ဝဒေသထဲ တိရိစ္ဆာန် ရောင်းဝယ် ဖောက်ကားမှုတွေ ပြည့်လျှံ နေ

  • 17 နိုဝင်ဘာ 2016
Image caption တရုတ်ပြည်ထဲ ရောက်နေရသလို ဖြစ်နေတယ်

ရှမ်းပြည်နယ်ထဲက ဝေးလံ ခေါင်သီတဲ့ ဝဒေသထဲ မူးယစ်ဆေး၊ ငွေကြေးနဲ့ သားရဲ တိရိစ္ဆာန် ရောင်းဝယ် ဖောက်ကားမှုတွေ ပြည့်လျှံ နေတယ်လို့ ကိုယ်တိုင် ရောက်ခဲ့တဲ့ ဘီဘီစီ သတင်းထောက် ဂျိုနာဖစ်ရှာက ပြောပါတယ်။

ဝ ဒေသကို လာချင်တယ်လို့ ပြောသူတိုင်းကို သူလျှို လာလုပ်မယ့် သူတွေလို့ မှတ်ယူ လေ့ ရှိခဲ့ကြတယ် ဆိုပြီး ဝ ဒေသခံ အာဏာပိုင် တစ်ယောက်က ဆိုပါတယ်။ မြန်မာ နိုင်ငံ တစ်ခုလုံး အတိုင်းအတာနဲ့ အပြောင်းအလဲ တွေ ရှိလာသလိုပဲ၊ ဝ နယ်လည်း ပြောင်းလဲ လာပါတယ်။

ဝ ဒေသက အာဏာပိုင်တွေ အနေနဲ့ ဘယ်လို သဘောထားမျိုး အရင်းခံလို့လည်း ဆိုတာကို သေချာ မသိရပေမယ့် ဘီဘီစီ အပါအဝင် နိုင်ငံတကာနဲ့ ပြည်တွင်း စာနယ်ဇင်း သမား တချို့ကို ဖိတ်ခေါ်ပြီး အာဏာပိုင်တွေ အစီအစဉ်နဲ့ ဒေသတွင်း လိုက်လံ ပြသ ခဲ့ပါတယ်။

မြန်မာပြည် အရှေ့မြောက် ဒေသ၊ တရုတ်နဲ့ နယ်စပ် အနီးက ဝင်ပေါက် တစ်ခုကနေ ဝ နယ်ထဲ ဝင်ခဲ့တာမှာ၊ တစ်ဘက်ခြမ်းမှာ မြန်မာ အစိုးရ စစ်သားတွေရဲ့ စိစိပေါက်ပေါက် ရှာဖွေတာ ခံခဲ့ရပြီး ဝနယ်ဘက်ခြမ်း အဝင်မှာတော့ ဝ ဒေသထဲ ကိုယ်ပိုင် ဖွင့်လှစ်ထားတဲ့ ဝ ရုပ်သံ ဌာနက သူတွေ အသင့် စောင့်နေ ခဲ့ကြတယ်လို့ ဂျိုနာ ဖစ်ရှာက ပြောပါတယ်။

ဗြိတိသျှ ကိုလိုနီ ခေတ်တုံးကတော့ ဖွံဖြိုးမှု နောက်ကျသေးတဲ့ ဝ လူမျိုးနွယ်ကို အင်္ဂလိပ်လို Wild Wa ၊ ဝရိုင်းတွေလို့ တောင် ခေါ်တွင် ခဲ့ပြီး ၊ ကြမ်းကြမ်းကြုတ်ကြုတ် စစ်တိုက်တာ၊ ရန်သူရဲ့ ဦးခေါင်းကို ဖြတ်ပြီး တိုင်မှာ ထူတာ စတဲ့ အပြုအမူတွေနဲ့ တွဲပြီး သိခဲ့ ကြရပါတယ်။ ဝ ဒေသဟာ ယူကေက ဝေလနယ်လောက် ရှိပြီး လူ ငါးသိန်း လောက် နေထိုင် နေကြပါတယ်။

