ဒေါ်စု လွတ်လာတဲ့ အပေါ် တိုင်းရင်းသားတွေရဲ့ အမြင်

  • 16 နိုဝင်ဘာ 2010
Image caption ချင်းတိုင်းရင်းသား ဝတ်စုံနဲ့ ဒေါ်စု

ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်က လွတ်မြောက် လာတဲ့အပေါ် သာမန် တိုင်းရင်းသား ပြည်သူတွေက ဘယ်လိုမြင်ကြလဲ ဆိုတာကို လက်လှမ်းမီ သလောက် တိုင်းရင်းသား တချို့ကို မေးကြည့်တဲ့ အခါ မူဆယ်မြို့က ရှမ်းတိုင်းရင်းသားတစ်ဦးကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းရင်းသား အရေးကို လုပ်ပေးနိုင်ဖို့ မျှော်လင့်တဲ့ အကြောင်း ပြောပါတယ်။

တစ်ခါ ရခိုင်တိုင်းရင်းသား တစ်ဦးကလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်လာတာဟာ အားတစ်ခု ဖြစ်တယ်လို့ ပြောပါတယ်။

ယူကေရောက် ချင်းတိုင်းရင်းသား တစ်ဦးကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အားလုံးနဲ့လက်တွဲပြီး တန်းတူညီမျှရေးအတွက် လုပ်ဆောင်ပေးဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

Image caption ကရင်ဝတ်စုံ ဆင်မြန်းထားတဲ့ ဒေါ်စု

တိုင်းရင်းသား လက်နက်ကိုင်နဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေရဲ့ တုန့်ပြန်မှုနဲ့ ပတ်သက်လို့ ကရင်အမျိုးသား အစည်းအရုံး ကေအင်ယူ အဖွဲ့ ဒုတိယ ဥက္ကဌ စောဒေးဗစ် တာကပေါ က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာကို ဝမ်းသာဂုဏ်ပြု ကြိုဆိုပြီး သူမကို ဖမ်းဆီး ချုပ်နှောင်လိုက် ပြန်လွှတ် ပေးလိုက် လုပ်နေတဲ့ စစ်အစိုးရရဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်း ပြောပါတယ်။

Image caption ရှမ်းဝတ်စုံနဲ့ ဒေါ်စု

ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော်က ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်ကလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့ အတွက် ဝမ်းသာပြီး ကြိုဆိုပါကြောင်း ၊ အခုအခါ အားလုံးအတွက် ကောင်းမွန်နဲ့ လမ်းကြောင်းတခုကို ရွေးဖို့ လိုတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တချိန်ချိန်မှာ ပြုပြင်မရတဲ့ အမှားမျိုးကို လက်နက်ကိုင်နဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေ အားလုံးက ရှောင်ရှား ရမယ်လို့လည်း ပြောကြား သွားပါတယ်။

မွန်ပြည်သစ် ပါတီ ဥက္ကဌ နိုင်ဟံသာကလည်း ဒေါ်အောင်ဆန်းစုကြည် အစဉ်တစိုက် လုပ်ဆောင်နေတဲ့ အမျိုးသာ ရင်ကြားစေ့ရေးဟာ အကောင်းဆုံးနဲ့ အမှန်ဆုံး နည်းလမ်းဖြစ်တယ်လို့ ယူဆကြောင်း ၊ ဒါတွေ မရှိခဲ့လို့ တဖွဲ့နဲ့တဖွဲ့ အလှမ်းဝေးပြီး နိုင်ငံရေး အရ မဖြေရှင်းနိုင်ကြတာ ဖြစ်ကြောင်း ၊ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို ဒေါ်စုက ဦးဆောင်ပြီး လုပ်မယ်ဆိုရင် နောက်က လိုက်ကြမှာ ဖြစ်ကြောင်းနဲ့ ပြည်သူတွေ လိုက်ပါလာရင် အောင်မြင် မှာပါလို့ ပြောပါတယ်။

စီအင်န်အက်ဖ် ချင်းအမျိုးသား တပ်ဦးရဲ့ ဗဟို အလုပ်မှုဆောင် ၊ အမေရိကန် ပြည်ထောင်စု အင်ဒီယားနား တက္ကသိုလ်က ဥပဒေ ပညာရှင် ဒေါက်တာ ဆလိုင်း ငုန်ကျုန်းလျှံကတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှု အောက်ကနေ တိတိကျကျ တခုပြီး တခု လုပ်ဆောင်ရင် ရနိုင်မယ်လို့ ယူဆကြောင်း ၊ အန်အယ်ဒီကို အားပြန်ဖြည့်ပြီး ၂ဝ၁ဝ ရွေးကောက်ပွဲ အပြီး ပေါ်လာတဲ့ နိုင်ငံရေး ပါတီသစ်တွေနဲ့ ပူးပေါင်းလုပ်ဆောင်ကာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကော ပြည်ပရောက် ဒီမိုကရေစီ အင်အားစုတွေကော စုပေါင်းထားတဲ့ နိုင်ငံရေး အခင်းအကျင်း ဖန်တီးကာ တပ်မတော်နဲ့လည်း ညှိနှိုင်းမယ် ဆိုရင် အောင်မြင်မယ်လို့ ဆိုပါတယ်။