မယ်လ မှာ ယုံကြည်မှု ပျောက်ဆုံးခြင်း

  • 10 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် James connor
Image caption မယ်လ စခန်းနဲ့ တောင်ကမ်းပါးယံတွေ

ထိုင်းနယ်စပ်က မြန်မာ ဒုက္ခသည် စခန်းတွေမှာ လူ တသိန်းကျော် နေနေကြပါတယ်။ ဒီမှာ ပြည်တွင်းစစ် ပဋိပက္ခတွေက လွတ်အောင် ထွက်ပြေးလာကြတဲ့ လူမျိုးစုတွေ နေထိုင်ကြပါတယ်။

ဆယ်စုနှစ်တွေနဲ့ချီ နေကြတာမို့ သူတို့သားသမီးပါ ဒီမှာ ကြီးပြင်းကြပါတယ်။ အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်စဉ်နဲ့ မီးဖွားပြီး စိတ်ဓာတ်ကျတာကို လေလာဖို့ Gracia Fellmeth ဒီ စခန်းတွေကို မနှစ်က ရောက်လာ ခဲ့ပါတယ်။

မဲဆောက်က တနာရီလောက် ဘတ်စ်ကားစီးလိုက်ရင် တောထဲက မယ်လ စခန်းကို ရောက်ပါတယ်။ မနက်ခင်း မြူတွေ မှိုင်းတွေနဲ့ ထောင်နဲ့ချီတဲ့ ဝါးတဲလေးတွေကို ထုံးကျောက် တောင်စွန်းတွေမှာ အစီအရီ တွေ့ရပါတယ်။

ဒါဟာ နယ်စပ်မှာ ရှိတဲ့ မြန်မာ ဒုက္ခသည် စခန်း ၉ ခုထဲက အကြီးဆုံးပါပဲ။ ဒီမှာ နေသူက လေးသောင်း လောက် ရှိပါတယ်။ ဒီထဲက လူအများကြီးဟာ ဒီလောက် ခေါင်တဲ့နေရာမှာ တသက်လုံး နေခဲ့ရသူတွေပါ။ အပြင်မှာ ထွက် အလုပ်လုပ်ခွင့် မရှိတော့ ထောက်ပံ့ရေး အကူအညီတွေကိုပဲ မှီခို နေရပါတယ်။ သူတို့ထဲက အများစုက ကရင်တွေပါ။

ကျွန်မ ဒီရောက်ပြီး ၃ လ အကြာ တမနက်ခင်းမှာတော့ ကိုယ်ဝန်ဆောင်တွေကို ဆေးစစ်ပေးတဲ့ ဆေးခန်းကို သွားကြည့်ပါတယ်။ ဖုန်တသောသောနဲ့ အခန်းလေးထဲမှာ ကိုယ်ဝန်ဆောင် တွေက သူတို့ကို ဆေးစစ်ပေးမယ့် သူနာပြုနဲ့ သားဖွား ဆရာမတွေကို စောင့်နေကြတာပါ။

သူတို့ကို ဗိုက်စမ်းတာ၊ သွေးတိုင်းတာတွေ လုပ်ပေးပြီး သွေးလည်း စစ်ပေးပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images

ကျွန်မ ရောက်လာပြီးနောက် ဒီအမျိုးသမီးတွေကို စိတ်ကျန်းမာရေးပါ စစ်ဆေးပေးပါတယ်။ သူတို့ ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဓာတ်ကျနေသလား သိဖို့ မေးခွန်း ၁ဝ ခု ဖြေခိုင်းပါတယ်။ ဒီရောဂါက ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်လေ့ ရှိတာကိုး။

