တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်

  • 22 နိုဝင်ဘာ 2010
Image caption ဒီနှစ် တောင်ကြီး မီးပုံးပျံ လွှတ်တင်ပွဲ

ယခုနှစ် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံ ပွဲတော်ကို နိုဝင်ဘာ ၁၄ ရက်နေ့မှာ စတင် ကျင်းပခဲ့ပြီး ၁၉၅၄ ခုနှစ်ကတည်း ကဆိုရင် အခုနှစ် ပွဲတော်ဟာ မီးပုံးပျံ အများဆုံး လွှတ်တင် နိုင်ခဲ့တာ ဖြစ်ပြီး မီးပုံပျံ အလုံးရေ ၄၂၂ လုံးရှိတယ်လို့ သိရပါတယ်။

အခုလို စံချိန်တင် လွှတ်တင်နိုင်တာဟာ နည်းပညာ တိုးတက် ဆန်းပြားလာခြင်း ၊ လူငယ်တွေက ဝါသနာကြီးလာခြင်းနဲ့ ရိုးရာအမွေ ထိန်းသိမ်းဖို့ အတွက် ပိုမို စိတ်အား ထက်သန်လာခြင်း တို့ကြောင့် ဖြစ်ပါတယ်။

မီးပုံးပျံပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ အတွက် တလလောက် ကြိုတင်ပြင်ဆင် ကြရပြီး အခုနှစ် ပြိုင်ပွဲတွင် မီးပုံးပျံ အမျိုးအစား ငါးမျိုး ရှိကာ တိရစ္ဆာန်ပုံများဖြင့် ဝင်ပြိုင်ကြတာ ဖြစ်ပါတယ်။

နေ့လွှတ် မီးပုံးပျံတွင် ခြေနှစ်ချောင်း၊ ခြေလေးချောင်းနဲ့ အုပ်စုတို့ ပါဝင်ပြီး ညလွှတ် မီးပုံးပျံတွင် ညမီးကြီး နဲ့ စိန်နားပန်တို့ ပါဝင်ကြောင်း ၊ ကုန်ကျစရိတ်မှာ ကျပ် ၂၅ သိန်းထိ ရှိတက်တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

နည်းပညာ တိုးတက်လာမှုကြောင့် အခုနှစ်ပိုင်းတွေ အတွင်း အပျက်အစီး နည်းတယ်လို့ ဆိုပါတယ်။

ကထိန်လှည့်လည် ပွဲလည်း တပြိုင်နက် ကျင်းပကြပြီး တန်ဆောင်မုန်း လပြည့်နေ့ညတွေ မီးရောင်စုံ ထွန်းညှိထားတဲ့ ပဒေသာပင် ၃ဝဝ ၊ ၄ဝဝ လောက်ကို ရိုးရာဝတ်စုံ ဆင်ယင်ထားတဲ့ လူငယ်တွေက ကိုင်ဆောင်က မြို့တပတ် လှည့်လည်ပြသ ကြတယ်လို့ သိရပါတယ်။