ကချင်ပြည်နယ်အတွင်း စစ်ရေးအနေအထား

ရေးသားသူ။ အောင်ဇော်မြင့်

Image caption KIA တပ်ဖွဲ့ဝင်များ

ကချင်လွတ်လပ်ရေးအဖွဲ့ KIO လက်အောက်ခံ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တွင် တပ်မဟာ(၅) ခုရှိသည်။ ထိုတပ်မဟာ (၅)ခုအနက် တရုတ်မြန်မာနယ်စပ် လိုင်ဇာမြို့ရှိ KIOဌာနချုပ် အခြေစိုက်ရာ တပ်မဟာ(၅)ဒေသသည် အခြားတပ်မဟာ များနှင့် စစ်ရေးအရ ဆက်သွယ်ရေး လမ်းကြောင်း ကောင်းမွန်သည့် အတွက် အဓိကအကျဆုံး ဖြစ်သည်။ KIA တပ်ဖွဲ့ တပ်မဟာ(၅) ခု၏ တောင်ပိုင်းဒေသမှ မြောက်ပိုင်းဒေသသို့ နယ်မြေပိုင်းခြား သတ်မှတ်မှု နှင့် ပတ်သက်၍ တပ်မဟာ တခုချင်းစီအလိုက် ဖော်ပြရလျှင် လောလောဆယ် အစိုးရ တပ်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် တပ်မဟာ(၃) ဒေသမှာ ဗန်းမော်ခရိုင်အတွင်းရှိ မန်စီ၊ မိုးမောက်မြို့နယ်နှင့် တရုတ်ပြည်နယ်စပ် လွယ်ဂျယ်ဒေသတို့တွင် အခြေပြု၍ လှုပ်ရှားသည်။

ထို့အပြင် ဗန်းမော်မြို့မှနေ၍ အရှေ့ဖက်တွင် တရုတ်ပြည်နယ်စပ်၊ တောင်ဖက်တွင် ရှမ်းပြည်နယ်စပ်နှင့် မြောက်ဖက်တွင် တာပိန်မြစ်အထိ လှုပ်ရှားနယ်မြေများ ပါဝင်သည်ဟု KIA က ပြောသည်။ တာပိန်မြစ်သည် တပ်မဟာ(၃)နှင့် တပ်မဟာ(၅)တို့၏ နယ်ခြားမျဉ်းဖြစ်သည်။အဓိက အကျဆုံးဖြစ်သည့် တပ်မဟာ(၅) ဒေသသည် ဧရာဝတီမြစ်နှင့် တာပိန်မြစ်ဆုံရာ ဒေါ့ဖုန်းယန်မြို့နယ်မှနေ၍ အရှေ့ဖက်တွင် တရုတ်မြန်မာနယ်စပ်၊ မြောက်ဖက်တွင် ချီဖွေနှင့် ဆဒုံးမြို့နယ် များအထိ ပါဝင်သည်။ ထို့အပြင် ဒေါ့ဖုန်းယန်မြို့နယ်၏ အနောက်မြောက်ဖက်တွင် ဝိုင်းမော်မြို့နယ်အထိ ပါဝင်သည်။ကချင်လွတ်လပ်ရေးတပ်မတော် KIA ၏ တပ်မဟာ(၅)ခုအနက် နယ်မြေအကျယ်ဆုံးဖြစ်သည့် တပ်မဟာ(၂) ဒေသသည် ဗန်းမော်မြို့၏ တဖက်ကမ်း ဧရာဝတီမြစ် အနောက်ဖက်ခြမ်း ဒေသများ ဖြစ်သည့် မိုးညှင်းနှင့် မြစ်ကြီးနားခရိုင် အတွင်းရှိ မိုးကောင်း၊ တနိုင်းနှင့် ဖားကန့်မြို့နယ်များ အပါအဝင် ကချင်ပြည်နယ် အနောက်ဖက်ခြမ်း ရှင်ဗွေယန်မြို့နယ်အထိ ပါဝင်သည်ဟု သိရသည်။