ဒီနေ့အတွက် ပထမဆုံး လူနာကတော့ မျိုးမျိုးပါ၊ ၁၈ နှစ်ပဲ ရှိပါသေးတယ်။ သူ့ကိုယ်ဝန်က ၈ ပတ်ပါ။ အခန်းထဲ ပြုံးပြီး သူဝင်လာပါတယ်။ ကရင် သားဖွားဆရာမနဲ့ စိတ်ရောဂါသည်တွေကို ဆွေးနွေးပေးတဲ့ လာပေါက ကျွန်မတို့ လုပ်မယ့် အမေးအဖြေတွေ အကြောင်း မျိုးမျိုးကို ရှင်းပြပါတယ်။ သူဖြေပေးဖို့ သဘောတူတာနဲ့ ဝါးကြမ်းပေါ်မှာပဲ ထိုင်ပြီး စပြောကြပါတယ်။

"အရင်လထဲတုန်းက အကြာကြီး စိတ်ညစ်တာ၊ စိတ်ကျတာတွေ ရှိလား" ကျွန်မ မေးတော့

"တခါတလေ မိသားစု ပြဿနာတွေ နဲ့ ငွေကြေး မပြည့်စုံတာတွေ ရှိရင် ဖြစ်တတ်တယ်" လို့ မျိုးမျိုးက ဖြေပါတယ်။

ဓာတ်ပုံ မူပိုင် James Connor
Image caption ကိုယ်ဝန်ဆောင် မိန်းကလေးတွေမှာ စိတ်ကျရောဂါ ခံစားနေရတာကို တွေ့ခဲ့ရ

တည်တည်ငြိမ်ငြိမ်နဲ့ပဲ သူ့ဘဝ အကြောင်း ဆက်ပြောပြပါတယ်။ သူ့ယောက်ျားကို သူချစ်တယ်၊ အရက်စွဲနေပေမယ့် ယောက်ျားက သူ့အပေါ်ကောင်းတယ်လို့ မျိုးမျိုးက ဆိုတယ်။ ဒီကိုယ်ဝန် အတွက် သူတို့ လင်မယား နှစ်ယောက်စလုံး ပျော်နေကြတယ်။ ဒါပေမဲ့လည်း မျိုးမျိုးနဲ့ သူ့ယောက္ခမက အဆင်မပြေဘူး။ အဖွားကြီးက မျိုးမျိုးကို သူ့သားနဲ့ သဘောမတူဘူး။ မျိုးမျိုး အိမ်စရိတ်အတွက် မရှာနိုင်တာကိုလည်း ငြူစူတယ်။

သူ့ရောဂါ အကြောင်း ကျွန်မ ပိုသိချင်လာပါတယ်။ ဒီလို စိတ်ညစ်တာဟာ တလမှာ တခါ ၂ ခါ လောက်ပဲ ဖြစ်ပြီး တနာရီ လောက်ပဲ ကြာတယ် လို့ မျိုးမျိုးက ဆိုပါတယ်။

"ကိုယ့်ကိုယ်ကိုယ် နာကျင်အောင် လုပ်ဖို့ ၊သတ်သေဖို့တွေ ကြံစည်မိသေးလား " မေးတော့ မျိုးမျိုး တွေဝေ သွားပါတယ်။

"တခါတလေတော့ ယောက္ခမနဲ့ ရန်ဖြစ်ရင်း စဉ်းစားမိပါတယ် " လို့ မျိုးမျိုးက ဝန်ခံပါတယ်။ တခါမှတော့ သူ သတ်သေဖို့ မကြိုးစားခဲ့ပါဘူး။ သေဖို့လည်း မကြံစည်ပါဘူးလို့ ကျွန်မတို့ကို မျိုးမျိုးက ကတိပေးပါတယ်။

ကျွန်မတို့ တွေ့ခဲ့တဲ့ အမျိုးသမီး ၄ ပုံ ၁ ပုံ လောက်က သတ်သေဖို့ အနည်းဆုံး တခါတလေ စဉ်းစား မိကြပါတယ်။ ၃ ရာခိုင်နှုန်း လောက်ကတော့ သေကြောင်းကို ကြံဖူးကြပါတယ်။ ဒီလူနာတွေကို ထပ်ပြီး မေးမြန်းဖို့ ကျွန်မတို့မှာ လူအင်အား မရှိတာကြောင့် သေဖို့ တော်တော်လေး ပြင်းပြင်းထန်ထန် ကြံစည်သူ၊ စိတ်ကျ ဝေဒနာ ဆိုးရွားစွာ ခံစားနေရသူတွေကိုပဲ ဂရုစိုက် နိုင်ပါတယ်။

