BBC navigation

တရုတ်မြန်မာနယ်စပ်က စကျင်ပန်းပု စျေးကွက်

နောက်ဆုံး ရေးသားချိန် 12 အောက်တိုဘာလ 2012 - 12:25 GMT

တရုတ်-မြန်မာနယ်စပ် တရုတ်နိုင်ငံဖက်ခြမ်းက ရွှေလီ-ကျယ်ကောင်မှာ မြန်မာနိုင်ငံက ကျောက်ဆစ်တန်းတခုနဲ့မခြား စကျင်ကျောက်ရုပ်ထု အမျိုးမျိုးကို ထုလုပ်ရောင်းဝယ်နေကြတဲ့ ကျောက်ဆစ် ရုပ်တု လုပ်ငန်း စျေးကွက်ကြီး တခု ဖြစ်ပေါ်နေတာ နှစ်ပေါင်း ဆယ်နဲ့ချီ ရှိနေပြီ ဖြစ်ပါတယ်။

ရွှေလီ နဲ့ ကျယ်ကောင်အကြားက ‘ကွမ်ရင်စစ်’ သီလရင်ကျောင်းရဲ့ နောက်ဖက် ဘေးဘယ်ညာတဝိုက်မှာ စကျင်ကျောက် ရုပ်ထုလုပ်ငန်း ရပ်ကွက်လေး တခု သဖွယ်ကို တွင်တွင် ကျယ်ကျယ် ဖြစ်ပေါ် တည်ရှိ နေပါတယ်။

ကျောက်တွေ အားလုံး လိုလိုဟာ မြန်မာနိုင်ငံ မတ္တရာမြို့နယ် စကျင်တောင်က ထွက်တဲ့ ‘စကျင်ကျောက်’တွေ ချည်းဖြစ်ပြီး တရုတ် ကျောက်နဲ့ထုတာ ဆိုလို့ တရုတ်ကြိုက် ခြင်္သေ့ရုပ်လေး တခုစ နှစ်ခုစက လွဲလို့ မရှိသလောက်ပါပဲ။

အလုပ်သမားတွေ အားလုံး လိုလိုဟာလဲ မြန်မာနိုင်ငံသား တွေချည်း ဖြစ်ကြပြီး စကျင် ကျောက်ထွက်ရာ ဒေသ မတ္တရာ‘စကျင်ရွာ’ကချည်း လူပေါင်း (၁ဝဝ)ကျော် လောက်ရှိသလို မန္တလေး ဘက်ကလဲ လူ (၅ဝ)ဝန်းကျင်လောက် ရှိပါတယ်။

လုပ်ငန်းရှင်၊ ဆိုင်ရှင်၊ လောင်ပန်း ဆိုသူတွေကတော့ တရုတ်တွေချည်း ဖြစ်ကြပြီး တရုတ်ပြည်သား စစ်စစ်တရုတ်၊ ဗမာပြည်ပေါက် တရုတ်နဲ့ ရှမ်းတရုတ်တွေပါ ပါပါတယ်။

Marble Carving

ကုန်သည်နဲ့ ကုန်ပစ္စည်းလာရောက်ပို့ ဆောင်ရောင်းချသူ အဆင့်တွေထဲမှာတော့ ‘မြန်မာ’တွေလဲ အနည်း အပါးတော့ ရှိ ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံဖက်ကနေ ဒီ ‘စကျင်ကျောက်’တွေကို ကျောက်တုံးအတိုင်း သယ်လာတာရှိသလို၊ ‘ပုံကြမ်းရိုက်ထားပြီး’အနေအထား၊‘ကြမ်းချောအဆင့်ပန်းပုရုပ်ထု’ အနေအထားတွေနဲ့လဲ သယ်ဆောင်လာတာ ရှိပါတယ်။ အသေးဆုံး (၁)ပေ၊ (၁)ပေအထက်ကနေ၊ တခုတည်း(၂၂) ဘီး ကားကြီးတစီးလုံးနဲ့ တင်လာရတဲ့အရွယ်အစားအထိ ပမာဏမျိုးစုံ ဆိုက်စုံ လာပါတယ်။

သတ္တုတွင်းဝန်ကြီးဌာနရဲ ့ခွင့်ပြုချက် ပါမစ်နဲ့ လာရ တာဖြစ်ပြီး ကုန်သည်နဲ့လုပ်ငန်းရှင်တွေဟာ ဒီလိုစကျင်ကျောက်နဲ့ ကျောက်ရုပ်ထုတွေကို တရားဝင် သယ်ဆောင်လာ နိုင်ရေးအတွက်၊ နာမည် ပေါက်ပြီးသား ‘ကုမ္ပဏီ’တွေနဲ့ ပေါင်းပြီး၊ လုပ်ငန်းအပ်နှံ လုပ်ဆောင်ရ တာဖြစ်ကြောင်း သိရပါတယ်။

