BBC navigation

တရုတ် မြန်မာ နယ်စပ် စီးပွားရေး

နောက်ဆုံး ရေးသားချိန် 21 နိုဝင်ဘာလ 2012 - 02:49 GMT
melon

ဖရဲသီး ရောင်းရငွေက ကားခတောင် မပြည့်

မူဆယ်-၁ဝ၅မိုင် နယ်စပ် ကုန်သွယ်ရေးဇုံက ဝင်လာတဲ့ မြန်မာ့ ပို့ကုန်တွေထဲမှာ လယ်ယာ ထွက်ကုန်ဖြစ်တဲ့ ဆန်တွေ ပြောင်းတွေနဲ့ အပြိုင် ပမာဏ အများဆုံး ပို့ကုန် ဖြစ်လာတာက ရာသီကုန် ဖရဲတွေပါပဲ။

ဆန်မျိုးစုံက နေ့စဉ် ပျမ်းမျှ ကားစီးရေ(၁၃ဝ)အထက် ဝင်နေသလို ပြောင်းတွေက နေ့စဉ်ပျမ်းမျှ ကားစီးရေ (၁ဝဝ)ကျော် ဝင်နေသလို ရာသီကုန် ဖရဲတွေလဲ နေ့စဉ် ပျမ်းမျှ ကားစီးရေ (၁ဝဝ) လောက် ဝင်တာ တွေ့ရပါတယ်။

ဒီနှစ် လက်ရှိ မိုးဖရဲရာသီ အစကတော့ ဖရဲသမားတွေ အားလုံး အရှုံးနဲ့ စနေကြရတဲ့နှစ် လို့တောင် ပြောရမတတ် ဖရဲသီးစျေးတွေက ကျနေပါတယ်။

သီပေါဖက်က တောင်ပေါ်ဖရဲတွေအပြင် မုံရွာ ချောင်းဦး ဘုတလင်နဲ့ အညာဖရဲတွေ တနေ့ထက် တနေ့ တိုးတိုးပြီး ဝင်လာနေပြီ ဖြစ်ရာ ကျယ်ကောင် ဖရဲကွင်းကြီးထဲမှာ ဖရဲကားတွေနဲ့ ပြည့်နေပါတယ်။

ဆန်နဲ့ပြောင်း အပြင် အခု ဖရဲတွေပါ နေ့စဉ် ကားစီးရေ ရာနဲ့ချီပြီး ဝင်လာနေတော့ ကားလိုအပ်ချက် များလာပြီး ပို့ကုန်(အတက်ကုန်)ကားခ စျေးနှုန်းတွေလဲ မြင့်လာပါတယ်။

အင်္ဂါ နေ့က ပို့ကုန်(အတက်ကုန်)ကားခစျေးနှုန်းဟာ ကုန်တပိဿာ (၇၅)ကျပ်နှုန်း ဖြစ်လာသလို ပုတ်ပြတ် ကားစီးလုံးပြတ်စျေးဆိုရင်လဲ ဖရဲ (၁ဝ)တန်ကျော်ပါ ဆယ်ဘီးကားတစီးကို ကားခက ကျပ်(၅)သိန်း (၅)သိန်းခွဲအထိ ပေးရတာကြောင့် ဖရဲသမားတွေ အထိနာ နေကြပါတယ်။

မနေ့က ဖရဲကားကြီးတစီးလုံးမှ တရုတ်ငွေယွမ် (၅ဝဝဝ)ဝန်းကျင်နဲ့ ထိုး ရောင်းကြရသူတွေက အများစု ဖြစ်နေတဲ့အတွက် ဂျူတီခ၊ ကုန်စစ်ကွင်း ဝန်ဆောင်ခ၊ ကတ္တားခ၊ အလုပ်သမားခ တွေနဲ့ ဆိုရင် ဖရဲသီး ရောင်းရငွေက ကားခတောင် မပြည့်တာတွေနဲ့ ရင်ဆိုင် နေရပါတယ်။

ပြောင်းသမား တွေလဲ လက်ရှိပြောင်းစျေးက တအိတ်ကို (၁ဝ၅)ယွမ်ခွဲ ပေါက်ပေမယ့် ကားခတွေတက် အောက်မှာလဲ ပြောင်းစျေးတွေက တက်လာတာကြောင့် သိပ်စျေးမကိုက်ဘူးလို့ ညည်းနေကြပါတယ်။

ဆန်တွေလဲ အင်္ဂါ နေ့က ဝယ်လက် တော်တော်အေးနေပြီး ငစိန်အလှဆုံးမှ ဆန်တအိတ် (၁၄၉)ယွမ်ပေါက်ပြီး ပုံမှန်စက (၁၄၆) ယွမ် ဝန်းကျင်ပဲ ရှိပါတယ်။

ရွှေဘို ၇၄၇က တအိတ်(၁၄၇)ယွမ်၊ မှော်ဘီက (၁၆ဝ)ဝန်းကျင်အထိ ပေါက်စျေးရှိပေမဲ့ ဝယ်လက်ဆွဲအား နည်းနေပါတယ်။

မြန်မာနိုင်ငံဘက် သွားနေတဲ့ သွင်းကုန်(တရုတ်ကုန်)တွေဖက်ကို ကြည့်ရင် သံချောင်း သံပိုက်လုံး အလူမီနီယံချောင်း စတဲ့ ဆောက်လုပ်ရေးသုံးပစ္စည်းတွေ ပုံမှန်မပျက် သွားနေသလို ဓါတ်မြေသြဇာ မျိုးစုံ၊ တရုတ် သစ်သီး မျိုးစုံ၊ ဓါတ်ဘူး၊ သံကုလားထိုင်၊ သံနဲ့လုပ်တဲ့ လက်ဆေးကန် ရေဇလား စတဲ့လူသုံးအိမ်သုံး ပစ္စည်းနဲ့ ကားတာယာ၊ ဆိုင်ကယ်တာယာနဲ့ စက်ပစ္စည်းမျိုးစုံ တွေလဲ သွားနေပါတယ်။

တရုတ်-မြန်မာ နယ်စပ်မှာ ကနေ့ နယ်စပ်ငွေလဲနှုန်းကတော့ ၇၄၁ ပါ။

မြန်မာငွေကျပ် (၁ဝဝဝ)ဟာ တရုတ်ငွေ (၇) ယွမ်နဲ့(၄၁)ပြားဖြစ်ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။