၁၉၈၉ မှာ မြန်မာ ပြည်မ အစိုးရနဲ့ကြား ဝ သူပုန်တွေ ငြိမ်းချမ်းရေး ယူပြီး၊ ကိုယ့်ဒေကို ကိုယ် စိတ်ကြိုက် အုပ်ချုပ် လာတာမှာ နောက် ဆယ်စုနှစ် အတွင်း မှာပဲ ဘိန်း စိုက်ပျိုးမှု အကြီးအကျယ် ရှိလာတဲ့ အတွက် ကမ္ဘာပေါ် ဘိန်းနဲ့ ဘိန်းဖြူ အထွက်ဆုံး ဒေသတွေ အဖြစ် ဝ ဒေသနဲ့ ရွှေတြိဂံ ဒေသတွေ ကျော်ကြား လာခဲ့ ပါတယ်။ ဝနယ်ထဲ ရောက်နေရတဲ့ အချိန်မှာ မြန်မာ ပြည်ထဲ ရှိနေတဲ့ ခံစားမှု ထက်စာရင် တရုတ်ပြည်ထဲ ရောက်နေရသလို ဖြစ်နေတယ်လို့ ဂျိုနာ ဖစ်ရှာက ဆိုပါတယ်။

သုံးတာကလည်း တရုတ် ယွမ်ငွေ၊ အဓိက ဘာသာစကား ကလည်း တရုတ် မင်ဒရင်း၊ လျှပ်စစ်နဲ့ တယ်လီဖုန်း တို့လို အခြေခံ အရာတွေကို ကြည့်ပြန်ရင်လည်း တရုတ်ပြည်ဘက် ခြမ်းက လာတဲ့ အရာတွေ ဖြစ်ပါတယ်။မြန်မာပြည်ရဲ့ အစိတ်အပိုင်း ဖြစ်ရလို့ ဝ ဒေသ အတွက် ဘာရ သလဲ ဆိုတာ မသိဘူး လို့ အော်ဟစ် ရယ်မောရင်း ဝ ဒေသရဲ့ ဆောက်လုပ်ရေး ဝန်ကြီးက သူ့နယ်ထဲ ရောက်လာကြတဲ့ သတင်းသမား ဧည့်သည်တွေကို ပြောခဲ့ပါတယ်။

ဒါပေမယ့်၊ အဲဒီ့ ဝန်ကြီးကပဲ ဝ အနေနဲ့ ကိုယ်ပိုင် လွတ်လပ်ရေး ယူတာထက် စာရင်တော့ မြန်မာ နိုင်ငံရဲ့ အစိတ်အပိုင်း တစ်ခု အဖြစ်ပဲ ပို နေချင်တယ်လို့ ဆိုပါတယ်။ အဲဒီလို မြန်မာရဲ့ အစိတ်အပိုင်းလည်း ဖြစ်၊ တရုတ်နဲ့လည်း ပိုနီးစပ် ဆိုတဲ့ အချက်ဟာ ဝ ဒေသ အတွက် အင်မတန် မဟာဗျုဟာမြောက် အရေးပါပြီး ပြီးခဲ့တဲ့ အနှစ် ၂ဝ လုံးလုံး ဒီ အကွက်ကို သုံးပြီး တရုတ်နဲ့ မြန်မာနဲ့ကြား ဝက ကစားနေခဲ့ပါတယ်။

လက်နက် အပြည့်အစုံ တပ်ထားတဲ့ ဝ တပ်ကို ကြည့်ရင်လည်း မြနန်မာ အစိုးရ စစတ်တပ်နဲ့ လက်နက် အရာမှာ ပုခုန်းချင်း ယှဉ်နိုင်သလို၊ တရုတ်နဲ့ စီးပွားရေး အဆက်အဆံကြောင့် ဒေသထဲ လိုအပ်တဲ့ အခြေခံ အဆောက်အဦတွေကို ကောင်းကောင်း တည်ဆောက် နိုင်ပြီး ဓန ဥစ္စာ တောင့်တင်းမှု ရှိလာ စေပါတယ်။

မူးယစ်ဆေးကတော့ အဓိက ပြဿနာ ဖြစ်နေဆဲပါ။ တွေ့ခဲ့ရသမျှ ဘိန်း အကြီးအကျယ် စိုက်တာမျိုးကို ရပ်လိုက် ပြီဖြစ်ပေမယ့် ဝဟာ ယာဘ လို့ ခေါ်တဲ့ မက်သာဖက်တမင်း စိတ်ကြွဆေးတွေကို အဓိက ထုတ်လုပ်သူတွေ ဖြစ်လာတယ် လို့ ကုလသမဂ္ဂနဲ့ အမေရိကန် နိုင်ငံခြားရေး ဌာန တို့ က ပြောနေပါတယ်။

