BBC navigation

တရုတ်-မြန်မာနယ်စပ်က ထော်လာဂျီ ဈေးကွက်

နောက်ဆုံး ရေးသားချိန် 22 သြဂုတ်လ 2012 - 16:57 GMT

တရုတ်ပြည် ဖက်ခြမ်းက ရွှေလီ၊ ကျယ်ကောင်၊ ကျန်းဖုန်း-ဘက်တွေ အထိ လာရောက် ဝယ်ယူ ကြပါတယ်

တရုတ်-မြန်မာနယ်စပ်မှာ ယူနန်ပြည်နယ် ‘တာ့လီ’ မြို့က ထုတ်တဲ့ ထော်လာဂျီတွေ အများဆုံး တွင်ကျယ်နေပြီး၊ လိဖန် ကုမ္မဏီက ထုတ်တဲ့ ‘စစ်ကျွင့်’ နဲ့‘လိဖန်’တံဆိပ်တွေ မြန်မာနိုင်ငံကို အများဆုံး ဝင်ရောက်နေ ပါတယ်။

ရွှေလီ နဲ့ကျယ်ကောင် ကြားမှာ ထော်လာဂျီ အသစ်ရောင်းတဲ့ အရောင်းဆိုင် ဝင်းကြီးတွေ ရှိသလို၊ ထော်လာဂျီ တပတ်ရစ်နဲ့ အဟောင်းတွေ ရောင်းတဲ့ နေရာတွေလဲ ရှိပါတယ်။

ထော်လာဂျီတွေကို ဝယ်ယူပြီး၊ ကျယ်ကောင်-မူဆယ်ဘက် ကနေ သွားကြ တာတွေရှိ သလို၊ ကျန်းဖုန်း-လွယ်ဂျယ်-ဗန်းမော်လမ်း၊ ထိန်ချုံး-ကန်ပိုက်တီးဖက် လမ်း၊ (အရင်က ကေအိုင်အေ နဲ့ အစိုးရကြား-တိုက်ပွဲတွေမဖြစ်ခင်ကဆိုရင်- ယင်ကျန်း-လိုင်ဇာ-မြစ်ကြီးနားလမ်း)- စသဖြင့် တရုတ်-မြန်မာနယ် စပ်ပေါက်လမ်း အသီးသီး ကနေလဲ မြန်မာ နိုင်ငံ အတွင်းကို သွားကြရာမှာ- ကျယ်ကောင်-မူဆယ် လမ်းကြောင်း ကနေ သွားကြတာတွေဟာ အများ ဆုံးဖြစ်ပါတယ်။

ထော်လာဂျီ အရောင်းအဝယ် အသွက်ဆုံး ရာသီချိန်ကတော့ အောက်တိုဘာလ ဆန်းမှ သင်္ကြန်မ တိုင်ခင် ဧပြီလဆန်း အထိ ဖြစ်ကြောင်း သိရပြီး၊ အဲဒီ အချိန်တွေမှာ နေ့စဉ်ဖျမ်းမျှ ထော်လာဂျီ စင်းရေ ဆယ်နဲ့ ချီပြီး မြန်မာနိုင်ငံ အတွင်းကို သွင်းရပါတယ်။

စျေးနှုန်း

လေးလုံးထိုးကြီးတွေ ကတော့ မြန်မာနိုင်ငံမှာ ကားအဖြစ် စာရင်းသွင်းထားပြီး ယွမ် ၅၄၀ဝ၀ အထိ ဈေးပေါက်

ထော်လာဂျီ အသစ်တွေကို ရွှေလီ-ကျယ်ကောင် ဈေးကွက်က အသစ် အရောင်းဆိုင်တွေမှာ လာရောက် ဝယ်ယူနိုင်ကြပါတယ်။

ဈေးတွေ ကတော့ ‘ကျွဲချို -တလုံးထိုး’ တွေက ယွမ် (၈၀ဝ၀ မှ ၁၀ဝ၀ဝ )ကြား ပေါက်ဈေးရှိပါတယ်။ ‘လိဖန်’ကုမ္မဏီထွက် ထော်လာဂျီတွေက‘ စစ်ကျွင့် ’ အမျိုးအစား- ဘီးလေးဘီး-စိမ်းပုပ်ရောင်- တလုံးထိုး ထော်လာဂျီတစီး ယွမ် (၃၂၈၀ဝ)၊ ‘လိဖန် ’ အမျိုးအစား (၆)ဘီးတပ် ခေါင်းဖုံးဖွင့်ထား တလုံးထိုး ထော်လာဂျီ-တစီး-ယွမ် ( ၃၇၀ဝ၀) ‘လိဖန် ’ အမျိုးအစား- (၆)ဘီးတပ်- အဖုံးပါ -တလုံးထိုးထော်လာဂျီ တစီး- ယွမ် (၃၆၀ဝ၀) ဈေး ရှိပါတယ်။

