နောက်ဆုံး ရေးသားချိန် 23 ဖေဖေါ်ဝါရီလ 2012 - 20:53 GMT

ကမ္ဘာတလွှား ချင်းအမျိုးသားနေ့ အထိမ်းအမှတ်များ

အိန္ဒိယ နိုင်ငံ ဒေလီမြို့က ချင်းအမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနား

ချင်းလူမျိုး တွေဟာ နယ်မြေ ဒေသ အလိုက် ဘာသာစကား ၊ မျိုးနွယ်စုနဲ့ ယဉ်ကျေးမှု မတူညီ ကွဲပြားကြကြောင်းကို အားလုံး လက်ခံ သိရှိ ထားကြတဲ့ အလျောက် တစ်မျိုးသားလုံးနဲ့ ဆိုင်တဲ့ ချင်းအမျိုးသားနေ့ ကျင်းပတဲ့ အခါ မျိုးနွယ်စု တစ်ခုတည်းရဲ့ သဘောဆန္ဒ ၊ ဘာသာစကားနဲ့ ကျင်းပတာထက် ဒေသအလိုက် မျိုးနွယ်စု ကိုယ်စားလှယ်များ ထားရှိပြီး အဲဒီ ကိုယ်စားလှယ်တွေနဲ့ ဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်းသင့်ကြောင်း ၊ အခမ်းအနား ကျင်းပတဲ့ အခါ မျိုးနွယ်စုတိုင်း နားလည်တဲ့ ဘာသာစကားကို သုံးသင့်ကြောင်း ယခင်နှစ်တွေက အကြိမ်ကြိမ် ပြောဆို ဆွေးနွေးခဲ့ပေမယ့် လူဦးရေ ပိုပြီး များပြားလာတဲ့ မျိုးနွယ်စုတွေက မျိုးနွယ်စု ကိုယ်စားလှယ်တွေ မဖိတ်ခေါ်ဘဲ သူတို့ သဘောအလျောက် ဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်းခြင်း ၊ မိမိတို့ ဘာသာ စကားတခုတည်းကို အခမ်းအနား ကျင်းပတဲ့ အခါ အကြိမ်ကြိမ် အသုံးပြုတာတွေကြောင့် ဒီကနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် နော်ဝေနိုင်ငံ Vennesla မြို့တွင် ချင်းအမျိုးသားနေ့ အခမ်းအနားကို သီးသန့် ကျင်းပရခြင်း ဖြစ်ကြောင်း ရှင်းလင်း အသိပေးလိုပါတယ်။

နောင်လာမယ့် နှစ်တွေမှာ ဘယ်နေရာမှာ မဆို ချင်းတိုင်းရင်းသား မျိုးနွယ်စု အားလုံး စုပေါင်း တိုင်ပင်ပြီး အတူတကွ တစုတစည်းတည်း ချင်းအမျိုးသားနေ့ကို အနှစ်သာရ ရှိစွာ ကျင်းပရန် တိုက်တွန်းလိုပါတယ်လို့ နော်ဝေ နိုင်ငံ Vennesla မြို့က ချင်းအမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနား ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နယူးဒေလီမြို့က ချင်းအမျိုးသားနေ့မှာ ချင်းလူငယ်တွေ ဝတ်စုံပြည့် တွေ့ရပုံ

ဖေဖေါ်ဝါရီ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ ၆၄ ကြိမ်မြောက် ချင်းအမျိုးသား နေ့ကို ချင်းအမျိုးသား တွေ အားလုံး တောင်းဆိုတဲ့ ကြားကပဲ လက်ရှိ ချင်းပြည်နယ် အစိုးရက ချင်းပြည်နယ်နေ့ အဖြစ်ပဲ ဟားခါးမြို့ ပြည်သူ့ အားကစား ကွင်းမှာ ကျင်းပ ပေးခဲ့ ပါတယ်။

