AMDP နဲ့ MNDF မွန်ပါတီ နှစ်ခု ပေါင်းမည်

  • 24 နိုဝင်ဘာ 2011
mon
Image caption မွန် အမျိုးသား အလံ

၂၀၁၀ ရွေးကောက်ပွဲမှာ အမတ် နေရာ တချို့ ရခဲ့တဲ့ မွန်ဒေသလုံး ဆိုင်ရာ ဒီမို ကရက်တစ် ပါတီ AMDP နဲ့ ရွေးကောက် ပွဲကို ကန့်ကွက် ခဲ့တဲ့ မွန်အမျိုးသား ဒီမို ကရေစီ အဖွဲ့ MNDF တို့ ပေါင်းစည်းဖို့ သဘော တူပြီးပြီလို့ ကာယံကံ ရှင်တွေက ဘီဘီစီကို ပြောပြပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ကြာသပတေး နှစ်ရက်က မော်လမြိုင်မြို့မှာ ပါတီနှစ်ခုက ကိုယ်စားလှယ် တွေ တွေ့ဆုံ ဆွေးနွေး ခဲ့ကြပြီးနောက် နှစ် ပါတီ ပေါင်းစည်းဖို့ သဘော တူခဲ့ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲကို ဝင်တုန်းက တပါတီထဲ ပေါင်းပြီး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပေမယ့် MNDF ကတော့ ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံတဲ့ အတွက် ရွေးကောက်ပွဲမဝင်ဖို့ ဆုံးဖြတ် ရာကနေ နှစ်ပါတီ ကွဲသွားပါတယ်။

ဒီလို နှစ်ပါတီ ကွဲတာကို မွန် ပြည်သူ လူထုက သဘော မကျတဲ့ အတွက် တပါတီထဲပြန် ပေါင်းဖို့ ဆုံးဖြတ်တာလို့ MNDF အတွင်းရေးမှုး ဒေါက်တာ မင်းစိုးလင်းက ဘီဘီစီကို ပြောပြပါတယ်။

နှစ်ပါတီ ပေါင်းစည်းဖို့ ကိစ္စ ဆွေးနွေးရာမှာ AMDP ဥက္ကဌ နိုင်ငွေသိန်းက သူနဲ့ ဒေါ်အောင် ဆန်းစုကြည်တို့ ဆွေးနွေး ခဲ့တာတွေကို ရှင်းပြခဲ့ပြီး တိုင်းရင်းသားတွေ ဘက်က စုစုစည်း စည်းနဲ့ အင်အား တခု ရှိဖို့ လိုအပ်လာပြီလို့ ကောက်ချချတဲ့ အတွက် ခုလို ပေါင်းစည်းဖို့ ဆုံးဖြတ်တာလို့ ဒေါက်တာ မင်းစိုးလင်းက ပြောပါတယ်။

ပါတီ နှစ်ခု ပေါင်းဖို့ ဆုံးဖြတ် ပေမယ့် မွန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ အနေနဲ့ ၂၀၀၈ ဖွဲ့ စည်းပုံနဲ့ ပတ်သက်တဲ့ သဘောထားကိုတော့ မပြောင်းကြောင်း၊ ဒီဖွဲ့စည်းပုံဟာ တိုင်းရင်း သား ပြည်သူ အပေါင်းရဲ့ အကျိုးကို ရှေးရှုတဲ့ ဖွဲ့စည်းပုံအဖြစ် မယူဆကြောင်း ဒေါက်တာ မင်းစိုးလင်က ပြောပါတယ်။

အဲဒိအတွက် သူတို့ အနေနဲ့ ရွေးကောက်ပွဲ ဝင်မဝင် မဆုံးဖြတ်ရသေးဘဲ ပါတီ နှစ်ခု ပေါင်းဖို့ ကိစ္စကို အရင် ပြီးအောင် လုပ်ဖို့သာ ဆန္ဒ ရှိတယ်လို့ ပြောပါတယ်။