မျိုးမျိုးမှာ သိပ်အတွေးလွန်တာ၊ အားနည်းတာ စတဲ့ တခြား ရောဂါ လက္ခဏာတွေ ရှိပါတယ်။ ဒါတွေကလည်း တခါတလေမှ ဖြစ်တာမို့ သာမန် လူနဲ့ မကွာခြားပါဘူး။

နောက်ထပ် သူ့ကို ပြန်ကြည့်ဖို့ မခေါ်လိုက်ပါဘူး။ ဒါပေမဲ့လည်း ကျွန်မတို့ဆီ အချိန်မရွေး လာတွေ့ဖို့ သူ့ကို မှာလိုက်ပါတယ်။ တခြားလူတွေနဲ့ မပြောချင်တဲ့ စိုးရိမ်သောက တွေ ဒီမှာ လာပြောဖို့ပါ။

ဓာတ်ပုံ မူပိုင် Getty Images

နောက် ၂ ရက် အကြာမှာ ကျွန်မ မယ်လကို လာတော့ ကားပေါ်မှာ အသိတယောက်က မေးပါတယ်။

"သတ်သေတာ ကြားမိလား၊ ကောင်မလေးက ကိုယ်ဝန်ကြီးနဲ့တဲ့ "

ကျွန်မ ခေါင်းနားပန်းတွေ ကြီးသွားပါတယ်။ ရင်ထဲမှာလည်း တဒိန်းဒိန်းနဲ့ တုန်လာပါတယ်။ ဒါ ငါ အင်တာဗျူး လုပ်မိတဲ့ တယောက်ယောက်များလား။ ကျွန်မတို့ စောင့်ကြည့်နေတဲ့ လူနာတွေ ထဲကလား။ ပိုဆိုးတာက စောင့်မကြည့်ခဲ့မိတဲ့ အထဲကလား၊ အတွေးရ ခက်ပါတယ်။

ဆရာမ လာပေါက ဆေးခန်း အပြင်က ကျွန်မကို စောင့်နေပါတယ်။

"ဒေါက်တာ၊ သေကြောင်းကြံတာ တခု ဖြစ်တယ်။ ဒီလူနာကို ဒေါက်တာ မှတ်မိလား " ကျွန်မကို သူ့လက်ထဲက လူနာဖိုင်ကို ပေးပါတယ်။ ဒါ မျိုးမျိုးရဲ့ လူနာမှတ်တမ်းပါ။

ကျွန်မ တုန်လှုပ်မိပါတယ်။ မျိုးမျိုးကို မှတ်မိတာပေါ့။ ကျွန်မတို့ အဲဒီတုန်းက သူ့ကို စိုးရိမ်ရတဲ့ စာရင်းထဲမှာ ထည့်မထားမိဘူး။ ကျွန်မတို့ စကားပြောမိတဲ့ ရာနဲ့ချီတဲ့ အမျိုးသမီးတွေထဲမှာ မျိုးမျိုးက သိသိသာသာ လက္ခဏာ မပြပါဘူး။

"သူ့အမျိုးသားပါ အတူတူ သတ်သေသွားကြတာ " လာပေါက တိုးတိုးလေး ဆက်ပြောပါတယ်။

နှစ်လောင်းပြိုင် သေတာ၊ ဟုတ်လား။ ကျွန်မ ခေါင်းထဲ စဉ်းစားလို့ကို မရဘူး။ မျိုးမျိုးကို တွေ့လိုက်တာ ၂ ရက်ပဲ ရှိပါသေးတယ်။ ဘယ်လို ဖြစ်ရတာလဲ။ ကျွန်မတို့ ပြောလိုက်လို့များ သတ်သေဖို့ စိတ်ကူးရသွားတာလား။ ကျွန်မကြောင့် ဖြစ်ရတာလား။

