နောက်ဆုံး ရေးသားချိန် 2 မတ်လ 2011 - 20:54 GMT

လန်ဒန်မှာ ကျင်းပတဲ့ မွန် အမျိုးသားနေ့

မာ'သိုက်ဆာန်

မွန် အမျိုးသားနေ့ ၆၄ကြိမ်မြောက် လန်ဒန်မှာ ကျင်းပ

မွန်အမျိုးသားနေ့သည် မွန်လူမျိုးများ အတွက် တန်ဖိုး ထားစရာ နေ့ထူး တနေ့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဆိုရှယ်လစ် လမ်းစဉ်ပါတီ အုပ်စိုးခဲ့စဉ်က မွန်ပြည်နယ်နေ့ ဟူ၍ အစိုးရက သတ်မှတ် ပေးခဲ့သော်လည်း မွန်ပြည်သူ အများစုက မွန်ပြည်နယ်နေ့ထက် မွန်အမျိုးသားနေ့ကို ပိုပြီး စိတ်ဝင်စားစွာ လက်ခံ ကျင့်သုံးခဲ့သည့် အလျောက် မွန်ပြည်နယ်နေ့မှာ ပျောက်ကွယ်လုမတက် ဖြစ်နေပြီး မွန်လူမျိုး များက အနှစ်သာရခြင်း မတူဟု ဆိုကြပါတယ်။

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ Asford Assembly ခန်းမမှာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က မွန်အမျိုးသားနေ့ အခမ်းအနား တရပ်ကို စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။

အခု ကျင်းပခဲ့သည်မှာ ၆၄ ကြိမ်မြောက် ဖြစ်ပြီး UK မှာ ရောက်ရှိနေတဲ့ မွန်လူငယ်တွေ ၁ဝ ကြိမ်မြောက် ကျင်းပခဲ့တဲ့ ပွဲလည်း ဖြစ်ပါတယ်။

အခမ်းအနား ကျင်းပရတဲ့ ရည်ရွယ်ချက် ကတော့ မွန်တိုင်းရင်းသား တို့ရဲ့ စာပေ ၊ ယဉ်ကျေးမှုနဲ့ ရိုးရာ ဓလေ့ထုံးတမ်း အစဉ်အလာ မပျက် ထိန်းသိမ်း မြှင့်တင်ဖို့နဲ့ ဝံသာနု စိတ်အစဉ် ထက်မြက် ရှင်သန်ဖို့ အပြင် ချစ်ကြည် ရင်းနှီးမှု တည်ဆောက်ခြင်း စတဲ့ အချက်တွေ ပါဝင်ပါတယ်။

အခမ်းအနားမှာ မွန်တိုင်းရင်းသား တို့ရဲ့ အထိမ်းအမှတ် ရွှေဟင်္သာ အလံကို အလေးပြုခြင်း ၊ မွန်အမျိုးသားနေ့ အထိမ်းအမှတ် စာပေ ဟောပြောခြင်းနဲ့ တချိန်တည်းမှာ ကြွရောက်လာတဲ့ ဧည့်သည်တော် တိုင်းရင်းသား ညီအကို မောင်နှမ တွေကို ရိုးရာ အစားအသောက် ရောင်းချ ပေးပါတယ်။

ရောင်းချလို့ရတဲ့ ရံပုံငွေကို နှစ်စဉ် မွန်တိုင်းရင်းသား ကလေးငယ်များရဲ့ စာပေ သင်ကြားရေးအတွက် အထောက်အပံ့ လှူဒါန်း နေတာ ဖြစ်ပါတယ်။

မွန်တပင်တိုင် အက ၊ မွန်နှစ်ပါးသွား ၊ ရွှေဟင်္သာ မောင်မယ် အကများ ပရိတ်သတ် ရင်ထဲ စွဲငြိစေသလို ခေတ်ပေါ် တေးဂီတ တီးဝိုင်းက လူငယ်တွေရဲ့ ဖျော်ဖြေမှု ကလည်း မြိုင်ဆိုင် လှပါတယ်။

၆၄ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားရဲ့ ထူးခြားတဲ့ အစီအစဉ်ကတော့ မွန်ဝတ်စုံတွေနဲ့ ဆန်းသစ်ထားတဲ့ မော်ဒယ် ရှိုး ဖြစ်ပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။