တရုတ်- မြန်မာ နယ်စပ် စီးပွားရေး အခြေအနေ

  • 1 ဇွန် 2016
muse ဓာတ်ပုံ မူပိုင် BBC Burmese
Image caption မူဆယ်က ကြယ်ဂေါင် နယ်စပ်ဂိတ်

မူဆယ် (၁၀၅)မိုင် လမ်းကြောင်းကြီး ကနေ ဝင်လာနေတဲ့ မြန်မာ့ပို့ကုန်တွေရဲ့ အခြေအနေကို ကြည့်မယ် ဆိုရင် လယ်ယာ ထွက်ကုန် ဖြစ်တဲ့ ဆန်ရော ပြောင်းပါ ဒီကာလတွေ အတွင်း သိသိသာသာ အဝင်ကျဲ ပါတယ်။

အခုတော့ နေ့စဉ် ပျမ်းမျှ ကားစီးရေ (၄၀)ကျော် (၅၀)ဝန်းကျင်ပဲ လာနိုင်တော့တာ လနဲ့ချီ ရှိနေပြီဖြစ်ပါတယ်။

တနင်္လာနေ့ကလည်း ဆန်ကွဲ(၁၁)စီး အပါမှ ဆန်ကား(၄၃)စီး၊ တန်ချိန်အားဖြင့် (၇၂၈)တန်ပဲ လာပါတယ်။

အရင် တပတ်က တနေ့ အိတ်ရေ(၂၀၀၀)ဝန်းကျင်ပဲ ရောင်းနေရရာက အခုက တနေ့(၇၀၀၀-၈၀၀၀)လောက်တော့ ပြန်ရောင်း လာရပါတယ်။

တနင်္လာနေ့ ကဆိုရင် မြောင်းမြ နွေရှယ် တအိတ်(၁၅၂)ယွမ်၊ ရတနာတိုး (၁၅၀)၊ ပြည်စူပါ (၁၄၇)၊ ခရမ်းသုံးခွ ငစိန် (၁၄၆)ယွမ်ဈေးရှိပြီး ဆန်ကွဲတောင် တအိတ်(၁၃၀) ဝန်းကျင် ရပါတယ်။

ပြောင်းကတော့ တအိတ် (၈၇)ယွမ်နဲ့(၉၀) ကြားပဲ ရှိပါတယ်။

သကြားတွေ ခုတလော ရောင်းအား ပြန်လိုက်လာရာ တနေ့ အိတ်ရေ (၈၀,၀၀၀ ကျော်နဲ့ ၁၀၀,၀၀၀)ကြား ရောင်းရတဲ့အပြင် သကြားတအိတ် (၂၁၃)ယွမ် ဈေး ရှိတဲ့ အတွက် သကြား ကုန်သည် တွေတော့ အခြေအနေ ပြန်ကောင်း လာတယ် လို့ဆိုရပါမယ်။

ဒါကြောင့် တနင်္လာနေ့က သကြားကား(၂၆၈)စီး၊ အိတ်ရေ (၉၆,၄၈၀)တန်ချိန်အားဖြင့် (၄၈၀၀)ကျော်တောင် လာပါတယ်။

ရေထွက်ကုန် ဂဏန်းတွေလဲ တိုးတိုးပြီး ဝင်လာရာ ဒီတပတ်အတွင်း(၂၅၂) တန် ကျော် အထိ ဝင်ပါတယ်။

ရာသီကုန်တွေဘက် ကြည့်မယ်ဆိုရင် နာမည်ရ သီပေါကုန်းသာ နာနတ်သီးတွေ (၁၂)ဘီး ကားကြီးတွေနဲ့ ကားစီးလုံးတိုက် ဝင်လာနေပြီ ဖြစ်သလို တရုတ်ပြည် အတွင်းပိုင်း က ဆီချွမ်း-ချုံချင့်ဘက်ကတောင် (၂၂) ဘီး ကားကြီး တွေနဲ့ နာနတ်တွေ လာဆွဲတာ တွေ့ရပါတယ်။

နမ္မတူဘက်က လာတဲ့ ဇင့်တွေလို့ ဆိုတဲ့ သတ္တုရိုင်းအိတ်တွေ ကားစီးလုံးတိုက် ဝင်လာတာလဲ ထူးထူးခြားခြားတွေ့ရပါတယ်။

မြန်မာနိုင်ငံ ဘက် သွားနေတဲ့ သွင်းကုန်(တရုတ်ကုန်)တွေဖက်ကို ကြည့်မယ်ဆိုရင် တရုတ် ဓာတ်မြေဩဇာ မျိုးစုံ၊သစ်သီးဝလံ မျိုးစုံနဲ့ စက်ပစ္စည်းမျိုးစုံတွေ ပုံမှန်မပျက်သွားနေတာ တွေ့ရသလို ဆိုင်ကယ်မျိုးစုံ၊ ဆောက်လုပ်ရေးသုံး ပစ္စည်းမျိုးစုံ နဲ့လူသုံးအိမ်သုံးမျိုးစုံတွေ သွားနေတာတွေ့ရပါတယ်။

တရုတ်-မြန်မာ နယ်စပ်မှာ အင်္ဂါနေ့ နယ်စပ် ငွေလဲနှုန်းက(၅၅၆)ပါ။

မြန်မာငွေ ကျပ်(၁၀၀၀)ဟာ တရုတ်ငွေ (၅)ယွမ်နဲ့(၅၆)ပြား ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