KNU ညီလာခံ

  • 9 ဧပြီ 2017
Image caption KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ ၁၆ ကြိမ်မြောက်ညီလာခံ

KNU ကရင် အမျိုးသား အစည်းရုံးရဲ့ ၁၆ ကြိမ်မြောက် ညီလာခံကနေ ဥက္ကဋ္ဌ အဖြစ် ဗိုလ်ချုပ်ကြီး မူတူး ဆေးဖိုးကို ပြန်လည် ရွေးချယ် တင်မြှောက်လိုက်ပါတယ်။

KNU ညီလာခံကို လေးနှစ်တကြိမ်ပြုလုပ်နေကျ ဖြစ်ပြီး ဒီတကြိမ်ညီလာခံကိုတော့ နိုင်ငံရေးလေ့လာစောင့်ကြည့်သူတွေက ခါတိုင်းထက် ပိုပြီး စိတ်ဝင်စားကြပါတယ်။

KNU ပါတီ ခေါင်းဆောင်ပိုင်းမှာ အမြင်သဘေားထား မတူညီတဲ့ အုပ်စုနှစ်စု သိသိသာသာ ကွဲပြားထွက်ပေါ်လာတဲ့ အတွက် ပိုမို စိတ်ဝင်စားကြတာ ဖြစ်ပါတယ်။ KNU ခေါင်းဆောင်တွေကတော့ သူတို့ ခေါင်းဆောင်တွေအကြားမှာ အုပ်စုနှစ်စု ကွဲပြားနေတယ်ဆိုတာကို လက်ခံပြောဆိုလေ့မရှိဘဲ ငြင်းပယ်လေ့ရှိပါတယ်။

ဒါပေမယ့် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၊ ပဒိုကွယ်ထူးဝင်းနဲ့ မန်းငြိမ်းမောင်တို့ ဦးဆောင်တဲ့ အုပ်စုဟာ အပစ်အခတ်ရပ်စဲရေး NCA စာချုပ်လက်မှတ်ရေးထိုးတာကို ဦးဆောင်ခဲ့ကြသူတွေဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးမူတူးဆေးဖိုးဟာ အစိုးရစစ်တပ်ရဲ့ ဒီအက်စ်အေ ဗိုလ်လောင်းသင်တန်း ကျောင်းကို သွားရောက်လေ့လာခဲ့သလို၊ စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့လည်း သွားရောက်တွေ့ဆုံခဲ့ဖူးပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံတာဟာ KNU ဗဟိုကော်မတီရဲ့ ခွင့်ပြုချက် မရယူခဲ့ဘူးဆိုပြီး ဝေဖန်မှုမျိုးလည်း ထွက်ပေါ်ခဲ့ဖူးပါတယ်။ ဒါ့ကြောင့် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးကို စစ်ခေါင်းဆောင်တွေနဲ့ နီးစပ်သူလို့ ဝေဖန်ရှုမြင်သူတွေလည်း ရှိကြပါတယ်။

ပြီးခဲ့တဲ့ လေးနှစ်သက်တမ်းမှာ ဒုဥက္ကဋ္ဌတာဝန်ယူခဲ့သူ ပဒိုနော်စီဖိုးရာစိန်၊ လွန်ခဲ့တဲ့ လေးနှစ်ကျော်တုန်းက ဒုဥက္ကဋ္ဌဟောင်းဖြစ်ခဲ့သူ ပဒိုစောဒေးဗစ်တာကဘော၊ ပဒိုမန်းမန်းတို့ ဦးဆောင်တဲ့ အုပ်စုကတော့ ကရင့်လက်နက် ကရင့်လက်ထဲမှာရှိရမယ် ဆိုတဲ့ စောဘဦးကြီးရဲ့ မူလေးချက်ကို ဆက်လက်ကိုင်စွဲလိုသူတွေ အဖြစ် လူသိများပါတယ်။

Image caption ဥက္ကဋ္ဌ မူတူးဆေးဖိုးနဲ့ ဒုဥက္ကဋ္ဌဟောင်း နော်စီဖိုးရာစိန်

ဒီအုပ်စုနှစ်စုအကြား အားပြိုင်မှုဟာ ပြီးခဲ့တဲ့ လေးနှစ်သက်တမ်းမှာကတည်းက ရှိနေခဲ့ပြီး အခုအခါ ပိုမိုထင်ရှားလာတဲ့ အတွက် အခု ၁၆ ကြိမ်မြောက်ညီလာခံကို လူအများက ပိုမို စိတ်ဝင်စားကြတာ ဖြစ်ပါတယ်။

စစ်အာဏာရှင်စနစ်နဲ့ မြန်မာ စစ်တပ်ကို ဆန့်ကျင်ကြသူတွေက နော်စီဖိုးရာစိန်ဦးဆောင်တဲ့ အုပ်စုကို ပိုမိုထောက်ခံကြပေမယ့် စစ်ပွဲဆက်ဖြစ်မှာကို မလိုလားသူတွေက ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးအုပ်စုကို ပိုမိုထောက်ခံခဲ့ကြပါတယ်။

