BBC navigation

တရုတ် မြန်မာနယ်စပ်က ဖရဲသီးစျေးကွက်

နောက်ဆုံး ရေးသားချိန် 22 ဒီဇင်ဘာလ 2012 - 15:23 GMT
Melon, China Burma, Borderbiz, Business

မြန်မာနိုင်ငံမှာ နယ်မြေဒေသအလိုက် ရာသီအလိုက် သစ်သီး၀လံမျိုးစုံထွက်ပေမဲ့၊ ပြည်ပထိအောင် အမြောက်အများတင်ပို့ရတဲ့ သစ်သီး၀လံကတော့ သိပ်မရှိလှပါဘူး။ အဓိကအားဖြင့် ဖရဲသီး သခွါးမွှေး သရက်နဲ့ ဆီးသီးလောက်ပဲရှိရာမှာ၊ နံပတ်တစ် အရေးအပါ ဆုံးနဲ့ပမာဏအများဆုံးလို့ ပြောရမှာကတော့ ‘ဖရဲသီး’ ပါပဲ။

ဖရဲသီးကို အကြိုက်ဆုံးက တရုတ်လူမျိုးတွေဖြစ်တာကြောင့် ဖရဲသီးကို တင်ပို့ရတဲ့နိုင်ငံဟာလဲ တရုတ်နိုင်ငံ တရုတ်စျေးကွက်ဖြစ်နေတဲ့အပြင်၊ တရုတ်နိုင်ငံက တရုတ်တွေကိုယ်တိုင် မြန်မာနိုင်ငံအတွင်းကို သွားရောက်ပြီး မြေငှါးပြီး ဖရဲစိုက်နေကြတဲ့အထိ ဖရဲဟာ တွင်ကျယ်တဲ့စျေးကွက်သီးနှံတခုဖြစ်နေတာ ဆယ်စုနှစ်တခုကျော်လောက်ရှိ နေပါပြီ။ ဖရဲကုန်သည်တဉီးရဲ့အဆိုအရ တရုတ်တွေ သွားပြီး ဖရဲအစိုက်အများဆုံး ဒေသကတော့ တံတားဦးနယ်၊ ကျောက်ဆည် မြစ် သားနယ်နဲ့ မုံရွာနယ်တဝိုက်လို့ ဆိုပါတယ်။

ဖရဲကုန်သည်လောကမှာ တရုတ်တွေကိုယ်တိုင်သွားစိုက်တဲ့ အဲဒီလို မြေငှါး ယာခင်းတွေကထွက်တဲ့ ဖရဲကို ‘တရုတ်ဖရဲ’ လို့ ခေါ်ကြပြီး၊ မြန်မာတွေစိုက်တဲ့ဖရဲကိုတော့ ‘မြန်မာဖရဲ’ လို့ပဲ လွယ်လွယ် ခေါ်ကြပါတယ်။

ဖရဲသီးကို ရာသီအလိုက်– မိုးဖရဲ၊ ဆောင်းဖရဲ၊ နွေဖရဲ ဆိုပြီးစိုက်ပျိုးနိုင်တာကြောင့်၊ ဖရဲရာသီချိန်ဟာ တခြားသောရာသီကုန်အသီးတွေထက် ပိုမို အချိန်ကြာမြင့်လေ့ရှိသလို၊ ဖရဲသီးဟာ တခြားသောအသီးတွေထက် ပိုကြီးတာကြောင့် ကုန်ချိန်ပမာဏလဲ အမြောက်အများထွက်လေ့ ရှိတဲ့ ကုန်စည်တမျိုးဖြစ်ပါတယ်။

တရုတ်နယ်စပ်အထိ တင်ပို့ရတဲ့ ဖရဲရာသီဟာ နှစ်စဉ် အောက်တိုဘာလလယ်လောက်ကနေ မေလ ကုန်အထိ (၇)လကျော် (၈)လနီးပါးလောက်ရှိသလို၊ ကုန်ချိန်ပမာဏအနေနဲ့ပြောမယ်ဆိုရင်လဲ ဖရဲတွေ လှိုင်လှိုင်ပေါ်တဲ့ ရာသီဆိုရင် နေ့စဉ်ဖျမ်းမျှ ဖရဲသီးကားဟာ စီးရေ (၁၀၀)ကျော်မှ (၁၅၀)အထိ ဝင်ပါတယ်။