ဓာတ်ပုံ မူပိုင် Getty Images

အဲဒီနေ့မှာပဲ မျိုးမျိုးအိမ် ကို ကျွန်မတို့ အသုဘ မေးဖို့ သွားပါတယ်။ တမိသားစုလုံး တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေကြပါတယ်။ သူတို့ လင်မယား အလောင်းတွေကိုလည်း အခန်းလယ်မှာ အဝတ်စနဲ့ အုပ်၊ ဖယောင်းတိုင် တွေ ရံပြီး ထွန်းထားပါတယ်။ ပလပ်စတစ်စနဲ့ အုပ်ထားတဲ့ ခွက် ၂ ခွက်လည်း ပိုးသတ်ဆေး အပြာရောင်တွေ ပေပြီး ကျန်နေပါတယ်။ သူတို့ ဒါသောက်ပြီး သေကြောင်းကြံကြတာပါ။

မျိုးမျိုး ယောက္ခမကြီး မူးရူးပြီး ဝင်လာတဲ့အထိ ကျွန်မတို့ ငြိမ်ငြိမ်လေး ထိုင်စောင့်နေကြပါတယ်။

သူ့ယောက်မက "ဒါတွေ အမေ့ကြောင့် ဖြစ်တာ" ဆိုပြီး အဖွားကြီးကို အော်ပြီး ငိုပါတယ်။

မျိုးမျိုး ယောက္ခမကြီးနဲ့ မျိုးမျိုး ယောက်ျားတို့ ဒီတပတ်ထဲမှာ ရန်ဖြစ်ကြတာ အဖွားကြီးက သူ့သားကို ပါးရိုက်လိုက်တယ် ဆိုတာ ကျွန်မတို့ နောက်မှ သိပါတယ်။

ဒီလို လူငယ် လင်မယား ၂ ယောက် သေသွားတဲ့အတွက် ကျွန်မတို့ အင်မတန် စိတ်ထိခိုက်ရပါတယ်။ မျိုးမျိုး သူ့ကိုယ်သူ သေကြောင်း မကြံအောင် ကျွန်မတို့ ဒီထက် ပိုပြီး သူ့ကို အားပေး ဖြောင်းဖြတာတွေ မလုပ်နိုင်ဘူးလား ဆိုပြီး စိတ်မကောင်း ဖြစ်ရပါတယ်။

မိသားစု ကိစ္စ စကားများရာကနေ လူငယ်တွေ ဒီလိုပဲ သွေးရူးသွေးတန်း လုပ်မိတာလား။ ဗုဒ္ဓဘာသာ အယူအရ နောက်ဘဝမှာ ဒီထက်ကောင်းတဲ့ ဘဝမှာ ပြန်ဆုံကြဖို့ သူတို့ ကြံစည်သွားကြသလား ။

ဒါတွေ ကျွန်မတို့ သိမှာ မဟုတ်တော့ပါဘူး။ ကျွန်မတို့ သိတာတော့ မယ်လမှာ မနှစ်က သေသူ ထက်ဝက်ဟာ ကိုယ်ဝန်ဆောင်နဲ့ မီးဖွားစ မိခင်တွေဖြစ်ပြီး သတ်သေတာတွေ ဖြစ်ပွားမှု များလွန်းနေပါတယ်။

ဒါအတွက် အဖြေရှာရင်တော့ အကြောင်းရင်းတွေ များပါလိမ့်မယ်။ ဘဝ မတည်ငြိမ်တာ၊ မျှော်လင့်ချက် မရှိတာ၊ ပျင်းစရာ ကောင်းတာနဲ့ သူတို့ကို ဒီစခန်းထဲ တွန်းပို့ခဲ့တဲ့ ပြည်တွင်းစစ် ပဋိပက္ခတွေကြောင့် ဖြစ်မယ် ထင်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP

ဒီဆောင်းပါးပါ လူတွေ အမည်ကို ပြောင်းလဲ ထားပါတယ်။