တရုတ်-မြန်မာ နယ်စပ် ရောင်းရေးဝယ်တာ

  • 14 ဩဂုတ် 2013
china border biz

မူဆယ် (၁ဝ၅)မိုင် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်ကနေ ဝင်လာနေတဲ့ မြန်မာ့ပို့ကုန်တွေကို ကြည့်မယ်ဆိုရင် လယ်ယာထွက်ကုန်တွေက အမျိုးအမည်စုံအောင် ဝင်ပါတယ်။

ဆန်နဲ့ ပြောင်းတွေသာမက နှမ်းဖြူ၊ နှမ်းနက်၊ နှမ်းညိုတွေအပြင်၊ ပဲတီစိမ်းနဲ့ မြေပဲဆံတွေပါ ဝင်ပါတယ်။

မနေ့ကဆိုရင် ကောက်ညှင်း (၃)စီး၊ ဆန်ကွဲကား အစီး(၂ဝ) အပါအဝင် ဆန်ကား စုစုပေါင်း(၅၇)စီး၊ အိတ်ရေအားဖြင့် (၁၉၆၈ဝ)အိတ် ဝင်ပါတယ်။

ပြောင်းက ကားစီးရေ (၄၅)စီး - အိတ်ရေ (၂ဝဝဝဝ)ကျော် ဝင်ပြီး၊ ပဲတီစိမ်းက ကား(၂၁)စီး - အိတ်ရေအားဖြင့် (၇၆၄ဝ)၊ မြေပဲဆံက ကား(၂)စီး - အိတ်ရေ (၆၂ဝ)ဝင်ပါတယ်။

နှမ်းတွေက နှမ်းနက် ကား(၆)စီး၊ နှမ်းဖြူ (၃)စီး၊ နှမ်းညို (၇)စီး- နှမ်းမျိုးစုံစုစုပေါင်း ကား(၁၆)စီး- တန်ချိန်အားဖြင့် (၂၅၈)တန် )တရုတ်ဘက်ကို ဝင်ပါတယ်။

စျေးနှုန်းတွေကတော့ ဆန်စျေး ဆက်လက် မြင့်တက်နေပြီး ဈေးအနိမ့်ဆုံးဖြစ်တဲ့ တောင်ငူ အုတ်တွင်း နွေဆန် အောက်စက တအိတ်(၁၂၃)ယွမ်၊ ခရမ်းသုံးခွ ငစိန် (၁၃၂)ယွမ်၊ ၇၄၇က (၁၄၂)ယွမ်၊ ရတနာတိုးက (၁၄၅)ယွမ်ရပြီး၊ မြောင်းမြနွေဇီယာ ရှယ်က (၁၄၇ယွမ်-၁၄၈ယွမ်အထိ)ရပါတယ်။

ပြောင်းစျေးလဲ မဆိုးလှဘူးလို့ သိရပါတယ်။ ပြောင်ဟောင်းက ကောင်းရင် တစ်အိတ်(၁၁၉) ယွမ်- (၁၁၉) ယွမ်ခွဲ စျေးရှိသလို ပြောင်းသစ်ကောင်းက(၁၂၁) ယွမ်အထိ စျေးရှိပါတယ်။

ပဲတီစိမ်း(အညာစ)က စျေးကျနေပြီး တစ်ကီလို (၆)ယွမ်အောက် ရောက်နေပါတယ်။ ခရမ်းသုံးခွ (ရွှေဝါစ)ကတော့ အဝင်နည်းတာကြောင့် တစ်ကီလို (၆ ဒဿမ ၃) ယွမ်မှ (၆ဒဿမ ၅) ယွမ်အထိ စျေးရပါတယ်။

ခုတလော ကြက်သွန်နီ အနည်းငယ်ဝင်ပြီး မနေ့က ကြက်သွန်နီ ကား(၁)စီး - အိတ်ရေအားဖြင့် (၃ဝဝ) ဝင်လာတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံဘက် သွားနေတဲ့ သွင်းကုန်(တရုတ်ကုန်)တွေကတော့ ဆိုင်ကယ်နဲ့ ဆောက်လုပ်ရေးသုံးပစ္စည်းမျိုးစုံက အများဆုံးဖြစ်ပါတယ်။ ဓါတ်မြေသြဇာမျိုးစုံ၊ စက်ပစ္စည်းအမျိုးမျိုးနဲ လူသုံးအိမ်သုံး ပစ္စည်းမျိုးစုံတွေလည်း အသင့်အတင့် သွားနေပါတယ်။ ပန်းသီး၊ သစ်တော်သီး၊ သလဲသီး၊ လိမ္မော်သီး၊ စပျစ်သီး စတဲ့ တရုတ်သစ်သီးဝလံတွေလည်း မြန်မာနိုင်ငံဘက်ကို ပုံမှန်သွားနေတာ တွေ့ရပါတယ်။

ယနေ့ တရုတ်-မြန်မာနယ်စပ် ငွေလဲနှုန်းကတော့ (၆၃၃)ပါ။ မြန်မာငွေ ကျပ် (၁ဝဝဝ)ဟာ တရုတ်ငွေ (၆)ယွမ်နဲ့(၃၃)ပြား ဖြစ်ပါတယ်။