‘လိဖန် ’ လေးလုံးထိုးကြီးတွေ ကတော့ ( မြန်မာနိုင်ငံမှာ ကားအဖြစ် စာရင်းသွင်း ထား) ယွမ် (၅၄၀ဝ၀)အထိ ဈေးပေါက်ပါတယ်။

ထော်လာဂျီ တပတ်ရစ်နဲ့ အဟောင်းတွေ ကိုလဲ ရွှေလီ-ကျယ်ကောင် ဈေးကွက် အတွင်း လှည့်လည် ရှာဖွေ ဝယ်ယူနိုင်ကြပြီး၊ ထော်လာဂျီရဲ့ အခြေအနေ အလိုက် ‘ကြိုက်ရောင်း-ကြိုက်ဝယ်’ ဈေးဖြစ် နေရာမှာ - ကျွဲချိုဟောင်း- တလုံးထိုးက ယွမ်( ၁၈၀ဝ မှ ၄၀ဝ၀) ကြား အရောင်းအဝယ် ဖြစ်နေသလို၊ ထော်လာဂျီ အဟောင်း ရောင်း လုပ်ငန်းရှင် တရုတ်ကြီး တယောက်ရဲ့ အဆိုအရ၊ ထော်လာဂျီ ဟောင်း တလုံးထိုးက ယွမ် (၁၂၀ဝ၀ မှ ၁၅၀ဝ၀ )ကြား ရှိပြီး၊ လေးလုံးထိုး ဟောင်းကြီးတွေက ယွမ် (၁၅၀ဝ၀ မှ ၁၈၀ဝ၀ )အထိ ဈေးရှိပါတယ်။

လက်ရှိအနေအထားအရ ထော်လာဂျီ အသစ်တစီးဟာ ဝယ်ရင်းဈေးရော လိုင်စင် ကြေးပါ အပြီးအစီး မြန်မာပြည်တွင်း အရောက် ဆိုရင် ကျပ်ငွေ သိန်း(၅၀)ကျော်မှ (၆၀)အထိ ကျပြီး၊ အဟောင်းက ကျပ်-သိန်း(၂၅ နဲ့ ၃၅)ကြားပဲ ကုန်ကျတယ်လို့ သိရပါတယ်။

မြန်မာဘက်က အဝယ်လိုက်

လေးလုံးထိုးကြီးတွေ ကတော့ အကြမ်းခံလို့ အုတ်-သဲ-ကျောက် လုပ်ငန်းတွေမှာ အများဆုံးသုံး

မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က ထော်လာဂျီ ကုန်သည်ပွဲစားနဲ့ လုပ်ငန်းသုံး သမားတွေ- တရုတ်ပြည် ဖက်ခြမ်းက ရွှေလီ၊ ကျယ်ကောင်၊ ကျန်းဖုန်း-ဘက်တွေ အထိ လာရောက် ဝယ်ယူကြတာ အမြဲလိုလို ရှိပါတယ်။

လတ်တလော အနေအထားမှာတော့ မြန်မာနိုင်ငံက ထော်လာဂျီ အရောင်းအဝယ် သမားတွေဟာ အသစ် စက်စက်ထက် အဟောင်းနဲ့ တပတ်ရစ်ကိုပဲ ဝယ်လို အား ပိုများနေတာ တွေ့ရ ပါတယ်။

အဟောင်းက အသစ်ထက် ဈေးခေါက်ချိုးလောက် ကွာတာ ကြောင့် ဝယ်ကြတာ ဖြစ်သလို၊ “ အသစ်တစီး ဝယ်မယ့် အစား၊ အဟောင်းနှစ်စီး ဝယ်လိုက် တော့၊ လုပ်ငန်းခွင်မှာ နှစ်မျိုး ခွဲသုံးလို့ ရသလို၊ အငှါးလိုက်မယ် အငှါး ချပေးမယ် ဆိုရင်လဲ နှစ်စီးဆိုတော့ နှစ်စီးစာ ဝင်ငွေရတာပေါ့။ ဒါကြောင့် အသစ်တစီးထက် အဟောင်း နှစ်စီးက တွက်ချေကိုက်လို့ အဟောင်းကို ရှာပြီး ဝယ်ကြတာ-”လို့ ထော်လာဂျီ ပွဲစားတဦးက ရှင်းပြပါတယ်။

