တရုတ်-မြန်မာနယ်စပ် ကုန်အဝင်အထွက်

  • 7 ဩဂုတ် 2013
china-myanmar borderbiz three wheel motor bikes
Image caption တရုတ်ဘက်က ဝင်လာတဲ့ သုံးဘီးဆိုင်ကယ်တွေ

မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကနေ ၀င်လာတဲ့ မြန်မာ့ပို့ကုန်တွေကို ကြည့်မယ်ဆိုရင် လယ်ယာထွက်ကုန်တွေက ပမာဏ အများဆုံးဖြစ်ပါတယ်။

တနင်္လာနေ့ မနက်က လားရှိုးအနီးမှာ ရေတွေကြီးလို့ ကုန်ကားကြီးတွေ အ၀င် ခေတ္တ ပိတ်ထားရတာ တောင်မှ ပို့ကုန်အဝင် ပမာဏကတော့ သိသိသာသာ လျော့သွားခြင်း မရှိပါဘူး။

အင်္ဂါနေ့က ကောက်ညှင်း ကား ၃စီး၊ ဆန်ကွဲ ကား ၁၅စီး အပါအ၀င် ဆန်ကား စုစုပေါင်း စီးရေ ၆၀ (တန်ချိန်အားဖြင့် ဆန် ၁၀၇၆ တန်) နဲ့ ပြောင်းကား ၆၄ စီး (တန်ချိန် ၁၅၀၀) တောင်မှ ဝင်လာသလို၊ ပဲတီစိမ်း ကား ၃၃စီး (တန်ချိန် ၅၉၀)၊ မြေပဲဆံ ၅စီး (တန်ချိန် ၄၆တန်) တရုတ်ဘက်ကို ဝင်ပါတယ်။

စျေးနှုန်းအနေနဲ့ အရင်တစ်ပတ်နဲ့ နှိုင်းရင် ဆန်စျေးတွေ တက်ရလာတာ တွေ့ရပါတယ်။ အကြောင်းက ဗီယက်နမ်နယ်စပ်က ဝင်လာတဲ့ ဗီယက်နမ်ဆန်တွေကို ဗီယက်နမ် အာဏာပိုင်တွေ ဘက်က ကန့်သတ် ထိန်းချုပ်လာလို့ မြန်မာဆန်တွေကို တရုတ်ဘက်က ၀ယ်လိုအား ပိုလိုက်လာပြီး စျေးမြှင့်ပေးလာ ရတယ်လို့ ဆန်ကုန်သည်ကြီးတွေ အဆိုအရ သိရပါတယ်။

မြန်မာဆန်တစ်အိတ်ကို အနည်းဆုံး ၃ယွင်မှ ၅ယွင်အထိ စျေးတိုးရလာပါတယ်။ ရခိုင် ငစိန် တစ်အိတ်ကို ယွင် ၁၃၀၊ ခရမ်းသုံးခွ ငစိန် (၁၃၂ယွင်)၊ ရွှေဘို ၇၄၇က (၁၃၆)ယွင်၊ မြောင်းမြ ငွေရှယ်က (၁၄၇)ယွင် စျေး ရပါတယ်။

ပြောင်းဈေးတွေကတော့ ပြောင်းဟောင်း (၁၁၉)ယွင်၊ ပြောင်းသစ် (၁၂၀)ယွင်ခွဲ ပေါက်ပါတယ်။

ပဲတီစိမ်း အညာဆန်ကာချက တစ်ကီလိုကို ၆ဒသမ၂ယွင်၊ ခရမ်းသုံးခွ (ရွှေဝါ) က တစ်ကီလို ၆ ဒသမ ၅ယွင် ဈေး ရပါတယ်။

နှမ်းတွေလည်း နှမ်းမျိုးစုံ ဝင်ပါတယ်။ အင်္ဂါနေ့က နှမ်းနက် (၈)စီး၊ နှမ်းညို (၄)စီး၊ နှမ်းဖြူ (၂)စီး၊ စုစုပေါင်း (၁၄) စီး ဝင်လာတာ တွေ့ရသလို ကြက်သွန်နီတွေလည်း ကား(၁၀)စီး တောင်မှ ဝင်လာတာကို ထူးထူးခြားခြား တွေ့ရပါတယ်။

မြန်မာနိုင်ငံဘက် သွားနေတဲ့ (သွင်းကုန်) တရုတ်ကုန်တွေကို ကြည့်မယ်ဆိုရင် သုံးဘီးဆိုင်ကယ်တွေ ၂၂ဘီး ကားကြီးတွေနဲ့ အပြည့် သွားနေတာကို တွေ့ရပါတယ်။ ကားကြီး တစ်စီးတစ်စီးကို ဆိုင်ကယ်အစီး ၃၀ လောက် တင်ပြီး သွားနေတာ ဖြစ်ပါတယ်။

ဓာတ်မြေသြဇာအမျိုးမျိုး၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းမျိုးစုံ၊ လူသုံးအိမ်သုံး ပစ္စည်းမျိုးစုံလည်း အသင့်အတင့် ၀င်နေတာ တွေ့ရသလို ပန်းသီး၊ သစ်တော်သီး စတဲ့ တရုတ်သစ်သီးမျိုးစုံလည်း ဝင်နေပါတယ်။

တရုတ်-မြန်မာ နယ်စပ်မှာ ကနေ့ နယ်စပ်ငွေလဲနှုန်းကတော့ (၆၃၂၅) ပါ။

မြန်မာငွေကျပ် (၁ဝဝဝ)ဟာ တရုတ်ငွေ (၆) ယွမ်နဲ့(၃၂)ပြားခွဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