ရေအားလျှပ်စစ်စက်ရုံတည်နေရာ

Image caption ကချင်ပြည်နယ် သဘာဝတောတောင်ရှုခင်း

ကချင်ပြည်နယ်၏ အကြီးဆုံး ရေအားလျှပ်စစ် စက်ရုံစတင်တည်ဆောက်နေသည့် မြစ်ဆုံဒေသမှနေ၍ မြောက်ဖက်တွင်ရှိသည့် အင်ဂျန်းယန်၊ ဆွမ်ပရာဘွမ်၊ ပူတာအို မြို့နယ်များသည် KIA တပ်မဟာ(၁) လှုပ်ရှား နယ်မြေများဖြစ်သည်။ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့အား ၁၉၆၁ ခုနှစ်က ရှမ်းပြည်မြောက်ပိုင်းတွင် စတင်ဖွဲ့စည်းခဲ့သည်။ ထိုဒေသတွင် အခြေစိုက်လှုပ်ရှားနေသည့် တပ်ဖွဲ့အား ယခုအခါ KIA တပ်မဟာ(၄) ဒေသအဖြစ် သတ်မှတ်ခေါ်ဝေါ်ခဲ့ပြီး ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် အခြေစိုက်ထားသည်။ မူဆယ်၊ နမ့်ခမ်း၊ နမ့်ဖတ်ကာ မြို့နယ်များတွင် လှုပ်ရှား၍ တပ်မဟာ(၃) ဒေသနှင့်လည်း နယ်မြေချင်း ထိစပ်မှုရှိသည်။လောလောဆယ် KIA တပ်ဖွဲ့ဝင် အင်အား မည်မျှရှိသည်ကို တပ်ဖွဲ့အနေနှင့် ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း တစ်သောင်းကျော် ရှိနိုင်သည်ဟု စစ်ရေးလေ့လာသူများက ခန့်မှန်းပြောဆိုသည်။

အစိုးရစစ်တပ်အနေအထား

မြန်မာအစိုးရ ဖက်တွင်မူ ကချင်ပြည်နယ်တွင် ၁၉၉၄ ခုနှစ် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မတိုင်မှီက တပ်ရင်း (၂၀) ခန့်သာ ရှိသော်လည်း အပစ် အခတ်ရပ်စဲရေး ပြုလုပ်ပြီးနောက်ပိုင်း စစ်ဗျူဟာ ကွပ်ကဲရေး ဌာနချုပ် (စကခ) နှစ်ခုနှင့် ဒေသ ကွပ်ကဲရေး စစ်ဗျူဟာ(ဒကစ)တစ်ခု အပါအဝင် အသစ် ထပ်မံတိုးချဲ့လိုက်သည့် တပ်ရင်းပေါင်း (၅၀) ကျော် ရှိသည်ဟု တရုတ်မြန်မာနယ်စပ် အခြေစိုက် စစ်ရေး လေ့လာသူဦးအောင်ကျော်ဇောက ပြောသည်။စကခ တစ်ခုလျှင် တပ်ရင်း(၁၀)ရင်းပါဝင်ပြီး ဗန်းမော်မြို့တွင် စကခ(၂၁)နှင့် မိုးကောင်းမြို့တွင် စကခ(၃) တို့ကို တိုးချဲ့ဖွဲ့စည်းခဲ့ပြီး တနိုင်းမြို့တွင် (ဒကစ) တစ်ခု ဖွဲ့စည်းခဲ့သည်။ ထို့အပြင် ကချင်တပြည်နယ်လုံး အတိုင်းအတာအရ သံချပ်ကာနှင့် တင့်ကားတပ်ရင်း၊ အမြောက်တပ်ရင်းများနှင့် လေကြောင်းရန် ကာကွယ်ရေးတပ်ကိုလည်း ဖွဲ့စည်းခဲ့သည်ဟု ဦးအောင်ကျော်ဇောက ပြောသည်။သို့သော် ယခင်ကဖွဲ့စည်းပုံအရ တပ်ရင်းတရင်းလျှင် တပ်ဖွဲ့ဝင်အင်အား (၄၀ဝ) ကျော်ရှိသော်လည်း အသစ်ထပ်မံဖွဲ့စည်းလိုက်သည့် တပ်ရင်းတရင်းလျှင် အင်အား (၁၅၀) ကျော်သာ ရှိသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ကချင်ပြည်သူ့စစ်

