ကရင်ပြည်နယ်တွင်း တိုက်ပွဲ ဆက်ဖြစ်

  • 9 ဒီဇင်ဘာ 2010
Refugees
Image caption စစ်ပွဲဖြစ်တိုင်း ထွက်ပြေးလာရတဲ့ ရွာသားများ

မြဝတီမြို့တောင်ဖက် မိုင် ၅၀ လောက်အကွာက နအဖစစ်တပ် သိမ်းထားခဲ့တဲ့ ဝေါ်လေမြိုင်ရွာကို မနေ့ညတုံးက ဒီကေဘီအေခွဲထွက်အဖွဲ့နဲ့ နအဖတပ်တွေ တိုက်ပွဲဖြစ်လို့ ရွာသားတွေ ညအမှောင်ထဲမှာ ထိုင်းဖက်ကို ထွက်ပြေးလာရပါတယ်။

ဝေါ်လမြိုင်ရွာဟာ ဒီကေဘီအေ ဗိုလ်နှုတ်ခမ်းမွှေးရဲ့ ဌာနချုပ်ဟောင်းဖြစ်ပြီး နအဖအစိုးရတပ်တွေက ပြီးခဲ့တဲ့ တစ်လက သိမ်းခဲ့တာ ဖြစ်ပါတယ်။

ဒီလိုတိုက်ခိုက်မှုတွေကြောင့် ဝေါ်လေမြိုင်ရွာမှာနေထိုင်တဲ့ ထောင်နဲ့ချီတဲ့ရွာသားတွေ ညအမှောင်ထဲမှာထိုင်းဖက်ကို ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။

ထွက်ပြေးလာတဲ့ရွာသားတချို့က တိုက်ပွဲအခြေအနေကို ပြောပြရာမှာ ''အခုကျွန်မတို့ ဝေါ်လေမှာ ငပွေးနဲ့ ဒီကေဘီအေနဲ့ ရွာထဲမှာပစ်ထည့်တာ အလုံးကြီး ၂ လုံးအိမ်ရှေ့ တည့်တည့်မှာကျတယ်။ ရှစ်နာရီထဲကပစ်နေတာ။ ဒုက္ခရောက်မှရောက်ပဲ'' လို့ ပြောပါတယ်။

ငပွေးဆိုတာက ကေအင်ယူကို နအဖတပ်နဲ့ မြန်မာဖက်ခြမ်းက ဒေသခံတချို့က ခေါ်တဲ့ အသုံးအနှုန်းဖြစ်ပါတယ်။ ဒီကေဘီအေ ခွဲထွက်အဖွဲ့ဘက်ကနေ ကေအင်ယူအပြင် ABSDF တပ်လည်း ဝင်ကူတိုက်တယ်လို့ သိရပါတယ်။

နောက်ထွက်ပြေးလာသူတစ်ဦးကလည်း ''လက်နက်ကြီးဟာ လွတ်ရုံပဲ၊ အခုအမိုးတို့ ပြေးလာတာ။ လက်နက်ကြီး၊ စက်လတ်၊ ကာဘိုင်သံကော။ ဆယ့် ခြောက်ကော၊ တိုက်ပွဲအကြီးအကျယ်ဖြစ်နေတယ်'' လို့ ဘီဘီစီကို ပြောပါတယ်။

အခုပြေးလာတဲ့စစ်ပြေးဒုက္ခသည်တွေကို ထိုင်းအာဏာပိုင်တွေက မြန်မာဖက်မှာ တိုက်ပွဲမရှိတော့ဘူးဆိုပြီး ပြီးခဲ့တဲ့ နှစ်ရက်အတွင်းကပဲ ဝေါ်လေမြိုင်ရွာကို ပြန်ပို့ခဲ့တာဖြစ်ပါတယ်။

ဒီလိုတိုက်ပွဲတွေ မကြာခဏဖြစ်နေတဲ့ အတွက် မြန်မာဖက်နယ်စပ်က ရွာသားတွေ ထိုင်းဖက်ကို ပြေးလာလိုက် ပြန်သွားလိုက် အကြိမ်ကြိမ်ဖြစ်နေပါတယ်။