အမြန်နှုန်းနဲ့ ဝန်တင်အား

တလုံးထိုးတွေက တနာရီ-မိုင် (၄၀)နှုန်းလောက် မောင်းနှင် နိုင်ပြီး၊ လေးလုံးထိုး တွေက တနာရီ မိုင် (၆၀ မှ ၈၀)အထိ တောင် မောင်းနှင် နိုင်ပါတယ်။

ကုန်တင်-ဝန်တင်နိုင် အားကလဲ၊ တလုံးထိုး ကျွဲချိုက ကီလို (၅၀ဝ)ဝန်းကျင်၊ ပုစဉ်းခေါင်းက ကီလို(၇၅၀)ဝန်းကျင်၊ နှစ်လုံးထိုးက ( ၃)တန်မှ (၅)တန် ဝန်းကျင်၊ လေးလုံးထိုးကြီး တွေ ကတော့ (၁၀)တန် ဝန်းကျင် အထိတောင် တင်နိုင် သယ်နိုင်ကြတဲ့ အတွက် မြန်မာနိုင်ငံမှာလဲ ထော်လာဂျီ အသုံးပြုသူတွေ တနေ့တခြား တိုးတက် များပြားလာပါတယ်။

လယ်ယာ လုပ်ငန်းနဲ့ ပတ်သက်ပြီး ကောက်ပဲသီးနှံ သယ်ယူပို့ဆောင် ရောင်းဝယ် ဖေါက်ကား ရာတွေမှာလဲ အသုံးပြုနိုင် သလို၊ ခရီး သွားလာရာတွေ မှာလဲ အသုံးပြုနိုင် ပါတယ်။

အသစ် စက်စက်ထက် အဟောင်းနဲ့ တပတ်ရစ်ကိုပဲ ဝယ်လိုအား ပိုများနေ

လေးလုံးထိုးကြီးတွေ ကတော့ အကြမ်းလည်း ခံတဲ့အတွက်၊ အုတ်-သဲ-ကျောက်-သယ်ယူပို့ ဆောင်ရေး လုပ်ငန်းတွေမှာ အများဆုံး အသုံးပြု ကြပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ ထော်လာဂျီ အသုံးပြုမှု အင်မတန် များပြား လာတာကြောင့် ထော်လာဂျီ အသစ် အဟောင်း ရောင်းဝယ်ရေး ဈေးကွက်ကြီး ဟာလဲ အဆက်မပြတ် ကြီးထွား နေပါ တယ်။

မန္တလေး၊ မေမြို့၊ မိတ္တီလာ-အပါအဝင် နယ်စုံက ထော်လာဂျီ အရောင်းအဝယ် သမားတွေဟာ တရုတ်ပြည် နယ်စပ် အထိ တက်လာပြီး၊ ဝယ်ယူကြတာတွေ တွေ့ရသလို၊ မန္တလေးမှာဆိုရင်- ‘မြောက်ပြင်’တခိုဟာ ထော်လာဂျီ အရောင်းအဝယ် လုပ်ကြရာ ဈေးတန်းကြီး သဖွယ်တောင် ဖြစ်လာနေတယ် လို့ ထော်လာဂျီ ပွဲစားတွေ အဆိုအရ သိရပါတယ်။

ထော်လာဂျီ အရောင်းအဝယ် လုပ်ငန်းဟာ မော်တော်ကား အရောင်း အဝယ် လုပ်ငန်းကြီး လိုပဲ၊ အင်မတန် ကြီးကျယ်တဲ့ လုပ်ငန်းကြီး တခုအဖြစ် ဖြစ်တည် ပေါ်ပေါက်လာနေပြီး၊ ကျပ်ငွေ သိန်း ရာဘရိတ်ကနေ ထောင်ဘရိတ် အထိတောင် ရင်းနှီး မြှုပ်နှံ လည်ပတ်ရတဲ့ စီးပွားရေး လုပ်ငန်းကြီး တခုလဲ ဖြစ်နေပါတယ်။



တရုတ်-မြန်မာနယ်စပ်ကနေ ဘီဘီစီသတင်းထောက် ဦးမျိုးသစ် ပေးပို့တဲ့ စီးပွားရေး သတင်းဆောင်းပါး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။