မြန်မာ့ပို့ကုန်တွေထဲမှာ ဆန်တွေ ပြောင်းတွေနဲ့အပြိုင် အများဆုံးတင်ပို့နိုင်တဲ့ ရာသီကုန်ဟာ ဖရဲသီးပဲဖြစ်ပါတယ်။ အခုလက်ရှိလဲ ဖရဲဟာ နေ့စဉ်ကားစီးရေ (၁၀၀)ကျော်အထက်၀င်နေတာ တွေ့ရပါတယ်။

မူဆယ် ၁၀၅ မိုင်ကတဆင့် တရုတ်နိုင်ငံအတွင်းအထိတင်ပို့ရာမှာ ဖရဲစျေးကွက်ကြီးရဲ့ အဓိကနေရာကတော့ တရုတ်ဖက် ခြမ်းက ‘ကျယ်ကောင်’ဖြစ်ပြီး ‘ကျယ်ကောင်ဖရဲကွင်းကြီး’ဟာ ဖရဲရာသီဆိုရင် တရုတ်ကား ဗမာကားတွေ ရာနဲ့ချီ ပြည့်သိပ် နေတတ်ပြီး အခုလဲ ဖရဲကားတွေ အမြောက် အများနဲ့ စည်ပင်နေပါတယ်။

ဒီနှစ် မိုးဖရဲ အရှုံးနဲ့ နိဂုံးချုပ်ရ

ဒီနှစ် မြန်မာ့ပို့ကုန်–ရာသီကုန်ဖရဲသီးတွေရဲ့ ‘မိုးဖရဲ’ရာသီကတော့ အောက်တိုဘာလလယ်လောက်က စတင်ခဲ့ပြီး အခုဒီဇင်ဘာ လကုန်လောက်ဆိုရင် အကြမ်းဖျင်းအားဖြင့် မိုးဖရဲရာသီချိန် ပြီးဆုံးတော့မှာဖြစ်ပါတယ်။ မိုးဖရဲတွေက တဖြေးဖြေးကုန်လိုက်လာနေ ချိန်မှာ တချို့နေရာတွေက ‘ဆောင်းဖရဲ’ တွေကလဲ အခုဒီဇင်ဘာလလယ်လောက်ကနေ စတင်ပေါ်ထွက်လာနေပြီဖြစ်တာကြောင့်၊အခု ကျယ်ကောင်ဖရဲကွင်းကြီးထဲမှာ ဖရဲကားတွေကတော့ နေ့စဉ် ရာနဲ့ချီ ရှိနေပါတယ်။

ဒီနှစ် ‘မိုးဖရဲ’ရာသီအဖွင့်ဟာ ပေါ်ဉီးပေါ်ဖျားမှာ စျေးဉီးစျေးရမကောင်းခဲ့သလို နို၀င်ဘာတလလုံးလိုလိုဟာလဲ အောက်စျေးအနိမ့်စျေးတွေနဲ့ချည်း ဖြစ်နေခဲ့တာတွေ့ရပါတယ်။ ဖရဲသီး(၁၂)တန်ကျော်လောက်ပါတဲ့ ကားတစီးလုံးမှ ယွမ်(၂၀၀၀)ကျော် (၃၀၀၀)နဲ့ ပုတ်ပြတ်ရောင်းပစ်လိုက်ရပြီး ဖရဲသီးသယ်လာတဲ့ကားခ တောင်မပြည့်လို့ အိပ်စိုက်ထပ်ဆောင်းစာရင်းရှင်းလိုက်ရတာတွေ၊ ဖရဲသီးကို စားချင်တဲ့လူ လာစား အလကား ပေးပစ်လိုက် ရတာတွေ တောင်ရှိသလို၊ ပေးစျေးလေး ရှိလာတော့လဲ တတန် ယွမ်(၇၀၀–၈၀၀)ပဲ ရခဲ့ကြပြီး ဖရဲသမားတွေ ခွက်ခွက်လန်အောင် ရှုံးခဲ့ကြရပါ တယ်။

