BBC navigation

တရုတ် ဆိုင်ကယ်တွေ မြန်မာနိုင်ငံထဲ လှိမ့်ဝင်နေ

နောက်ဆုံး ရေးသားချိန် 3 ဇူလိုင်လ 2012 - 11:36 GMT

မြန်မာနိုင်ငံ အတွင်း တောရော မြို့ပါ နေရာ အနှံ့ မော်တော် ဆိုင်ကယ်တွေကို တွင်တွင် ကျယ်ကျယ် အသုံးပြု လာကြတဲ့ အတွက် မြန်မာနိုင်ငံထဲ သိန်းနဲ့ ချီပြီး ရောက်ရှိနေတဲ့ ဆိုင်ကယ် တွေဟာ အကြမ်းဖျင်း အားဖြင့် ရာခိုင်နှုန်း (၈၀)နီးပါး လောက်ဟာ တရုတ်လုပ် မော်တော် ဆိုင်ကယ်တွေ ဖြစ်ပါတယ်။

အကြောင်းကတော့ ဂျပန်၊ ထိုင်း၊ အိန္ဒိယ-စတဲ့ နိုင်ငံတွေလုပ် မော်တော် ဆိုင်ကယ်တွေထက် တရုတ်လုပ် ဆိုင်ကယ်တွေက သိသိသာသာ ဈေးနှုန်းသက်သာတာ ကြောင့် ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းကို - အဲဒီလို တရုတ်လုပ် ဆိုင်ကယ်တွေ အရှိန်အဟုန် ပြင်းပြင်းနဲ့ လှိမ့်ဝင်နိုင်ရေး အတွက် အရေးအပါဆုံးသော ဆိုင်ကယ် ဈေးကွက်ကြီးကတော့ ကျယ်ကောင်’ပါပဲ။

မြန်မာနိုင်ငံ မူဆယ်မြို့နဲ့ မျက်နှာချင်းဆိုင် တရုတ်နိုင်ငံ ဖက်ခြမ်းမှာ ကပ်လျက် တည်ရှိတဲ့ ဒီကျယ်ကောင် ကနေ မြန်မာနိုင်ငံ ဖက်ကို တရုတ် ဆိုင်ကယ်တွေ တရားဝင်ရော၊ တရားမဝင်ရော ဝင်ရောက် နေတာ ဖြစ်ပါတယ်။

တရားဝင် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းကနေ တရုတ်ဆိုင်ကယ်တွေ အပြည့်တင်ထားတဲ့ မြန်မာ ကုန်ကားကြီး တွေဟာ ကျယ်ကောင်ကနေ-မူဆယ်(၁၀၅) မိုင် လမ်းကြောင်းကြီး အတိုင်း နေ့စဉ် လိုလို မြန်မာနိုင်ငံ အတွင်းကို သွားနေပါတယ်။

တရားမဝင် ဝင်ရောက်နေတဲ့ပုံစံကတော့ မြန်မာနိုင်ငံသား အနယ်နယ် အရပ်ရပ်က ဆိုင်ကယ် ကယ်ရီ စီးသမားတွေဟာ ကျယ်ကောင် ဆိုင်ကယ် ဈေးကွက်ကြီး အတွင်းကနေ ဆိုင်ကယ်တွေကို စိတ်ကြိုက် ဝယ်ယူကြပြီ၊ အုပ်စုလိုက် အုပ်စုလိုက် ကိုယ့်အစုနဲ့ကိုယ် ဆိုင်ကယ်တွေကို လမ်းကြောင်း မျိုးစုံကနေ စီးနင်း သယ်ဆောင် သွားနေကြခြင်း ဖြစ်ပါတယ်။

တရားဝင် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်း ကနေ နေ့စဉ် ပျမ်းမျှ အစီး ၅၀၀ လောက် ဝင်နေ

