ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ထိုင်းမှိုင်းနေ

  • 3 ဇူလိုင် 2012
Thai Burma Border
Image caption မဲဆောက် မြဝတီ နယ်စပ်ဂိတ်

ထိုင်းနိုင်ငံကလူသုံးကုန်၊အသင့်စား၊ စားသောက်ကုန်နဲ့အဝတ်အထည်စတဲ့ ကုန်ပစ္စည်းတွေ မြန်မာ နိုင်ငံကို အရှိန်အဟုန်နဲ့ သွားနေရာက အခုရက်ပိုင်းမှာ သိသိသာသာကျသွားပါတယ်။

ဒါဟာရက်ဆက်ပြီး၊ မိုးသည်းထန်နေတာကြောင့်ရယ် ၊မြန်မာနိုင်ငံထဲမှာလည်း ဝယ်လိုအား ကျနေတာ ကြောင့် ဖြစ်တယ်လို့ တာခ်ခရိုင်ကုန်သည်ကြီးများအသင်းဥက္ကဌဟောင်း၊ ကုန်သည်ကြီး နိုင်ဆူချတ် တရီရတ်ဝတ္ထနာက ပြောပါတယ်။

''နယ်စပ်စျေးကုန်သွယ်ရေး အတော်ကျသွားတယ်။ နယ်စပ်ဒေသမှာဆိုရင် ကုန်ပစ္စည်းတိုင်း ၂၀ ရာခိုင်နှုန်း အရောင်းကျသွားတယ်။ ကျွန်တော့်ရဲ့ မြန်မာနိုင်ငံက ကုန်သွယ်ဖက်တွေက၊ ဟိုမှာလည်း ရောင်းအား အတော် ကျတယ်လို့ပြောတယ်။ အခုမြန်မာ ကုမ္ပဏီတွေက ဘန်ကောက်ကို တိုက်ရိုက်မှာထားတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေပဲ မြန်မာဖက်ကို အများဆုံးသွားနေတယ်'' လို့ သူက ပြောပါတယ်။

လောလောဆယ်နယ်စပ်စျေးကွက်ကနေ မြန်မာဘက်ကို သွားနေတာတွေက၊ မိုးတွင်းသုံးပစ္စည်း ရာဘာဖိနပ်၊ မိုးကားအင်္ကျီ၊ ပလပ်စတစ်လိတ်၊ အိမ်သုံးဆေးဝါးနဲ့ တခြားလူသုံးကုန် အနည်း အကျင်းလောက်ပဲ ဖြစ် ပါတယ်။

စားသောက်ကုန်တွေမှာက၊ စားအုန်းဆီ၊အချိုမှုန့်၊ ကြက်ဥ၊ဘဲဥ၊မွေးမြူရေးကြက်၊ ငါး၊ ပုဇွန်တွေနဲ့ ဟင်းသီး၊ ဟင်းရွက်မျိုးစုံကိုတွေ့ရပါတယ်။

မြန်မာဘက်က အဝယ်များတဲ့၊ဘီယာစတဲ့အဖျော်ယမကာမျိုးစုံ၊ အချိုရည်မျိုးစုံနဲ့မုန့်မျိုးစုံ၊လျှပ်စစ်ပစ္စည်းတွေဖြစ်တဲ့၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ထမင်းပေါင်းအိုး၊ ဒယ်အိုး၊ မီးပူး၊ရေနွေးဘူးတွေနဲ့ အထည်အလိတ်တွေက သိသိသာသာ အရောင်းကျ သွားတယ်လို့ မဲဆောက်က အဲဒီပစ္စည်းတွေ ရောင်းတဲ့ လက်ကားကုန်သည်တွေက ပြောပါတယ်။

ဒါပေမဲ့၊မြန်မာကုန်တွေဖြစ်တဲ့၊ဆန်၊ကြက်သွန်နီ၊ ပဲမျိုးစုံ၊ ငပိ၊ ငပိရည်ကျို၊ ငံပြာရည်၊ ပဲငပိ၊ လဘက်စို၊ ပဲကြော်မျိုးစုံ၊ ဖယောင်းတိုင်၊ အမွှေးတိုင်တွေနဲ့ တိုင်းရင်းဆေးဝါးတွေကတော့၊ ထိုင်းဘက်ကို ပုံမှန်အတိုင်းဝင်နေပြီးတော့၊ မြန်မာနိုင်ငံက၊ ယောက်ျား၊ မိန်းမချုပ်ပြီးသား အထည်တွေကတော့၊ ထိုင်းဖက်ကို အဝင် အတော် နည်းသွားတယ်လို့ မြန်မာကုန်သည်တွေက ဆိုပါတယ်။

ရွှေစျေးနဲ့ ငွေစျေးတွေကို ကြည့်ရင် ထိုင်းအထည် ရွှေစျေးရော မြန်မာငွေစျေးပါ နည်းနည်း ပြန်ကျ သွားတာ တွေ့ရပါတယ်။

ဇူလိုင်လ ၂ ရက်၊ တနင်္လာနေ့က ညနေပိုင်းမှာ ထိုင်းအထည် ရွှေတဘတ်သားဟာ ထိုင်းဘတ် ၂၃၉၀၀ နှုန်းဖြစ်ပြီးတော့ မြန် မာ ငွေစျေးက ကျပ်တရာကို၊ ထိုင်းဘတ် ၃ ဘတ် ၆၈ ပြားနှုန်းနဲ့ စျေးပိတ်သွားပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှ ဘီဘီစီသတင်းထောက် ကိုအောင်ကျော်ဦး အင်္ဂါနေ့မနက်တိုင်း ပေးပိုတဲ့ စီးပွားရေး သတင်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