နောက်ဆုံးမှ ပေါ်တဲ့ မိုးဖရဲနောက်ကျသမားတွေကတော့ ဖရဲတတန်ကို ယွမ် ( ၁၂၀၀–၁၃၀၀)၀န်းကျင်စျေးရလာချိန်နဲ့ကြုံမိရတဲ့အတွက် အရှုံးမမိကြတော့ပေမဲ့ ကားခတွေက စျေးမြင့်လာတာကြောင့် သူတို့လဲ တွက်ချေမကိုက်ကြပါဘူး။

ချုပ်ပြီးပြောရရင် ဒီနှစ် ဟာ မိုးဖရဲသမားတွေ အရှုံးကြီးရှုံးတဲ့နှစ်လို့ပဲ နိဂုံးချုပ်ရတော့မှာဖြစ်ပါတယ်။ ဒီနှစ် တရုတ်ဖက်ခြမ်းပို့တဲ့ မိုးဖရဲတွေဟာ ‘သီပေါဖရဲ’ တွေအများဆုံးဖြစ်တာကြောင့် သီပေါ ဖရဲသမားတွေ အရှုံးကြီး ရှုံးကြပါတယ်။ သီပေါမြို့နယ်နမ့်လန်လမ်းခွဲ၊ နောင်ကော်ကြီး၊နောင်ယန်း နမ့်ပွန်ပန့်ရွာ တွေဖက်မှာ ဖရဲစိုက်ဖို့ မြေငှါးခကိုက တဧက ကျပ် (၉)သောင်းခွဲစျေးရှိပြီး ဖရဲပေါ်ချိန်ကျတော့လဲ ဖရဲသယ်ခကားခက ဖရဲ တတန် ကျပ် (၄) သောင်းနှုန်းပေးရရာ အရင်းပြုတ်အောင် ရှုံးရသူတွေ အများအပြား ရှိတယ်လို့ သီပေါ ဖရဲသမားတွေက ပြောပြပါတယ်။

ဘုတလင်ဖက် မြင်းခြံဖက်က အညာမိုးဖရဲသမားတွေလဲ အနည်းနဲ့အများတော့ ရှုံးကြတာပါပဲ။ တရုတ်ဖက်က ဘာလို့ ဒီနှစ်ဒီလောက် ဆွဲအားပျက်ရ ပေးစျေးနိမ့်ရတာလဲလို့ လေ့လာစုံစမ်းကြည့်တဲ့အခါမှာတော့ “ဒီနှစ်မိုးဖရဲတွေ လှိုင်လှိုင်ပေါ်တော့ နယ်စပ်ဖက်မှာ ဒေသထွက် ဖရဲသေးသေးလေးတွေကလဲ မတုံးသေးတဲ့အပြင်၊ ဗီယက်နမ်ဖရဲတွေကလဲ အပြိုင်ထွက်လာ၀င်လာတော့ ကျနော်တို့ဗမာဖရဲ တွေ ဆွဲအား မလိုက်တော့ တဲ့အပြင် စျေးပါ ထိုးကျသွားရ တော့တာပေါ့ဗျာ ”လို့ ဖရဲကုန်သည်ကြီး တဦးကတော့ နိဂုံးချုပ် ပြပါတယ်။

လက်ရှိဖရဲ ဆောင်းဖရဲရဲ့အခြေအနေ

ဒါဖြင့် လက်ရှိဖရဲစျေးကွက်ကြီးရဲ့အခြေအနေကကော ကျယ်ကောင်ဖရဲကွင်းကြီးထဲမှာ လက်ရှိဖရဲကားတွေကတော့ နေ့စဉ် ဖျမ်းမျှ ကားစီးရေ (၁၀၀)ကျော်၀င်နေရာမှာ၊ ဆောင်းဖရဲတွေလဲ ဒီဇင်ဘာလ လယ် လောက်ကစပြီး ၀င်နေပါပြီ။ အကြမ်းဖျင်းအား ဖြင့် ဖရဲတတန်ကို ယွမ် (၁၂၀၀ မှ ၁၅၀၀)ကြားရောင်းလိုက်ကြရတဲ့အတွက် မိုးဖရဲနဲ့နှိုင်းယှဉ်ရင် ဆောင်းဖရဲက စျေးဖွင့်မဆိုလှဘူး လို့ဆိုနိုင်ပါတယ်။