၁၆ ကြိမ်မြောက်ညီလာခံကို မတ်လ ၁၄ ရက်က စတင်ပြီး သုံးပတ်ကြာ ကျင်းပပြုလုပ်ခဲ့ကြပြီးနောက် ဧပြီလ ၇ ရက်နေ့မှာ ဗဟိုကော်မတီအသစ်ကို ရွေးချယ်ကြရာမှာ ဒုဥက္ကဋ္ဌဟောင်း နော်စီဖိုးရာစိန် အပါအဝင် သူတို့အုပ်စုထဲက ထင်ရှားတဲ့ ခေါင်းဆောင်တွေ အာလုံးနည်းပါးဟာ ဗဟိုကော်မတီထဲမှာတောင်မှ အရွေးမခံခဲ့ကြရတဲ့ အတွက် ဗဟိုအလုပ်အမှုဆောင် အဖြစ် အရွေးခံရဖို့ လမ်းကြောင်း ပျောက်ဆုံးသွားခဲ့ကြပါတယ်။

ဧပြီလ ၈ ရက်နေ့မှာတော့ KNU က ကြီးငါးကြီးလို့ ခေါ်လေ့ရှိကြတဲ့ ထိပ်ဆုံး ဗဟိုအလုပ်အမှုဆောင် ၅ ဦးကို ရွေးချယ်ကြရာမှာ ၅ ဦးစလုံးဟာ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးရဲ့ အုပ်စုက ရရှိခဲ့ပါတယ်။

ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၊ ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ အထွေထွေ အတွင်းရေးမှူး ပဒိုစောတာ့ဒိုမူး၊ တွဲဘက် အတွင်းရေးမှူး ၁ ပဒိုစောဆဲပွယ်၊ တွဲဘက် အတွင်းရေးမှူး ၂ ပဒိုစောလှထွန်းတို့ ဖြစ်ကြပါတယ်။

KNU ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ရွေးချယ်တင်မြှောက်ရာမှာ အုပ်စုတခုက အပြတ်အသတ် အနိုင်ရသွားပြီး ကျန်အုပ်စုက တယောက်မှ မပါဝင်ကြတဲ့ အတွက် KNU အဖွဲ့အကြားမှာ အကွဲအပြဲ ပေါ်ပေါက်လာမလားဆိုတဲ့ စိုးရိမ်ပူပန်မှုမျိုး ထွက်ပေါ်လာပါတယ်။

KNU ဗဟိုကော်မတီ အသစ်မှာ အရွေးချယ်ခံရသူ စောအယ်လ်ဝါးကတော့ "အပစ်အခတ်ရပ်စဲရေးလုပ်တဲ့လူတွေကို ရွေးကောက်တာလို့တော့ ကျနော်မမြင်ပါဘူး။ သို့သော်ငြားလည်းပဲ မမြင်နိုင်တဲ့အရာတွေဟာဆိုရင်လည်း ဒီအပေါ်မှာ တစုံတခု ရှိကောင်းရှိနိုင်တယ်ဆိုတဲ့ သံသယတော့ ကျနော်အပါအဝင် တော်တော်များများလည်း အဲဒီလို မြင်ကောင်းမြင်နိုင်ပါတယ်။ အချိန်ကာလ တခုမှာတော့ ဘာကြောင့် ဒီလိုဖြစ်ရလဲဆိုတာတော့ သိကောင်းသိနိုင်မှာပါ" လို့ဘီဘီစီကဆက်သွယ် မေးမြန်းရာမှာ ပြောခဲ့ပါတယ်။

"အချင်းချင်းကြားထဲမှာ အယူအဆကွဲလွဲတာတော့ ရှိပါတယ်။ အယူအဆအရ မူပေါ်မှာ ရပ်တည်တဲ့ အတွေးအခေါ်အရတော့ ကွဲလွဲပါတယ်။ သို့သော်ငြားလည်းပဲ အကွဲအပြဲကြီး တခုအနေနဲ့ ဖြစ်လာမယ်လို့တော့ မယူဆပါဘူး" လို့လည်း စောအယ်လ်ဝါးက ဘီဘီစီကို ပြောပါတယ်။

KNU ညီလာခံကို လေးနှစ်တကြိမ် ပြုလုပ်ကျင်းပပြီး ညီလာခံကနေ ဗဟိုကော်မတီနဲ့ ဗဟိုအလုပ်အမှုဆောင်တို့ကို ညီလာခံတက်ရောက်သူ ကိုယ်စားလှယ်တွေရဲ့မဲနဲ့ ရွေးချယ်တင်မြှောက်ကြတာ ဖြစ်တဲ့ အတွက် မြန်မာနိုင်ငံမှာ ရှိတဲ့ နိုင်ငံရေး ပါတီတွေအနက် ဒီမိုကရေစီ ဗဟိုဦးစီးစနစ်ကို စနစ်တကျ ကျင့်သုံးနေတဲ့ အနည်းငယ်မျှသော ပါတီကြီးတွေအနက် တခုဖြစ်ပါတယ်။