နောက်ဆုံး ရေးသားချိန် 30 နိုဝင်ဘာလ 2011 - 01:52 GMT

၂၁ဝ၆ ကြိမ်မြောက် ရှမ်းနှစ်သစ်ကူး ပွဲတော် လန်ဒန်မှာ နွှဲပျော်

ရှမ်းနှစ်သစ်ကူး ပွဲတော် လန်ဒန်မှာ နွှဲပျော်

ရှမ်းနှစ်သစ်ကူး ပွဲတော်ကို နိုဝင်ဘာလကုန် ဒါမှမဟုတ် ဒီဇင်ဘာ လဆန်းမှာ နှစ်စဉ် ကျင်းပလေ့ ရှိပါတယ်။

ဗြိတိန် နိုင်ငံ အခြေပြု ရှမ်းယဉ်ကျေးမှု အသင်း ဖြစ်တဲ့ SCA - UK အသင်းက၂ဝဝ၅ ခုနှစ်က စပြီး ရှမ်းနှစ်သစ်ကူး ပွဲတော်ကို လန်ဒန်က နာမယ်ကြီး တက္ကသိုလ်တွေ ဖြစ်တဲ့ University College London (UCL) နဲ့ SOAS တို့မှာ နှစ်စဉ် အလှည့်ကျ ကျင်းပလာခဲ့တာ အခုနှစ် ထိတိုင် ဖြစ်ပါတယ်။

ဒီနှစ် ၂၁ဝ၆ ကြိမ်မြောက် ရှမ်းနှစ်သစ်ကူး ပွဲတော်ကို SOAS တက္ကသိုလ်မှာ စည်ကား သိုက်မြိုက်စွာ အောင်အောင်မြင်မြင် ကျင်းပခဲ့ပါတယ်။

တကယ်တော့ ၂၁ဝ၆ ကြိမ်မြောက် ရှမ်းနှစ်သစ်ကူးနေ့ဟာ နိုဝင်ဘာ ၂၆ ရက်နေ့မှာ ကျရောက်ခဲ့ ပေမယ့် အခက်အခဲ အမျိုးမျိုးကြောင့် နိုဝင်ဘာ ၂ရရက်နေ့ ကျမှ ကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။

ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ ပြည်ပရောက် ရှမ်းတိုင်းရင်းသား လူငယ်တွေ တက်တက်ကြွကြွ စည်းစည်းလုံးလုံးနဲ့ ကိုယ့်ယဉ်ကျေးမှုကို ထိန်းသိမ်းကာ မမေ့မပျောက်ကြဘဲ ရှမ်းယဉ်ကျေးမှုကို ကမ္ဘာက သိလာစေဖို့ ဖြစ်ပါတယ်။

နှစ်သစ်ကူးပွဲ အစီအစဉ် အရ မနက်ပိုင်းမှာ ရှမ်းဗုဒ္ဓဘာသာနဲ့ ရှမ်းပုရပိုဒ် အကြောင်း စာတမ်း ဖတ်ကြားခဲ့ကြပါတယ်။

အခမ်းအနားမှာ Oxford တက္ကသိုလ်နဲ့ Cambridge တက္ကသိုလ် အပြင် SOAS တက္ကသိုလ် တို့က ရှမ်းယဉ်ကျေးမှုနဲ့ ရှမ်းဗုဒ္ဓဘာသာ အကြောင်း လေ့လာတဲ့ ပညာရှင်တွေ ပါဝင် ဆွေးနွေး ခဲ့ကြပါတယ်။

နေ့လည်ပိုင်းမှာတော့ ဖျော်ဖြေမှု အစီအစဉ်တွေ ဖြစ်တဲ့ ကိန္နရီ အက ၊ တိုးနယား အကနဲ့ ဓါးသိုင်း အက အပြင် ရှမ်းနဲ့ ဗမာ သီချင်းတွေ ၊ ရှမ်းရိုးရာ အဝတ်အစား ဖက်ရှင်ရှိုး တွေလည်း ပြသ ဖျော်ဖြေခဲ့ ပါတယ်။

ဒါ့အပြင် ပွဲလာ ဧည့်ပရိသတ်ကို ရှမ်းရိုးရာ အစားအစာတွေနဲ့ အခမဲ့ တည်ခင်း ဧည့်ခံခဲ့ပြီး ၂၁ဝ၆ ကြိမ်မြောက် ရှမ်း နှစ်သစ်ကူး ပွဲတော်ကို ညနေ ခုနှစ်နာရီမှာ အောင်မြင်စွာ အဆုံးသတ် ခဲ့ကြပါတယ်။

မှတ်ချက် ။ ဓါတ်ပုံနဲ့ ဆောင်းပါး ကူညီသူမှာ ရှမ်းတိုင်းရင်းသား လူငယ် ကိုစိုင်းမိန်း ဖြစ်ပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။