“ ဟိုတုန်းက လွန်ခဲ့တဲ့ ၂ဝဝ၇ ခုနှစ် မတိုင်ခင် လောက်တုန်းကတော့ Border Trade ဆိုပြီး သယ်လာ၊ စကျင်က မန္တလေးတိုင်းက ထွက်တာဖြစ်ပြီး ရှမ်းပြည်မြောက်ပိုင်းထဲကနေ ဖြတ်သန်း သယ်ဆောင်ရမှာ ဖြစ်လေတော့ ‘လပခ’နဲ့‘ရမခ’ ခွင့်ပြုချက်ကို ယူလာပြီး (၁ဝ၅)မိုင်မှာ ဂျူတီ ဆောင်လိုက်ရင် ပြီးသွားပြီ၊ ကိုယ့်ဟာကိုယ် လုပ်လိုက်ရုံပဲ၊ အခုတော့ ကုမ္ပဏီကို အပ်ပြီး လုပ်ရတဲ့ သဘောဖြစ်လာတော့ ကုမ္မဏီကို ကုမ္ပဏီခရော အကျိုးဆောင်ခရော ပေးနေရတယ်။ ကုမ္ပဏီတွေပဲ သပိတ်ဝင် အိတ်ဝင် အမြတ်ရတယ်၊ ကျနော်တို့ ကုန်သည်ငယ် လေးတွေ အဖို့ သိပ်ပြီး အလုပ်မဖြစ်ဘူး။ ဒီလုပ်ငန်းကို တကယ်လုပ်တဲ့ ကုန်သည်လေး တွေဘက်က ပြောရရင် ကိုယ့်ဟာကိုယ် လုပ်လို့ ရတဲ့ ဟိုတုန်းက စနစ်မျိုးနဲ့ ပုံစံမျိုးကပဲ ကျနော်တို့ အတွက် ပိုကောင်းတယ် ပိုကြိုက်တယ်” လို့ စကျင်ကျောက်ရုပ်တု ကုန်သည်တဦးက လုပ်ငန်း အခြေအနေကို ရှင်းပြပါတယ်။

“ ၂၂ဘီး ကားကြီးတစီးမှာ-တန်(၃ဝ)တင်လို့ ရတယ်၊ စကျင်တတန်ကို မန္တလေးက ကျယ်ကောင်အရောက် ကျပ် (၈)သောင်း(၉)သောင်းနှုန်းအထိ ပေးရတယ်။ ဒီပစ္စည်းတွေကို တင်ဖို့ ချဖို့အတွက် ကရိန်းခက ကားတစီး ကျပ် (၅)သိန်း ကျတယ်၊ ရင်းရတဲ့အရင်းက မနည်းဘူး’ လို့လည်း ဆိုပါတယ်။

စကျင်ကျောက်မှာ ကျောက်သား အရည်အသွေး အနိမ့်အမြင့် အလိုက် ‘မဲဖြူ’ ‘သမက်ကြမ်း’ ‘သမက်အမ်း’ ‘ဖရောင်း’ စသဖြင့် -အဆင့်အမျိုးမျိုးရှိရာမှာ ‘ဖရောင်းသား’ကတော့ အကောင်းဆုံးပါပဲ။

ကျောက်တုံးရဲ့ အမျိုးအစား အရွယ်အစား အနိမ့်အမြင့် အထိုင်အနေ အထားအလိုက် ‘တုံးပြတ်’ ရောင်းဝယ်ကြတာရှိသလို၊ တန်ချိန်နှုန်း သို့ မဟုတ် ပေမီတာနှုန်း နဲ့ ရောင်းဝယ် ကြတာ တွေလဲ ရှိပါတယ်။

တရုတ်ပြည်ဖက်ခြမ်းမှာ ထုဆစ်၊ အချောကိုင်၊ ရောင်းဝယ်ဖေါက်ကားနေကြရာမှာ၊ စကျင်ကျောက်ရုပ်တုစျေးကွက်ကြီးထဲမှာ အများဆုံးအရောင်းအဝယ်လိုက်တာကတော့ ‘ကွမ်ရင်မယ်တော်’ ရုပ်တု အမျိုးမျိုးနဲ့ ဗုဒ္ဓ ရုပ်ပွားတော် တွေဖြစ်ပြီး၊ တရုတ်ရိုးရာ ရှေးဟောင်း ယုံကြည်ကိုးကွယ်မှု ဆိုင်ရာ နတ်နဲ့ ဘိုးတော်တွေဖြစ်တဲ့ ‘ဥတည်ဘွား’ရုပ်၊ အန်းကုန်း ၊ ကွမ်ကုန်း၊ ချိုင်စဲင်း စတဲ့ ရုပ်ထု မျိုးစုံ တွေလဲပဲ တော်တော်လေးတွင် ကျယ် ကြောင်း သိရပါတယ်။

