ဂျာနယ်ကျော် မမလေး (၁၉၁၇-၁၉၈၂)

  • 13 ဧပြီ 2017
Image caption လူထုဒေါ်အမာ၊ အမတ် သခင်မ ဒေါ်ခင်လှ၊ ဂျာနယ်ကျော် မမလေး

စာရေးဆရာမကြီး ဂျာနယ်ကျော် မမလေး ကို ၁၉၁၇ ဧပြီလ ၁၃ ရက် မှာ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် ကမာကလူ ရွာမှာ မွေးပြီး နာမည်ရင်းက မတင်လှိုင်ပါ။

ရန်ကုန်မြို့မကျောင်းမှာ နဝမတန်းထိ ပညာသင်ခဲ့ပြီး ဘိုကလေး တို့ဗမာ အစည်းအရုံး အမျိုးသမီး အတွင်းရေးမှူး နဲ့ တက်ခေတ်အမျိုးသမီးအဖွဲ့ ဥက္ကဋ္ဌ (၁၉၃၆ - ၃၇)ဖြစ်ခဲ့ပါတယ်။ မြစ်ဝကျွန်းပေါ်မှာ တို့ဗမာ ခေါင်းဆောင်တွေနဲ့ နယ်လှည့် ဟောပြောခဲ့ပါတယ်။ နောက် ပုဂ္ဂိုလ်ရေး 'ပစ်စာ' တစောင်ကို တုံ့ပြန် ဆောင်းပါး ရေးရာက မြန်မာ့အလင်း သတင်းစာတိုက် နဲ့ဆက်မိပြီး စာပေ နယ်ထဲ ရောက်ခဲ့ပါတယ်။

၁၉၃၈ မှာ မြန်မာ့ အလင်း သတင်းစာ အယ်ဒီတာချုပ် ဦးချစ်မောင် နဲ့ လက်ထပ်ပြီး သားသမီး ၃ ယောက် ထွန်းကားရာမှာ အားလုံး စာပေပညာရှင်၊ ကဗျာ ဆရာ၊ ရုပ်ရှင်မင်းသား အဖြစ် ထင်ရှားကြပါတယ်။

၁၉၄၆ မှာ ခင်ပွန်း ဂျာနယ်ကျော် ဦးချစ်မောင် ကွယ်လွန်ပြီးနောက် ၁၉၅၉ မှာ ကျောင်းသား နိုင်ငံရေး လှုပ်ရှားသူ ဦးအောင်ဇေယျနဲ့ အိမ်ထောင်ပြုပါတယ်။ ဂျပန်ခေတ် ဝန်ကြီး သခင်သန်းထွန်းအိမ်မှာ ကူညီထိန်းသိမ်းပေးခဲ့တဲ့ အတွေ့အကြုံကနေ သူမ ဝတ္ထု ရေးသားခဲ့သလို ခင်ပွန်းသည် အကြောင်း အတ္ထုပ္ပတ္တိ သူလိုလူ ကလည်း အကြိမ်ကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ရပါတယ်။ မုဆိုးမ ဘဝနဲ့ ပြည်သူ့ဟစ်တိုင် သတင်းစာတိုက်ကို ဆိုရှယ်လစ် ပါတီဝင်တွေ ဝင်ပြီးဖျက်ဆီးတာ ကြုံခဲ့ရသလို စီးပွားရေး လုပ်ကိုင်ရာမှာလည်း အခက်အခဲ အမျိုးမျိုး ရင်ဆိုင်ခဲ့ရပါတယ်။ ဘဏ္ဍာရေးဝန်ကြီး မြန်မာ့အလင်း ဦးတင်၊ ဒုဝန်ကြီးချုပ်ဟောင်း ဗိုလ်လက်ျာ စတဲ့ ဦးချစ်မောင်နဲ့ ခင်တဲ့ ဖဆပလ လူကြီးပိုင်းက ကူညီလို့ စီးပွားရေးလုပ်ငန်းတွေ တည်ထောင်ခဲ့သလို သီဟရတနာ စာအုပ်တိုက်ကိုလည်း ထူထောင်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Thein Soe
Image caption မုန်း၍မဟူ ဘာသာပြန်စာအုပ်

