တရုတ်ဘက်ကို လယ်ယာထွက်ကုန်တွေ အများဆုံး တင်ပို့နေ

China Burma Border Trade
Image caption ဆန်ကြိတ်စက် (ဟာလာစက်)လေးတွေ မြန်မာနိုင်ငံဘက်ကို ပို့

မူဆယ်(၁ဝ၅)မိုင်နယ်စပ် ကုန်သွယ်ရေးဇုံ လမ်းကြောင်းပေါ်မှာ အခုတလော သွင်းကုန်(တရုတ်ကုန်စည်) တွေထက် ပို့ကုန် (မြန်မာ့ ကုန်စည်)တွေက ပိုပြီး များနေတဲ့ အတွက် တရုတ် နိုင်ငံဖက်ခြမ်း ကျယ်ကောင် ကားကြီးဂိတ် ဝင်းအတွင်းမှာ ပြန်ကုန် (တရုတ်ကုန်) ရဖို့ စောင့်ဆိုင်းနေရတဲ့ မြန်မာ ကုန်ကားကြီးတွေ တော်တော် များနေပါတယ်။

ပြန်ကုန်ရှားတဲ့အတွက် ဆင်းကုန်(တရုတ်ကုန်)တွေအပေါ်က ကုန်သည်ကားခနှုန်းဟာလဲ သိသိ သာသာကြီးကို လျော့နည်း ကျဆင်း နေပါတယ်။

မန္တလေးဖက်ကနေ-မြန်မာ့ပို့ကုန်တွေကို သယ်ဆောင်လာရာမှာ ပို့ကုန်(အတက်ကုန်)တွေရဲ့ သယ်ဆောင်ကားခနှုန်းဟာ လက်ရှိ တပိဿာ (၈ဝ-၈၅)ကျပ်စျေးရပေမဲ့၊ ကျယ်ကောင် ကနေ တရုတ် ကုန်စည်တွေကို သယ်ဆောင် သွားကြရတဲ့ သွင်းကုန်(အဆင်းကုန်)တွေရဲ့ သယ်ခ ကားခနှုန်းထားတွေကတော့ အခြေခံ ကုန်စည်ဖြစ်တဲ့ ဓါတ်မြေသြဇာ သယ်ခဆိုရင် တပိဿာ (၃၅) ကျပ်နှုန်းပဲ ရှိနေပြီး ကျန်တခြား တရုတ်ကုန်မျိုးစုံတွေအတွက် သယ်ခနှုန်းဟာလဲ တပိဿာ( ၄ဝ-၄၅) ကျပ်စျေးပဲ ရတာကြောင့် ပို့ကုန်နဲ့ သွင်းကုန် ကားခ နှုန်းထားဟာ ထက်ဝက် ခေါက်ချိုး အထိတောင် ကျဆင်း ကွာဟနေပါတယ်။

Image caption တရုတ်လုပ် ဆီကြိတ်စက်ငယ်လေးတွေနဲ့ ထော်လာဂျီဘီးက ဘီးအတွင်းခွေလေးများ

အခုတလော အရှိန်အဟုတ် မပျက်ဝင်လာနေတဲ့ မြန်မာ့ ပို့ကုန်တွေကတော့ အဓိကအားဖြင့် လယ်ယာထွက်ကုန်တွေပဲ အများဆုံးပါပဲ။ တနင်္လာနေ့က ဆန်က ကား(၇၁)စီး၊ ပြောင်းကလဲ (၇၁)စီး၊ ပဲတီစိမ်း (၂၇)စီး၊ နှမ်းဖြူ (၅)စီးဝင်သလို၊ မြေပဲနဲ့ ရာဘာတွေလဲ ဝင်တဲ့ အပြင်၊ ရေထွက်ကုန် ဂဏန်း ငါးရှဉ့်နဲ့ ရေခဲရိုက် ငါးတွေလဲပဲ ဝင်ပါတယ်။

ရာသီကုန် သရက်တွေကတော့ ရာသီကုန်တော့မှာ ဖြစ်တဲ့အတွက် သိသိသာသာ အဝင် လျော့လိုက်လာရာမှာ အင်္ဂါနေ့ကဆိုရင် သရက်ဖာ (၃ဝဝဝ)ဝန်းကျင်ပဲ လာပါတော့တယ်။ တောင်ကြီး စိန်တလုံးတွေက တဖာကို (၁၂၁)ယွမ်ရပြီး၊ ရင်ကွဲသရက်တွေကတော့ ယွမ်(၄ဝ)နဲ့ စျေးပြတ်သွားပါတယ်။

မြန်မာနိုင်ငံဘက် သွားနေတဲ့ သွင်းကုန်(တရုတ်ကုန်)တွေထဲမှာတော့ ဓါတ်မြေသြဇာတွေ ပုံမှန်မပျက်သွားနေပြီး၊ ဆန်ကြိတ်စက်(ဟာလာစက်) ငယ်လေးတွေ ကားစီးလုံးတိုက်နဲ့ ဆီကြိတ်စက်ငယ်လေးတွေ သွားနေတာ ထူးထူး ခြားခြား တွေ့ရသလို၊ ထော်လာဂျီသုံး ပစ္စည်း၊ ဆိုင်ကယ်နဲ့ ဆိုင်ကယ် အပိုပစ္စည်းတွေ အပြင် အဝတ်အထည်၊ ကြွေပြား၊ မှန်ချပ်နဲ့ လူသုံးအိမ်သုံး ပစ္စည်းတွေလဲ အသင့်အတင့်စီ သွားနေတာ တွေ့ရပါတယ်။

တရုတ်-မြန်မာနယ်စပ်မှာ နယ်စပ်ငွေလဲနှုန်းကတော့ ( ၇၃၅ ) ပါ။ မြန်မာငွေကျပ် (၁ဝဝဝ)ဟာ တရုတ်ငွေ (၇)ယွမ်နဲ့(၃၅)ပြားဖြစ်ပါတယ်။

တရုတ်မြန်မာနယ်စပ်က ဦးမျိုးသစ် ဗုဒ္ဓဟူးနေ့ မနက်တိုင်း ပေးပို့တဲ့ နယ်စပ်ကုန်သွယ်ရေးသတင်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