BBC navigation

ဆန်၊ ပြောင်း၊ ပဲတီစိမ်းတွေ အရောင်းအဝယ်ဖြစ်

နောက်ဆုံး ရေးသားချိန် 27 ဇွန်လ 2012 - 15:27 GMT

မူဆယ်(၁ဝ၅) မိုင်နယ်စပ် ကုန်သွယ်ရေးဇုံ လမ်းကြောင်းကြီးကနေ ဝင်လာနေတဲ့ မြန်မာ့ပို့ကုန်တွေထဲမှာ လယ်ယာ ထွက်ကုန်ဖြစ်တဲ့ ဆန်နဲ့ ပြောင်းကတော့ အများဆုံးဝင်တဲ့ ကုန်စည်ဖြစ်နေပြီး ဆီထွက်သီးနှံဖြစ်တဲ့ မြေပဲနဲ့ နှမ်းတွေလဲ တော်တော်လေးဝင်သလို ပဲတီစိမ်းတွေလဲ ခုတလော တော်တော် လေးကို ဝင်ပါတယ်။

တရုတ်ဘက်ကနေ မြန်မာဘက်ကို သုံးဘီးကားတွေ ပို့

China Burma Border Biz

သုံးဘီးကားတွေကို ကားစင်းလုံးပြည့် တင်ဆောင်ထားတဲ့ ကုန်ကားကြီးများ

ပုံကို ချဲ့ရန်

တနင်္လာနေ့ဆိုရင် ဆန်က ကားစီးရေ (၁ဝ၂)စီး၊ ပြောင်းက (၆၅)စီး တောင် အများဆုံး ပြန်ဝင် လာတာတွေ့ရပြီး ပဲတီစိမ်းက ကားစီးရေ (၃၁)စီး၊ မြေပဲ (၁၃)စီးနဲ့ နှမ်းဖြူ (၁၃)စီး တောင် ဝင်ပါတယ်။

ဆန်တွေက အဝင်များပေမဲ့ တရုတ် ဝယ်လက်ဖက်က ဆွဲအားနည်းနေတဲ့အပြင် စျေးကလဲ နိမ့်နေတဲ့အတွက် မူဆယ် ဂိုဒေါင်တွေထဲ ချထားရတာတွေ များနေကြောင်းသိရပါတယ်။ စျေးက ငစိန်တအိတ် (၁၃၈)နှုန်းနဲ့ တန့် နေပါတယ်။ ပြောင်းကတော့ စျေးလဲ ကောင်းတာကြောင့် ရှိစုမဲ့စု လှိမ့်ဝင်နေတဲ့ သဘော ရှိပါတယ်။

ပြောင်းဟောင်းတောင် တအိတ်(၁၂၇)ယွမ်ဖြစ်နေပြီး ပြောင်းသစ်က (၁၃၂)ယွမ်တောင် ဖြစ်နေတာကြောင့် ပြောင်းစျေးက ငစိန်ဆန် စျေးနဲ့တောင် မတိမ်းမယိမ်း ဖြစ်နေပါတယ်။ ရာသီကုန် သရက်တွေကတော့ အခုတလော တော်တော် နည်းစပြုပါပြီ။ မနေ့ ကဆိုရင် သရက်ဖာ(၁ဝဝဝဝ) ဝန်းကျင်ပဲ လာပါတော့တယ်။

မြန်မာဘက်က သရက်၊ တရုတ်ဘက်က ပန်းသီး

China Burma Border Biz

မြန်မာဘက်က ရာသီကုန် သရက်တွေ ပို့သလို တရုတ်ဘက်ကလည်း ပန်းသီးတွေ ပြန်ပို့

ပုံကို ချဲ့ရန်

စိန်တလုံးသရက်တွေဆိုရင် အညာတဝိုက်က စိန်တလုံးတွေ ရာသီ ကုန်သွားပြီ ဖြစ်တာကြောင့် တောင်ကြီးဖက်က စိန်တလုံးတွေ ပဲ လာပါတော့တယ်။ ရွှေဟင်္သာတွေလဲ မန္တလေး၊ ကျောက်ဆည် နယ်ကဟာတွေ မဟုတ်တော့ပဲ မုံရွာ ဒီပဲယင်းနဲ့ ညောင်ပင်ဝန်းက ထွက်တာ တွေပဲ လာပါတော့တယ်။ အခုတလော ထူးထူးခြားခြား လာနေတာကတော့ မြန်မာ့သကြားတွေပါ ။

အရင်က တရုတ်သကြားကို မြန်မာက ဆွဲနေရပြီး၊ အခုတော့ မြန်မာသကြားတွေ တရုတ်ဖက်ဝင်လာတာ လနဲ့ ချီ ရှိနေပါပြီ၊ အင်္ဂါနေ့ကလဲ သကြားတွေ ကားတစီး တိုက်ဝင်ပါတယ်။ ဂဏန်းငါးရှဉ့်နဲ့ ရေခဲရိုက်ငါးတွေ ပုံမှန်မပျက်ဝင်သလို အမဲသား၊ အမဲအကြော နဲ့ ဆီးသီး ခြောက်တွေလဲ ဝင်ပါတယ်။

မြန်မာနိုင်ငံဖက် သွားနေတဲ့ သွင်းကုန်(တရုတ်ကုန်)တွေဖက် ကြည့်မယ် ဆိုရင်တော့ အခုတလော အသွားအများဆုံးဟာ ယာဉ်နဲ့စက်ပစ္စည်း မျိုးစုံတွေလို့ ပြောနိုင်ပါတယ်။

မြန်မာဘက်က ဝယ်တဲ့ သုံးဘီးဆိုင်ကယ်များ

China Burma Border Biz

တရုတ်ဘက်က ရောင်းတဲ့ စက်မှုပစ္စည်းတွေထဲမှာ သုံးဘီးဆိုင်ကယ်တွေလည်း ပါဝင်

ပုံကို ချဲ့ရန်

သုံးဘီးကားတွေ ကားစီးလုံးတိုက် သွားနေသလို၊ သုံးဘီးဆိုင်ကယ်၊ ရိုးရိုးဆိုင်ကယ်နဲ့ လယ်ထွန်စက်တွေလဲပဲ သွားနေပြီး အဝတ်အထည် အမျိုးမျိုး လျှပ်စစ်ပစ္စည်း အမျိုးမျိုး တရုတ်ဓါတ်မြေသြဇာ အမျိုးမျိုး တွေအပြင် ပန်းသီး တွေလဲ သွားနေပါတယ်။

တရုတ်-မြန်မာနယ်စပ်မှာ အခုတလော မြန်မာ ကျပ်ငွေတန်ဖိုး ကျလိုက်လာ ပါတယ်။ ကနေ့နယ်စပ် ငွေလဲနှုန်းကတော့ (၇၃၂)ပါ။ မြန်မာငွေ ကျပ်(၁ဝဝဝ)ဟာ တရုတ်ငွေ (၇)ယွမ်နဲ့ (၃၂)ပြား ဖြစ်ပါတယ်။


တရုတ်မြန်မာနယ်စပ်က ဦးမျိုးသစ် ပေးပို့တဲ့ ဗုဒ္ဓဟူးနေ့ မနက်တိုင်း တင်ဆက်နေကျ စီးပွားရေး သတင်း ဖြစ်ပါသည်။



ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။