၁၉၄၈ လွတ်လပ်ရေး ရပြီး နောက်ပိုင်း တိုင်းအုပ်ချုပ်ရေး စနစ်ကို ဖျက်ပြီး ဒီမိုကရေစီ စနစ်နဲ့ အစားထိုး တဲ့နေ့ကို ချင်းအမျိုးသားနေ့ အဖြစ် သတ်မှတ် ပြီးတော့ ၁၉၇၄ ခုနစ် အခြေခံ ဥပဒေ အရ ချင်းဒေသတိုင်းကို ချင်းပြည်နယ်အဖြစ် သတ်မှတ်ခဲ့တဲ့ ဇန်နဝါရီလ (၃) ရက်နေ့ ကို ချင်းပြည်နယ်နေ့ အဖြစ် သတ်မှတ်တာ ဖြစ်ပြီး ဖေဖော်ဝါရီ ၂၀ ရက်နေ့ကိုတော့ ချင်းအမျိုးသားနေ့လို့ ခံယူထား တာကြောင့် ဒေသခံတွေက မကျေနပ် ကြဘူးလို့ ဟားခါးမြို့ခံ ဦးဘန်လျန်းက ဘီဘီစီကို ပြောပြခဲ့ပါတယ်။

တက်ရောက်လာ ပရိတ်သက်များ ကလည်း ရုံပြည့်ရုံလျှံ

ချင်းပြည် နယ်မှာ ချင်း အမျိုးသား နေ့ ကျင်းပခွင့် မရပေမယ့် အိန္ဒိယ နိုင်ငံကို ရောက်နေတဲ့ ချင်းတိုင်းရင်းသား တွေကတော့ ချင်းအမျိုးသားနေ့ကို နယူးဒေလီ အနောက်ပိုင်းက ဘန်ဒါပူရ် အရပ်မှာ တနင်္လာနေ့က ကျင်းပခဲ့ပါတယ်။

မြန်မာပြည်မှာ ချင်းအမျိုးသားနေ့ ကျင်းပခွင့် မရတာဟာ အစိုးရက ချင်းလူမျိုးတွေရဲ့ အမျိုးသားရေး လုပ်ငန်းတွေကို ချေဖျက်တဲ့ လုပ်ရပ် ဖြစ်တယ်လို့ ဒီအခမ်းအနားမှာ တက်ရောက်ခဲ့တဲ့ မကြာခင်က မြန်မာ အစိုးရနဲ့ ပဏာမ ငြိမ်းချမ်းရေး သဘော တူညီမှု ယူထားတဲ့ ချင်းအမျိုးသား တပ်ဦး CNF ရဲ့ ဗဟို ကော်မတီ၀င် ဗိုလ်မှုးကြီး ဆော်လမွန်က ပြောပါတယ်။

တက်ရောက် လာတဲ့ နိုင်ငံရေး ခေါင်းဆောင် လက်နက်ကိုင် ခေါင်းဆောင် အသီးသီး ကလည်း စည်းလုံး ညီညွတ်ကြဖို့ အမှာစကားတွေ ပြောသွားကြပြီး ချင်းတိုင်းရင်းသား တွေက ရိုးရာအက ရိုးရာ သီချင်းတွေကို သီဆို ဖျော်ဖြေ ခဲ့ကြပါတယ်။

ရိုးရာဝတ်စုံနဲ့ ချင်းတိုင်းရင်းသားကြီး

နယူးဒေလီမှာ ကျင်းပတဲ့ ချင်းအမျိုးသားနေ့ အခမ်းအနားမှာ အိန္ဒိယကို အကြောင်း အမျိုးမျိုးကြောင့် ရောက်နေတဲ့ ချင်းတိုင်းရင်သား မျိုးစုံ ၁ထောင်ကျော်ဟာ သူတိုရဲ့ ရိုးရာ ၀တ်စုံတွေ ကိုယ်ဆီ ၀တ်ပြီး တက်ရောက် ခဲ့ပါတယ်။

အလားတူပဲ ချင်းအမျိုးသားနေ့ကို နိုင်ငံတကာရောက် ချင်းလူမျိုးတွေက မိမိတို့ ရောက်ရာ နိုင်ငံတွေမှာ ပြုလုပ် ကျင်းပခဲ့ပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။