ဝ ဒေသ မြို့တော် ပန်ဆန်း မှာ၊ ည အချိန် ဒေသခံ လမ်းပြ မပါပဲ မြို့ထဲ လှည့်ပတ် ကြည့်ခွင့် သာခဲ့တာ မှာတော့ ဝ ဒေသရဲ့ ဥပဒေ ပြင်ပ အရာဟာ မူးယစ်ဆေး တင် မကဘူး ဆိုတာ သိလာ ရတော့တယ်လို့ ဂျိုနာဖစ်ရှာက ဆိုပါတယ်။ မျိုးတုန်းဖို့ အန္တရာယ် ကြုံနေရပြီလို့ သတ်မှတ် ထားတဲ့ တောရိုင်း တိရိစ္ဆာန် တွေရဲ့ အစိတ်အပိုင်း တွေ ရောင်းတဲ့ ဆိုင်တွေကို မြို့ရဲ့ လမ်းတွေ တိုင်းမှာလို တွေ့ခဲ့ ရပါတယ်။

ကျားစွယ်နဲ့ ခေါင်းခွံတွေ၊ ဆင်စွယ်တွေ၊ သင်းခွေချပ်ခွံတွေကို ဒီ အတိုင်းပဲ ပေါ်ပေါ်တင်တင် ရောင်းချ နေကြပါတယ်။ ဖောက်သည် အများစုက တရုတ်ပြည်ဘက်က သူတွေ ဖြစ်တယ်လို့ စျေးရောင်း ကောင်တာနောက်က အမျိုးသမီးတွေက ဆိုပါတယ်။ ရှားပါး တိရိစ္ဆာန်တွေ ရဲ့ အစိတ်အပိုင်းတွေ ရောင်းဝယ် နေတာကို တားဆီးရေးမှာ သူတို့ တာဝန် မရှိဘူးလို့ ဝ အာဏာပိုင်တွေက ယူဆ နေကြပါတယ်။

အဲဒီ့ အကောင်တွေဟာ ဝ ဒေသ ထွက် မဟုတ်ဘူးလို့ ဝရဲ့ နိုင်ငံခြားရေး ဝန်ကြီး ကျောက်ကော်အန်း က ပြောပြီး၊ သူတို့ နယ်ထဲ တကယ်တော့ တောရယ်လို့ မရှိတော့ဘူး၊ ရာဘာပင် စိုက်ပျိုးရေး လုပ်ဖို့ တောရှင်းတာ ကုန်ပြီလို့လည်း ဆိုပါတယ်။ တိရိစ္ဆာန် အစိတ်အပိုင်းတွေ ရောင်းဝယ် နေတယ် ဆိုတာ လွတ်လွတ်လပ်လပ် ရောင်းဝယ် ဖောက်ကားခွင့် ပေးထားတဲ့ သဘောပါပဲ လို့လည်း ဦးကျောက်ကော်အန်း က ဆိုပါတယ်။

မြန်မာပြည်မက ဥပဒေတွေရော နိုင်ငံတကာ ဥပဒေတွေပါ မသက်ရောက် မစိုးမိုး နိုင် ဖြစ်နေတဲ့ ဝဒေသ ထဲမှာ သူတို့ စိတ်ကြိုက် လွတ်လွတ်လပ်လပ် ပြုမူ နေနိုင်တဲ့ အချက်ကို ပြောင်းလဲ သွားလိုတဲ့ ဆန္ဒ မရှိကြပါဘူး။

မြန်မာ့ ဖဒရယ် ပြည်ထောင်စု သစ် တည်ထောင်ရေးထဲ ပါဝင်ဖို့ တရုတ်က ဖိအားပေးတဲ့ အတွက် နေပြည်တော် ၂၁ ရာစု ပင်လုံ ညီလာခံကို ဝ ကိုယ်စားလှယ်တွေ သွားတက် ပေမယ့် ကိုယ်စားလှယ် အဆင့်အတန်း ရင်ဘတ် တံဆိပ်ပြား မှားပေးတဲ့ ပြဿနာ ပေါ်ခဲ့ပြီး ပြန်ထွက် လာခဲ့ကြ ပါတယ်။

ဝ တွေဟာ ကိုယ့်သဘောနဲ့ကိုယ် နေခွင့်ရနေတဲ့ လက်ရှိ အခြေအနေပေါ် ကျေနပ် အားရ နေကြပုံ ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