BBC navigation

တရုတ်မြန်မာနယ်စပ် စီးပွားရေး

နောက်ဆုံး ရေးသားချိန် 14 နိုဝင်ဘာလ 2012 - 02:35 GMT
China Border Biz

တရုတ်မြန်မာ နယ်စပ်ဂိတ်

မူဆယ်(၁ဝ၅)မိုင် က ဝင်လာနေတဲ့ မြန်မာ့ ပို့ကုန်တွေထဲမှာ ခုချိန်အထိ လနဲ့ချီပြီး တောက်လျောက် အဝင်အများဆုံး က ပြောင်းနဲ့ဆန် တွေပါပဲ ။

ပြောင်းက နေ့စဉ် ပျမ်းမျှ ကားစီးရေ ၁ဝဝ ကျော်ဝင်သလို ဆန်ကလဲ နေ့စဉ် ကားစီးရေ ၁ဝဝ ဝန်းကျင် ဝင်နေပါတယ်။

ပြောင်းတွေက ရှမ်းပြည်မြောက်ပိုင်းထွက် ရှမ်းမြောက်ပြောင်းတွေ အဓိကဝင်နေပြီး ဆန်တွေကလဲ ခုတလောမှာ တော်တော်ကို အမယ်စုံအောင် ဝင်နေပါတယ်။

စျေးတွေကတော့ ပြောင်းက ထိပ်စ တအိတ် ၁ဝ၂ ယွမ်ခွဲအထိရပြီး အညံ့ကတော့ ၁ဝ၁ ယွမ်ပဲ ပေါက်ပါတယ်။

ဆန်တွေကတော့ အမျိုးအစားနဲ့ အရည်အသွေး ကိုလိုက်ပြီး စျေး အမျိုးမျိုး ဖြစ်နေပါတယ်။

ငစိန် အညံ့ဆိုရင် တအိတ်၁၃၈ ယွမ်ခွဲ၊ ပုံမှန်စ ၁၄ဝ ၊ အကောင်းစ ၁၄၆ ယွမ်အထိပေါက်သလို မှော်ဘီကြီး အညံ့ တအိတ်၁၃၇ ယွမ်၊ ပုံမှန်စ ၁၄၉ ယွမ်နဲ့ အကောင်းဆုံး၁၅ဝ ကျော်အထိ ပေါက်ပါတယ်။

‘သွယ်’က ၁၃၅ ယွမ်မှ ၁၄၂ ယွမ်၊ မနောသုခက ၁၄၁ မှ ၁၄၅ ယွမ်၊ စူပါကြီးက ၁၄၅ ယွမ်မှ ၁၅၂ ယွမ်အထိ ပေါက်စျေး ရှိနေတဲ့အတွက် စျေးမဆိုးလှဘူး ဆိုနိုင်ပါတယ်။

ခုတလော အရှုံးပေါ်နေကြတာကတော့ ရာသီကုန် ဖရဲသမားတွေပါပဲ။

ဖရဲသီး ၁၂ တန် ၁၃ တန်ပါ ကားကြီး တစီးလုံးမှ ပုတ်ပြတ် ယွမ် ၃ဝဝဝ နဲ့ ရောင်းသွားရတာရှိပြီး ကားခတောင် စိုက်ဆောင်းပေးရသူတွေလဲ ရှိပါတယ်။

အခုက သီပေါဖရဲတွေ အများဆုံးဖြစ်နေပြီး သီပေါကနေ ကျယ်ကောင်အရောက် ၁၂ ဘီးကားကြီးတစီးကို ဖရဲကားခ ၅ သိန်း ၅ သိန်းခွဲပေးရပါတယ်။

ဘုတလင်ဖရဲ တွေလဲ တစီးစနှစ်စီးစ ဝင်လာတာ တွေ့ရပေမယ့် တရုတ်ဝယ်လက် ပေးစျေးကျ နေလို့ အညာဖရဲတွေ များများ မဝင်ဘဲ တုန့်ဆိုင်းဆိုင်း ဖြစ်နေပါတယ်။

နှမ်းတွေကတော့ ဝမ်တိန်ဖက်ကနေ လှည့်သွားနေပြီး ပဲတွေလဲ တော်တော်ကို အလာနည်းနေပါတယ်။

ဒီလမ်းကြောင်းမှာ ‘လှုပ်ရှား ရှာဖွေရေးအဖွဲ့’တွေ ဖမ်းနေတာကြောင့် ပြည်တွင်းကို ကယ်ရီ ကုန်သွင်းတဲ့လူ တော်တော် နည်းသွားပြီး ဂျူတီတရားဝင် ကုန်သမားတွေပဲ ပုံမှန်မပျက် သွားနေကြပါတယ်။

တရုတ်ဓာတ်မြေသြဇာ ၊ ဆောက်လုပ်ရေးသုံးပစ္စည်း ၊ အဝတ်အထည်၊ စောင်နဲ့ လူသုံးအိမ်သုံးပစ္စည်း ၊ တရုတ်သစ်သီးဝလံတွေ ပုံမှန်မပျက် သွားနေပြီး အိန္ဒိယနယ်စပ်အထိ သွားမယ့် တရုတ်ဓာတ်ဘူး တွေနဲ့ ဆိုလာပြား မှန်ချပ်ကြီးတွေလဲ သွားနေပါတယ်။

တရုတ်-မြန်မာနယ်စပ်မှာ ဗုဒ္ဓဟူးနေ့မနက် ငွေလဲနှုန်း ကတော့ ၇၄၃ ပါ။ မြန်မာငွေကျပ် ၁ဝဝဝ ဟာ တရုတ်ငွေ ၇ ယွမ်နဲ့ ၄၃ ပြားဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။