တရုတ်-မြန်မာနယ်စပ် စီးပွားရေး အခြေအနေ

  • 8 ဇွန် 2016
rice
Image caption ဆန်ရောပြောင်းပါ အနည်းငယ်တိုးပြီး ဝင်လာ

မူဆယ်(၁ဝ၅)မိုင်က ဝင်လာတဲ့ မြန်မာ့ပို့ကုန်တွေမှာ အဓိက လယ်ယာထွက်ကုန် ဖြစ်တဲ့ ဆန်ရောပြောင်းပါ ခုတလော အနည်းငယ်တိုးပြီး ဝင်လာတာ တွေ့ရပါတယ်။

တရုတ်ဘက်ခြမ်းမှာ ကျိုးကြား ကျိုးကြား အဖမ်းအဆီးတွေ ရှိနေပေမယ့် အရောင်းအဝယ် ပြန်လိုက် လာတာကြောင့်အခုလို ပို့အား ပြန်တက်လာတာလို့ပဲ ဆိုရပါမယ်။

ဇွန် ၆ ရက်နေ့ကဆိုရင် ဆန်က ဆန်ကွဲ(၂၂)စီး အပါအဝင် ဆန်ကား စုစုပေါင်း(၈၅)စီး၊ အိတ်ရေ (၂၉,၉၄၀) တန်ချိန်အားဖြင့် (၁၄၉၇)တန်လာပါတယ်။

ပြောင်းလဲ ကားစီးရေ(၅ဝ)ကျော် အိတ်ရေ(၁၈,၀၀၀)ကျော် လောက် လာပါတယ်။

ဆန်တွေက ၆ ရက်နေ့ ကဆိုရင် အိတ်ရေ(၁၀,၀၀၀)လောက်အထိ ပြန်ရောင်းရ လာသလို ပေးဈေးကလဲ မဆိုးလှဘူးလို့ဆိုရပါမယ်။

မြောင်းမြနွေရှယ်က တအိတ်ကို (၁၅၃)ယွမ်၊ ရတနာတိုး (၁၅၂)ယွမ်၊ ခရမ်းသုံးခွ ငစိန်ထိပ်စ (၁၄၇)ယွမ်ဈေး ရသလို တောင်ငူအုတ်တွင်း-မနောသုခ အလတ်စလေးတွေတောင် (၁၄၂)ယွမ်ဈေး ရပါတယ်။

ပြောင်းကတော့ လှမှ တအိတ်ယွမ်(၉၀)ပဲ ရတာကြောင့် ဈေးနိမ့်နေဆဲဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption သရက်သီးတွေ လာမြဲလာနေ
သကြား ဆွဲအားများ

လက်ရှိကာလမှာ ပမာဏအများဆုံး လာနေ တာကတော့ သကြားတွေပါပဲ။ မနေ့ကဆိုရင်-သကြားကား (၃၆၅)စီး အိတ်ရေ (၁၃၁,၄၀၀)တန်ချိန်အားဖြင့် (၆၅၇၀)တောင် စံချိန်ချိုးခမန်း လာပါတယ်။

ဝယ်လက်ဆွဲအား ကလဲ ကောင်းတဲ့အတွက် လာသမျှ အကုန်ပြတ်အောင် ရောင်းရပါတယ်။

ဈေးကလဲ တက်တောင် ရလာရာမှာ သကြားတအိတ်-လက်ရှိပေါက်ဈေး ယွမ်(၂၂ဝ)တောင် ရှိပါတယ်။ ဒါကြောင့် ဆန်သမား တချို့တောင် သကြားကို ပြောင်းလုပ်နေကြတာ ရှိပါတယ်။

ရာသီကုန်တွေဘက်ကို ကြည့်မယ်ဆိုရင် သရက်သီးတွေ လာမြဲလာနေတုန်း ဖြစ်သလို ရှမ်းမြောက် သီပေါနယ်ထွက် နာနတ်သီးတွေလဲ တနေ့ထက်တနေ့ တိုးတိုးပြီးကို ဝင်လာနေပါတယ်။

ရေထွက်ကုန်-ဂဏန်းတွေလဲ တိုးတိုးပြီး ဝင်လာနေရာမှာ ဒီတပတ်အတွင်း (၂၉၅)တန်ကျော် တောင် ဝင်ပါတယ်။

ဒါပေမဲ့ ဂဏန်းဈေးကတော့ ကျပါတယ်။ အရင်လက ဂဏန်းတတန်- ဒေါ်လာ(၃၄၀၀)ဈေးရှိခဲ့ပေမယ့် လက်ရှိ ဇွန်လ အတွက် တတန်-ဒေါ်လာ(၂၅၀၀)ပဲ သတ်မှတ်ထားပါတယ်။

Image caption ဆိုင်ကယ်နဲ့ ထော်လာဂျီတွေ ပုံမှန်မပျက် သွားနေ

မြန်မာနိုင်ငံဘက် သွားနေတဲ့ သွင်းကုန်(တရုတ်ကုန်)တွေဘက်ကို ကြည့်ရင် ခုတလော သုံးဘီး ဆိုင်ကယ်တွေ ကားသုံးလေးစီးတိုက် အမြောက်အများ ပြန်သွား နေရတာ တွေ့ရပါတယ်။

ဆိုင်ကယ်၊ ထော်လာဂျီနဲ့ အပိုပစ္စည်းမျိုးစုံ၊ စက်ပစ္စည်းမျိုးစုံ၊ တရုတ် သစ်သီးဝလံ မျိုးစုံတွေ ပုံမှန်မပျက် သွားနေသလို သံချောင်းသံပိုက် အလူမီနီယမ်ချောင်းနဲ့ လူသုံး အိမ်သုံးမျိုးစုံ တွေလဲ သွားနေပါတယ်။

တရုတ်-မြန်မာနယ်စပ်မှာ နယ်စပ်ငွေလဲနှုန်းကတော့ (၅၅၅၅)ပါ။ မြန်မာငွေ ကျပ်(၁၀၀၀)ဟာ တရုတ်ငွေ (၅)ယွမ်နဲ့(၅၅)ပြားခွဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