တရုတ်မြန်မာနယ်စပ် ကုန်သွယ်ရေး

  • 2 ဩဂုတ် 2012
China Burma Border Biz ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ကျယ်ကောင် မန်ဝိန်း နယ်စပ်ဂိတ် ကားဝင်း

မူဆယ် (၁ဝ၅)မိုင် နယ်စပ်ကုန်သွယ်ရေးဇုံ လမ်းကြောင်းကြီးကနေ ဝင်လာနေတဲ့ မြန်မာ့ ပို့ကုန်တွေထဲမှာ၊ ခုချိန်အထိ အရှိန်အဟုန် မပျက် ဝင်နေတဲ့ ကုန်စည်ကတော့ ဆန် ဖြစ်ပါတယ်။

တရုတ်နယ်စပ်က တရုတ်ဝယ်လက်တွေက မြန်မာ့ဆန်တွေကို အခုလိုဝယ်နေတာကလဲ ဆန်ကို ထမင်းချက်စားဖို့ အတွက် ဝယ်တာမဟုတ်ပဲ၊ အများ အားဖြင့် ဆန်ခေါက်ဆွဲ နဲ့ မုန့်လုပ်ရာတွေမှာ သုံးစွဲဖို့၊ အရက်ချက်ဖို့ နဲ့ တိရစ္ဆာန် အစာတွေ ထဲမှာ အသုံးပြုဖို့ အတွက် အဓိကထား ဝယ်တာမျိုး ဖြစ်တာကြောင့် စျေး အပေါဆုံး ဖြစ်တဲ့ (၇၄၇) ဆန်တွေပဲ အဝင် အများဆုံး ဖြစ်သလို ဆွဲအား အများဆုံး ဖြစ်နေပါတယ်။

၇၄၇ ပြီးရင် ဒုတိယလိုက်တာကတော့ ငစိန်ဆန်ကြမ်းတွေပါပဲ။ ခုတလော နေ့စဉ်ဖျမ်းမျှ ဆန်ကားစီးရေ (၁ဝဝ)အထက်လာနေပြီး တခါတရံ (၁၅ဝ)အထိတောင် လာပါတယ်။

စျေးကတော့ ၇၄၇ က တအိတ်(၁၃ဝ) ဝန်းကျင်၊ ငစိန်က (၁၃၈ ယွမ်မှ ၁၄ဝ) ကြားရပါတယ်။ ပြောင်းတွေလဲ လာမြဲ လာသလို၊ နှမ်းနဲ့ ပဲတွေလဲ အသင့်အတင့်စီ လာပါတယ်။ ပဲတွေက ပဲတီစိမ်းတွေအပြင် ဒီရက်ပိုင်းအတွင်းမှာ‘စွန်တာပြာ’ ပဲတွေလဲ တစီးစ နှစ်စီးစစီ ဝင်ပါတယ်။

ရေထွက်ကုန် ဂဏန်း၊ ငါးရှဉ့်နဲ့ ရေခဲရိုက်ငါးတွေ ပုံမှန်မပျက်လာသလို၊ တခြားကုန်တွေလဲ တော်တော်လေး အမယ်စုံစုံ လာနေရာမှာ၊ အင်္ဂါနေ့ကဆိုရင် သကြားညိုက (၁၅) တန်လောက်နဲ့ သီဟိုစေ့က (၁၁)တန်ကျော် လောက်ဝင်တာ ထူးထူးခြားခြားတွေ့ ရတဲ့အပြင်၊ ဆီးသီးခြောက်က တန်(၄ဝ)ဝန်းကျင်၊ ဝဥခြောက်၊ ကြောင်ပန်းစေ့၊ ကွမ်းစား၈မုံးနဲ့ ထန်းလျက်တွေလဲ ဝင်ပါတယ်။

နောက်ထပ် ထူးထူးခြားခြားလို ့ပြောရမှာကတော့ ဘီယာဘူးခွံတွေက တန်(၄ဝ)ကျော်လောက်နဲ့ စီဒီပြားဟောင်းတွေက လဲ တန်(၃ဝ)ကျော်တောင် ပို့ကုန်အဖြစ် ဝင်ပါတယ်။

မြန်မာနိုင်ငံဖက်သွားနေတဲ့ သွင်းကုန်(တရုတ်ကုန်)တွေထဲမှာတော့-တရုတ် ဓါတ်မြေသြဇာ မျိုးစုံ ပုံမှန် မပျက် သွားနေပြီး၊ ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ သုံးဘီး မော်တော်ကား တွေအပြင်၊ ကွန်တိန်နာတင် ကားနောက်တွဲကြီးတွေရော စက်ပစ္စည်း မျိုးစုံတွေပါ သွားနေပါတယ်။

ဧရာမ သံမဏိအုံးဆံကြိုးခွေလိပ်ကြီးတွေနဲ့ ဧရာမ မှန်ချပ်ကြီးတွေ ကားစီးလုံးတိုက် သွားနေသလို၊ လျှပ်စစ် ပစ္စည်းမျိုးစုံ၊ လူသုံးအိမ်သုံး ပစ္စည်းမျိုးစုံနဲ့ နေကြာစေ့ အိတ်ကြီးတွေလဲ ကားစီးလုံးတိုက် သွားနေပါတယ်။

တရုတ်-မြန်မာနယ်စပ်မှာ ဗုဒ္ဓဟူးနေ့ နယ်စပ် ငွေလဲနှုန်းကတော့ (၇၄၁)ပါ။ မြန်မာငွေကျပ် (၁ဝဝဝ)ဟာ တရုတ်ငွေ (၇)ယွမ် နဲ့(၄၁)ပြား ဖြစ်ပါတယ်။

တရုတ်မြန်မာ နယ်စပ်ကနေ ဘီဘီစီသတင်းထောက် ဦးမျိုးသစ် ပေးပို့တဲ့ သတင်းဖြစ်ပါတယ်။