အဲဒီလို တရားမဝင် ကယ်ရီလမ်းကနေ သွားနေရတဲ့ ဆိုင်ကယ် စီးရေဟာ နေ့စဉ် ပျမ်းမျှအစီး (၅၀ဝ)ဝန်းကျင် ရှိနေပြီး၊ တရားဝင် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်း ကနေ သွားနေရတဲ့ အရေ အတွက် ဟာလည်း အလားတူ နေ့စဉ်ပျမ်းမျှ စီးရေ (၅၀ဝ) လောက် ရှိနေတဲ့ အတွက် ဗမာပြည် အတွင်းကို နေ့စဉ် တရုတ် ဆိုင်ကယ် မျိုးစုံ စီးရေ (၁၀ဝ၀)နှုန်းလောက် ဝင်နေတယ်လို့ သိရပါတယ်။

အဲဒါကြောင့် ကျယ်ကောင်မှာ ဆိုင်ကယ် ဈေးကွက်ကြီးဟာ တော်တော်ကို ကျယ်ပြန့် နေသလို-ဆိုင်ကယ် ရောင်းတဲ့ဆိုင် တွေနဲ့ ဆိုင်ကယ် တန်းတွေ အပါအဝင်၊ ဆိုင်ကယ် ကုမ္မဏီခွဲတွေ ဟာလဲ နေရာ ပေါင်းစုံ ပြည့်နှက်နေပါတယ်။ တရုတ်လုပ် ဆိုင်ကယ်တွေ ကတော့-ကျယ်ကောင်ထဲမှာ နာမည် အမျိုးမျိုးနဲ့ ရာဂဏန်း လောက်တောင် ရှိနေပါတယ်။

ဒီလို ဆိုင်ကယ်ဈေးကွက် အပေါ် အကြောင်းပြုပြီး ကျယ်ကောင်မှာ မြန်မာနိုင်ငံသား တချို့ အတွက် ပေါ်ပေါက်လာတဲ့ လုပ်ငန်း(၂)မျိုး ကတော့၊ ကုမ္မဏီ မူရင်းတွေ ကနေ - ဂျပ်သေတ္တာ ဖာကြီးတွေနဲ့ လာတဲ့ ဆိုင်ကယ် တစီးစာ အစိတ်အပိုင်းတွေကို၊ ဆိုင်ကယ် တစီး စီဖြစ်အောင် ပြန်လည် တပ်ဆင်ပေးရတဲ့ ဆိုင်ကယ် တပ်ဆင်ပေး လုပ်ငန်းနဲ့၊ ဆိုင်ကယ်တွေကို တစစီ ပြန်ဖြုတ်ကာ- လမ်းမှာ သယ်သွားလို့ ကောင်းအောင် ခိုင်ခိုင်မာမာ ကျစ်ကျစ်လစ်လစ်နဲ့၊ တစီး- တထုပ်နှုန်း အဖြစ် ပြန်လည် ထုပ်ပေးရတဲ့ ‘ပါကင်ထုပ်’ လုပ်ငန်းဆိုပြီး (၂)မျိုး ပေါ်ပေါက် လာပါတယ်။

မြန်မာနိုင်ငံ အတွင်းကိုပဲ အဓိက ဦးတည်ပြီး ဖွင့်လှစ် ပေါ်ပေါက် ရောင်းဝယ် နေကြတဲ့ ကျယ်ကောင် ဆိုင်ကယ် ဈေးကွက်ကြီး ကတော့- အခုလို ဝစ်သောက် ဆိုင်ကယ်တွေကို အခွန်ဆောင် ခိုင်းပြီး တရားဝင် လိုင်စင် ထုတ်ပေးနေတဲ့ အချိန်မျိုးတွေ မှာတော့- တော်တော်လေးကို စည်စည် ကားကားဖြစ်နေတာကို တွေ့မြင် နေရပါတယ်။


တရုတ်မြန်မာ နယ်စပ်က ဘီဘီစီ သတင်းထောက် ဦးမျိုးသစ်ကနေ သတင်းပေး ပို့ထားတာ ဖြစ်ပါတယ်။


ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။