်းထဲက မြန်မာနိုင်ငံဖက် ပြန်ကုန်အဖြစ် ရောင်စုံပလတ်စတစ်လိပ်တွေနဲ့ ကုန်မျိုးစုံတွေ တင်ထားတဲ့ မြန်မာကုန်ကားကြီးတစီး

ပုံကို ချဲ့ရန်

ဓါတ်မြေသြဇာမျိုးစုံ ပုံမှန်မပျက်သွား နေသလို၊ ရောင်းစုံပလတ်စတစ်လိပ်မျိုးစုံ၊ ခြင်ဆေးခွေ-ခြင်ဆေးဖြန်းဘူးမျိုးစုံတွေအပြင်၊ လျှပ်စစ်ပစ္စည်း အမျိုးမျိုးနဲ့ လူသုံး အိမ်သုံးပစ္စည်း အမျိုးမျိုးတွေလဲ သွားနေပါတယ်။

အခုတလော-နယ်စပ်မှာ မြန်မာကျပ်ငွေတန်ဖိုး ကျလိုက်လာပြီး၊ တရုတ်ယွမ်ငွေတန်ဖိုး အနည်းငယ်မြင့်တက်လာတာ တွေ့ရပါတယ်။

ဒေါ်လာတန်ဖိုး မြင့်တက်လာပြီး၊ မြန်မာငွေကျပ် တစ်သောင်းတန်တွေ ထွက်ပေါ်လာတော့မယ့် အခြေအနေကြောင့်လို့ ကုန်သည်တချို့ကတော့ ယူဆကြပါတယ်။

တရုတ်-မြန်မာနယ်စပ်မှာ ဇွန်လ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့က နယ်စပ်ငွေလဲနှုန်းကတော့ (၇၅၈)ပါ။ မြန်မာငွေကျပ် (၁ဝဝဝ)ဟာ တရုတ်ငွေ(၇)
ယွမ်နဲ့ (၅၈)ပြား ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။