၁၉၆၂ နောက်ပိုင်း ဗိုလ်လက်ျာ ထွက်ပြေးရာမှာ ကူညီခဲ့လို့ ရေကြည်အိုင် အကျဉ်းစခန်းမှာ ခင်ပွန်းသည်နဲ့အတူ ၃ နှစ်ခန့် ထိန်းသိမ်းခံရပြီး ရင်နင့်အောင်မွှေး ဝတ္ထုကို အဲဒီမှာ ရေးသားခဲ့ပါတယ်။ ၁၉၇ဝ ကျော်မှာတော့ ဂျပန် မြန်မာ ချစ်ကြည်ရေး သွေး ဝတ္ထုကို ရေးသားလို့ ဖက်ဆစ်ကို သင်ပုန်းချေဖို့ အားပေးတယ် ဆိုပြီး လက်ဝဲစာရေးဆရာ တချို့ ဝေဖန်တာကို ခံခဲ့ရပါတယ်။

စာပေ တာဝန် - ဂျာနယ်ကျော် ထုတ်ဝေသူ၊ ဂျာနယ်ကျော်နဲ့ ပြည်သူ့ဟစ်တိုင် သတင်းစာ အယ်ဒီတာ (၁၉၃၉)၊ အမျိုးသမီး ကလောင်ရှင် အသင်း ဒုတိယ ဥက္ကဋ္ဌနဲ့ ကလောင်ရှင် မဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာ (၁၉၄၇)၊ မြန်မာနိုင်ငံ စာရေးဆရာ အသင်း ဥက္ကဋ္ဌ (၁၉၄၈)နဲ့ ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် မြန်မာနိုင်ငံ ဒုတိယ ဥက္ကဋ္ဌ (၁၉၅၅)၊ မြန်မာနိုင်ငံ စာရေးဆရာ စာပေကလပ် အတွင်းရေးမှူးချုပ် (၁၉၆၁ - ၆၂)

နိုင်ငံခြား ဘာသာ ပြန်ဆိုမှု - မြက်ကလေးတပင် (ဂျာမန် - ၁၉၆၈)၊ တွေးတစိမ့်စိမ့် (ရုရှ - ၁၉၈၄)၊ သွေး (ဂျပန် - ၁၉၇၇၊ အင်္ဂလိပ်)၊ မုဆိုးမ (အင်္ဂလိပ်)၊ မုန်း၍မဟူ (ရုရှ၊ ဥဇဘက်၊ ပြင်သစ်၊ တရုတ်၊ အင်္ဂလိပ်) ၊ သွေးဝတ္ထုကို ဂျပန်က ရုပ်ရှင် ရိုက်ကူးခဲ့ပါတယ်။ ၁၉၇၅ က ဂျပန်မှာ ကျင်းပတဲ့ နိုင်ငံတကာ ဘာသာပြန် စာပေ ပြိုင်ပွဲမှာ သွေးဝတ္ထုနဲ့ ပထမဆု ရခဲ့ပါတယ်။

၁၉၈၂ ဧပြီလ ၆ ရက် ရန်ကုန် ပြည်သာယာလမ်း ဘောက်ထော် အိမ်မှာ ကွယ်လွန်ပါတယ်။

ဒေါ်မမလေးဟာ မြန်မာလူ့အဖွဲ့အစည်းအကြောင်း သရုပ်ဖော်ရာမှာ ၂ ယောက်မရှိအောင် ထူးချွန်သူဖြစ်ပြီး သိန်းဖေမြင့်၊ မြသန်းတင့်၊ ခက်မာ၊ နုနုရည် စတဲ့ စာရေးဆရာတွေလိုပဲ အရေးသွက်ခဲ့သူ တယောက်ပါ။ မုန်း၍မဟူမှာ ဒေါ်မမလေးဟာ ခေတ်သစ်နဲ့ ရိုးရာ ၂ ဘက်ခြမ်းမှာ မြန်မာလူ့အဖွဲ့အစည်းကို ရှာဖွေခဲ့ပါတယ်။ သူ့ဝတ္ထုတွေမှာ ရိုးရာကို ဖက်တွယ်ထားတဲ့ ဇာတ်ရုပ်တွေနဲ့ ယုံကြည်မှုတွေကို တွေ့ရပေမယ့် သူကိုယ်တိုင်ကတော့ အနောက်ဆန်တဲ့ ဘဝနေထိုင်မှုမှာ မွေ့လျော်သူပါ။ ဒီအားပြိုင်မှုတွေကတဆင့် ဒေါ်မမလေးဟာ လူ့သဘာဝတွေကို ခံစားချက်နဲ့ သရုပ်ဖော်ခဲ့ပါတယ်လို့လည်း သူ့ဝတ္ထုတွေကို လေ့လာပြီး အောက်စဖို့ဒ် တက္ကသိုလ်မှာ ကမ္ဘာ့စာပေ မဟာဝိဇ္ဇာဘွဲ့ယူခဲ့တဲ့ ဂျွန်ဝီးလ်ကောက်စ်က သုံးသပ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