Image caption ကချင်တပ်ဖွဲ့များ စစ်ရေးလေ့ကျင့်နေစဉ်

ကချင်ပြည်နယ်တွင် KIA တပ်ဖွဲ့အပြင် နယ်ခြားစောင့်နှင့် ဌာနေပြည်သူ့စစ် တပ်ဖွဲ့အဖြစ် အသွင် ပြောင်းလိုက်သည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အချို့လည်းရှိသေးသည်။၁၉၈၉ ခုနှစ် ဒီဇင်ဘာလက ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ခဲ့သည့် ဦးစခုန်တိန့်ယိန်း ဦးဆောင်သော ကချင်ဒီမို ကရေစီသစ် တပ်မတော် NDA-K ၏ တပ်ရင်း (၃)ရင်းသည် ကချင်ပြည် အရှေ့မြောက်ဖက် တရုတ်မြန်မာ နယ်စပ်တလျှောက်ရှိ ပန်ဝါဒေသတွင် အခြေစိုက် လှုပ်ရှားနေပြီး စီးပွားရေးကို အဓိကထားလုပ်ကိုင်သည့် အဖွဲ့အဖြစ် လူသိများသည်။ယင်းတပ်ဖွဲ့ စတင်ဖွဲ့စည်းစဉ်က အင်အား(၉၀ဝ)ခန့်ရှိသော်လည်း လက်ရှိတွင် အင်အား (၄၀ဝ)ခန့်သာ ကျန်ရှိသည်ဟု KIA အရာရှိ များက ခန့်မှန်းပြောဆိုခဲ့ပြီး ၂၀ဝ၉ ခုနှစ်နိုဝင်ဘာလက နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းခဲ့သည်။

ထို့အပြင် ၂၀ဝ၄ ခုနှစ်က NDA-K အဖွဲ့မှ ခွဲထွက်ခဲ့သူ ရဝမ်အမျိုးသား ဦးတန်ဂွန်းတန် ဦးဆောင်သည့် လက်ရှိ အင်အား (၁၀ဝ) ခန့်သည် ပူတာအို ခရိုင် ခေါင်လန်ဖူးဒေသတွင် ဌာနေပြည်သူ့စစ်အဖွဲ့ အနေဖြင့် လှုပ်ရှားနေသည်။အလားတူ လွန်ခဲ့သည့် ၂၀ဝ၄ ခုနှစ်က ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ KIO မှ ခွဲထွက်ခဲ့သည့် ဗိုလ်မှူးကြီး လဆန်အောင်ဝါ ဦးဆောင်သော တပ်ဖွဲ့သည် လောလောဆယ် တပ်ဖွဲ့ဝင် အင်အား (၁၀ဝ) ခန့်ရှိပြီး ဝိုင်းမော်မြို့နယ် အရှေ့မြောက်ဖက်ရှိ ဂွေထူနှင့် ကဝါးယန်ကျေးရွာတို့တွင် အခြေပြု လှုပ်ရှားသည်။ ၎င်းတို့က၂၀ဝ၉ ခုနှစ် အောက်တိုဘာလတွင် ဌာနေပြည်သူ့စစ်အဖြစ် အသွင်ပြောင်းခဲ့သည်။