ပြည်ပပို့ကုန်အဖြစ် ၀င်လာနေတဲ့ လက်ရှိဆောင်းဖရဲတွေကတော့ တံတားဦးဖက်က ဖရဲတွေလဲပါသလို နေပြည်တော် တပ်ကုန်း၊ ရမည်းသင်း၊မြင်းခြံနဲ့ မုံရွာညောင်ပင်၀န်းဖက်ကဖရဲတွေလဲ လာနေပါတယ်။

‘တံတားဉီးဖက်မှာ တရုတ်စိုက်အစေ့ မဲ့ဖရဲက ဧက(၅၀၀)၀န်းကျင်လောက်ရှိပြီး ဗမာဖရဲက ဧက(၁၀၀)ကျော်လောက်ရှိမယ်။ အခုလက်ရှိ တံတားဉီးက ဖရဲကား(၂၀)၀န်းကျင်လောက်နေ့စဉ်လာနေတယ်’ လို့ တံတားဦးက ဖရဲသမားတဉီးကတော့ ဆိုပါတယ်။ အခုတလောမှာ ဖရဲဖြူရော ဖရဲအကြားသီး တွေပါ လာနေသလို အစေ့မဲ့ဖရဲတွေလဲ အမြောက်အများလာပါတယ်။ စျေးက ပြီးခဲ့တဲ့အပတ်ထဲက ဖရဲဖြူရော ဖရဲကြားပါ တတန် ယွမ် (၁၈၀၀ မှ ၂၀၀၀) အထိ ရောက်ခဲ့ပြီး ဒီဇင်ဘာ(၂၀)ရက်နေ့ကတော့ စျေးတချက် ပြန်ကျသွား ပါတယ်။

တတန်ကို ယွမ်(၁၂၀၀) လောက်အထိ ပြန်ကျသွားပါတယ်။ ရာသီကုန်ဆိုတော့ ကျလိုက်တက်လိုက်တော့ ရှိနေပါလိမ့်မယ်။ ‘ဖရဲက တလုံးကို ဗမာငွေကျပ် ရှစ်ရာအောက်မရောက်ရင် မရှုံးနိုင်ပါဘူး၊တကီလို တစ်ယွမ်ကျော် နေရင် မရှုံးနိုင်ပါဘူး။ ဒါတောင် ကားခက စျေးမြင့်နေလို့’လို့ ဖရဲသီးကုန်သည်ကြီး တဦးကတော့ ဆိုပါတယ်။ ဆန်က နေ့စဉ်ဖျမ်းမျှ ကားစီးရေ (၁၀၀)ကျော်၊ ပြောင်းက နေ့စဉ် (၁၀၀)၀န်းကျင် ဖရဲကလဲ နေ့စဉ်ကားစီးရေ (၁၀၀)ကျော် အပြိုင်အဆိုင်လိုလို နေ့စဉ်၀င်နေရာ မြန်မာနိုင်ငံဖက်ကလာတဲ့ပို့ကုန် (တက်ကုန်)ကားခ စျေးတွေက တော်တော်ကိုတက်နေပါတယ်။

တံတားဉီးဖက်ကဆိုရင် ဖရဲတတန်–ကားခက ကျပ်(၆)သောင်းခွဲနှုန်းရှိနေပြီး နေပြည် တော် တပ်ကုန်းဖက်ကဆိုရင် တတန် ကျပ် (၇)သောင်း(၈)သောင်းနှုန်းအထိတောင်ပေးနေရကြရပါတယ်။ ဆောင်းဖရဲအပေါ်မှာ တော့ ဖရဲသမားတွေက မျှော်လင့်ချက် ထားပြီးနေကြပါတယ်။

တရုတ်မြန်မာနယ်စပ်က ဘီဘီစီသတင်းထောက် ဦးမျိုးသစ်ပေးပို့တဲ့ စီးပွားရေး သတင်း ဆောင်းပါး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။