ထိုင်းမြန်မာနယ်စပ် အရောင်းအဝယ်အေး

  • 11 ဇူလိုင် 2012
Image caption မဲဆောက် မြဝတီ နယ်စပ်ဂိတ်

မဲဆောက်၊မြဝတီ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းကနေ မြန်မာဖက်ကိုသွားတဲ့၊ စားသောက်ကုန်နဲ့ လူသုံးကုန်တွေ ရောင်းအားဟာ၊ ပြီးခဲ့တဲ့အပတ်ကနဲ့ နှိုင်းယှဉ်ရင်၊ အခုရက်ပိုင်းမှာ ပိုပြီး အရောင်း ကျသွားတယ်လို့ မဲဆောက်က ထိုင်းလက်ကား ကုန်သည်တွေက ပြောပါတယ်။

''မိုးတွင်းဖြစ်တော့ အခုဟာလေ ဗမာပြည်မှာ အလုပ်ကတော့ အကုန်ကြပ်နေတယ်။ လုံးဝ အရောင်းအဝယ်ရပ်သွားတာနဲ့ စာရင်တော့ ဒီဇယ်ကော စားဆီကောတော့ သွားတော့ သွားနေတယ်။ ခရက်ဒစ် အကြွေးလေး တွေပေးထားတော့ သူ့အကြွေးလေးပြန်လည်အောင်၊ နည်းနည်းပါးပါး လေးပေးပြီး ပြန်ယူ ဒါလေးတွေ လုပ်နေတယ်။'' လို့ မြန်မာကုန်သည် တဦးကလည်း ပြောပါတယ်။

အခုရက်ပိုင်းမှာ ထိုင်းဖက်က လောင်စာဆီတွေဖြစ်တဲ့ ဒီဇယ်ဆီ၊ ဓါတ်ဆီတွေအပြင် စားအုန်းဆီတွေပဲ မြန်မာနိုင်ငံကို သွားတာများပြီးတော့ ဒုတိယအများဆုံးကတော့ ရုပ်မြင်သံကြားစက်အပြား အမျိုးအစားတွေနဲ့ ဟွန်ဒါဆိုက္ကယ် အပိုပစ္စည်းတွေကို တွေ့ရပါတယ်။

တခြားပစ္စည်းက အချိုရည်၊မုန့်မျိုးစုံ၊ဆန်မှုန့်ထုတ်၊ ကြောင်စာတွေနဲ့မိုးတွင်းသုံး ပစ္စည်းတွေအနည်း အကျင်းစီလောက်ပဲ ဖြစ်ပါတယ်။ နေ့စဉ်သုံးစားသောက်ကုန်၊ မွေးမြူရေးကြက်ဥ၊ကြက်၊ မွေးမြူရေးငါးတွေနဲ့ဟင်းသီး၊ ဟင်းရွက်တွေလည်း မြန်မာဖက်ကို သွားနေပါတယ်။

ထိုင်းဖက်ကို ပြန်တင်ပို့လာတဲ့ မြန်မာ့ဆန်၊ ကြက်သွန်နီ၊ ငရုတ်သီးခြောက်၊ ပဲမျိုးစုံနဲ့ ကျွန်းသစ် ပရိဘောဂတွေလည်း၊ မဲဆောက်မှာ အရောင်း သိပ်မသွက်လှပါဘူး။ အမြဲတန်းရောင်းကောင်းနေတဲ့၊ ပုဇွန်ခြောက်နဲ့ ငါးခြောက်တွေတောင် ရောင်းအားကျသွားတယ်လို့ နယ်စပ်ကုန်သွယ်ရေး လုပ်ကိုင်နေတဲ့ မြန်မာ ကုန်သည်တွေက ပြောပါတယ်။

ရွှေစျေးနဲ့ငွေစျေး ဖက်ကိုကြည့်ရင်၊ တနင်္လာနေ့ ညနေပိုင်းမှာ ထိုင်းအထည်ရွှေ တဘတ်သားဟာ ထိုင်းဘတ် ၂၃၈၀၀ နှုန်းဖြစ်ပြီးတော့၊ မြန်မာ ငွေစျေးက ကျပ်တရာကို ၃ ဘတ် ၆၇ ပြားနှုန်းနဲ့စျေးပိတ်သွားပါတယ်။

ထိုင်း၊မြန်မာနယ်စပ် မဲဆောက်က ဘီဘီစီသတင်းထောက် ကိုအောင်ကျော်ဦး ပေးပို့ထားတဲ့ သတင်းဖြစ်ပါတယ်။