ဒီရုပ်တုတွေကို မှာကြားချက်တွေ အလိုက် တရုတ်ပြည်နေရာအနှံ့ အတွင်း ပို့ ဆောင် ရောင်းဝယ် ဖေါက်ကားနေကြ တာ ဖြစ်ပြီး အများဆုံးသွားရတဲ့ နေရာတွေကတော့ ယူနန်၊ ဆီချွမ်း၊ ဖူးကျင့်နဲ့ ကွမ်တုန်း စတဲ့ ပြည်နယ်တွေ အတွင်းမှာ ဖြစ်တယ်ဆိုပါတယ်။

ရုပ်တုတွေရဲ့ စျေးနှုန်းတွေကတော့ ကျောက်သားနဲ့ လက်ရာအလိုက်၊ အရွယ်အစားနဲ့ ထုထည်အလိုက် စျေးနှုန်း အမျိုးမျိုး ရှိရာမှာ အသေးဆုံးက (၁)ပေ အောက်ရှိပြီး၊ အနိမ့်ဆုံး ယွမ် (၂ဝဝ) ဝန်းကျင်ကနေ(၁ဝ)မီတာမှ မီတာ(၂ဝ)အထိ ရုပ်ထုကြီးတွေမှာတော့ ယွမ်(၂)သိန်းခွဲကျော် (၃)သိန်းကနေ ယွမ်လေးငါးသိန်း အထိတောင် တန်ဖိုးသတ်မှတ် ရောင်းဝယ် နေကြတာ တွေလဲ ရှိပါတယ်။ ယွမ်ငွေ ထောင်ပိုင်း သောင်းပိုင်း ရုပ်တုတွေကတော့ ပိုပြီး များပါတယ်။

ဒီ ရုပ်တုတွေကို ထုလုပ်သူတွေ အားလုံး လိုလိုကတော့ မြန်မာ ယောက်ျား အလုပ်သမားတွေ ဖြစ်ကြပြီး လက်ရာနဲ့ လုပ်ငန်း ကျွမ်းကျင်မှု အလိုက် ကျွမ်းကျင် အလုပ်သမား တဦးကို တလ ယွမ် (၁၂ဝဝ)မှ (၁၅ဝဝ) (၁၈ဝဝ) အထိ ရကြပါတယ်။

အမျိုးသမီးတွေကတော့ ရုပ်တုတွေကို မှတ်ကြမ်းပွတ်၊ ကော်ပတ်စား၊ အဆင့်ဆင့် အချောကိုင်ရာတွေမှာ အလုပ်လုပ်ကြရပြီး၊ လုပ်ငန်းရဲ့ ကျွမ်းကျင်မှုနဲ့ အဆင့်အလိုက် လခစားလဲ ရှိသလို၊ နေ့ စားတွေလဲ ရှိပါတယ်။

မြန်မာ အလုပ်သမတဦးရဲ့ လက်ရှိ အမြင့်ဆုံးရငွေကတော့-ကိုယ်ထမင်းကိုယ်စား တလ ယွမ်(၈၅ဝ)ဖြစ်ပြီး တချို့လဲ ယွမ် (၇ဝဝ -၈ဝဝ)ပဲ ရသူတွေရှိသလို၊ နေ့စားတွေလဲ ရှိပါတယ်။ နေ့စားမှာလဲ အနိမ့်ဆုံးက ကိုယ့်ထမင်း ကိုယ်စား တနေ့(၂၅)ယွမ်နှုန်းရသူရော၊ စရိတ်ငြိမ်း တရက် (၂၅)ယွမ်နှုန်း ရသူပါ အမျိုးမျိုး အစားစား ရှိပါတယ်။

အောက်တိုဘာ၊ နိုဝင်ဘာက စပြီး တရုတ်နှစ်သစ် မကူးခင် ကာလအထိ အတွင်းဟာ စကျင် ကျောက်ရုပ်တုတွေရဲ့ အရောင်း အဝယ် အလိုက်ဆုံး အချိန် ဖြစ်ပါတယ်။

စကျင်ကျောက်ရုပ် ထုစျေးကွက်ကြီး အတွင်းမှာ အရင်နဲ့ နှိုင်းယှဉ်ရင် အရောင်းအဝယ်တွေ အေးနေတာ (၂) နှစ်ရှိ ပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ ယုံကြည် ကိုးကွယ်မှုတွေနဲ့ ပတ်သက်နေတဲ့ လုပ်ငန်းမို့ ဆက်လက် ဖြစ်တည် ရှင်သန်နေမယ့် စျေးကွက် တခုလို့ပဲ ဆိုရမှာပါ။


တရုတ်မြန်မာနယ်စပ်ကနေ ဘီဘီစီသတင်းထောက် ဦးမျိုးသစ် ပေးပို့တဲ့ သတင်း ဆောင်းပါး ဖြစ်ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။