ဂျပန် စက်ရုံစီမံကိန်း ဒေသခံများ ကန့်ကွက်

  • 27 နိုဝင်ဘာ 2015
burma_farmer
Image caption စိုက်ပျိုးခင်း များ မပျက်စီးလို

မွန်ပြည်နယ်၊ ရေးမြို့နယ် အန်ဒင်ရွာ၊ တနင်္သာရီတိုင်း သရဘွင်ရွာ နဲ့ ဧရာဝတီတိုင်း ငရုပ်ကောင်း ကျေးရွာ တို့မှာ ဂျပန် နဲ့ ထိုင်း စီးပွားရေး ကုမ္ပဏီ တို့ ပူးတွဲ လုပ်ကိုင်မယ့် ကျောက်မီးသွေး အသုံးပြု ဓါတ်အားပေး စက်ရုံဟာ အထက်ပါ ဒေသတွင်း သဘာဝ စီးပွားရေး လုပ်ငန်းတွေ ကို ထိခိုက် ပျက်စီး နိုင်တယ် ဆိုပြီး ဒေသခံတွေ က တိုယိုတိုင်း ကော်ပိုရေးရှင်း ကို ပူးပေါင်း ကန့်ကွက် ကြပါတယ်။

ဂျပန် တိုယိုတိုင်း ကုမ္ပဏီ ဟာ ကျောက်မီးသွေး စက်ရုံ တည်ဆောက်မယ့် စီမံကိန်း အပေါ် မှာ ဒေသခံတွေ နဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှု မရှိဘူး လို့ စီမံကိန်း အပေါ် ကန့်ကွက်သူ တွေ ထဲပါဝင်သူ က ဘီဘီစီ ကို ပြောပါတယ်။

ဒီနယ်မြေတွေ ဟာ နှစ်ပေါင်း တစ်ရာ မက၊ ဘိုးဘွား တောင်ယာ လယ်မြေ လုပ်ငန်းတွေ ဖြစ်တဲ့ လယ်ယာမြေ စပါးခင်း၊ ကွမ်းစိုက်ပျိုးရေးခြံ လုပ်ငန်း နဲ့ ရေလုပ်သားတွေ ရဲ့ တံငါ လုပ်ငန်းတွေ ရှိနေတာပါ။ ဒီလုပ်ငန်းတွေ အပေါ် နှစ် ပေါင်းများစွာ ရင်းနှီးမြုပ်နှံမှု ဆက်လက် လုပ်ကိုင်ကြတဲ့ အတွက် ဘဝ လုံခြုံမှု တွေ ရှိကြပါတယ်။ကောက်ယူရရှိပြီး စစ်တမ်းအရ လည်း အန်ဒင်ကျေးရွာ အုပ်စု မှာ တနှစ်ဝင်ငွေ အရ ဒေါ်လာ သန်းဂဏန်း ရတဲ့ အတွက် ဖူလုံမှု ရှိကြပါတယ်။

အဲဒီ အတွက် စက်ရုံတွေ ဆောက်ပြီဆိုရင် ပထမ ဆုံး ဆိုးကျိုး အနေနဲ့ အဓိက စားပင်တွေ၊ လယ်ကွင်းတွေ ဟာ စက်ရုံ က ထွက်လာမယ့် စွန့်ပစ် ပစ္စည်း တွေ ကြောင့် ထိခိုက် ပျက်စီးမှု ရှိလာမှာ ကို ဒေသခံ တွေ က စိုးရိမ် ပူပန် ကြတာပါ။

စက်ရုံ တည်ဆောက်ရေး စီမံကိန်း ကို ၂၀၁၃ ခု က မြန်မာ အစိုးရ နဲ့ ဂျပန် တိုယိုတိုင်း ကုမ္ပဏီ တို့ နှစ်ဘက် သဘောတူ စာချုပ် ချုပ်ခဲ့ပြီး ၂၀၁၄ ကျမှ ဒေသခံ တွေ က သိရလို့ ကန့်ကွက် ဆန္ဒ ဖေါ်ထုတ်တဲ့ အကြောင်း၊ ဒါပေမဲ့ သက်ဆိုင်ရာ က မသိကျိုးကျွံ ပြုပြီး ၂၀၁၅ မှာ နှစ်ဘက် သဘောတူ စာချွန်လွှာ ထိုးလိုက်ပြီ ဖြစ်လို့ ၂၀၁၆ မှာ စီမံကိန်း ကို စတင် အကောင်အထည် ဖေါ်မယ့် အကြောင်း ဒေသခံ က ဘီဘီစီ ကို ပြောပါတယ်။