ဂျာနယ်ကျော် မမလေး မဝါဒီ စာရေးဆရာမလား

  • 13 ဧပြီ 2017
Image caption ဒေါ်မမလေးရဲ့ ဝတ္ထုတွေမှာ အမျိုးသမီးဇာတ်လိုက်တွေများ

ဂျာနယ်ကျော် မမလေးဟာ မဝါဒီ စာရေးဆရာမ တယောက်လားလို့ မေးကြည့်တော့ နယ်သာလန်က နိုင်ငံတကာ လူမှုရေးရာ လေ့လာရေး ဌာနမှာ ဂျန်ဒါနဲ့ လူ့အခွင့်အရေး မဟာ ဘွဲ့ကို သင်ယူခဲ့တဲ့ မအေးလဲ့ထွန်းက ခုလို ရှင်းပြပါတယ်။

အလွှာမျိုးစုံက အမျိုးသမီးတို့ ဘဝနဲ့ ၎င်းတို့ ခံစားချက်ကို ကလောင်သွားနဲ့ ထောင့်စေ့အောင် ခြယ်မှုန်းနိုင်လို့ ဒေါ်မမလေး ကလောင်ဟာ အမျိုးသမီးထုကို ကိုယ်စားပြုနိုင်တဲ့ အသံလို့ မှတ်နိုင်ပါတယ်။ ဒါပေမဲ့ အမျိုးသမီး အရေးကိစ္စကို စိတ်ဝင်စားသူတိုင်း မဝါဒ လက်ခံသူ ဖြစ်နိုင်သလို ရှေးရိုးစွဲအစဉ်အလာကို ယုံကြည်လက်ခံတဲ့ မဝါဒ (conservative feminism)၊ အရင်းရှင်ဖိနှိပ်မှုကို တွန်းလှန်တဲ့ မဝါဒ (socialist feminism)၊ အမျိုးသားကို မတရားတဲ့လူ့ဘောင်စနစ် လက်သည်အဖြစ် မှတ်ယူကာ ၎င်းတို့ကြီးစိုးမှုကို အမြစ်ပြတ်ချေမှုန်းလိုတဲ့ မဝါဒ (radical feminism)၊ လွတ်လပ်ပြီး တန်းတူညီမျှခွင့်ကို တောင်းဆိုတဲ့ မဝါဒ (liberal feminism) စသဖြင့် မျိုးစုံရှိပါတယ်။

အမျိုးသမီးတိုင်း မဝါဒီ တမျိုးမဟုတ် တမျိုးနှင့် အကျုံးဝင်နိုင်လို့ ထို့ကြောင့် ဂျာနယ်ကျော်မမလေးဟာလည်း မဝါဒီတဦးပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရပ်တည်ချက်က လွတ်လပ်မှု၊ တရားမျှတမှုနဲ့ အစဉ်အလာက ထမ်းပိုးဆင့်လိုက်တဲ့ အမျိုးသမီးတဦးရဲ့ ဝတ္တရားတို့အကြားမှာ ပိတ်မိနေခဲ့ပါတယ်လို့ ရှင်းပြပါတယ်။

စာပေခရီးအစ

ဂျာနယ်ကျော် မမလေး စာပေခရီးအစဟာ အမျိုးသမီးတဦး ကြက်တောင်ရိုက်ခြင်း၊ အမျိုးသားများနဲ့ ရင်းရင်းနှီးနှီးသွားလာခြင်းအပေါ် မြင်ပြင်းကပ်ပြီး ပို့ခဲ့သော ပစ်စာကို တုံ့ပြန်စာရေးရာက စတင်ခဲ့ပါတယ်။ ဘိုကလေးမြို့ တို့ဗမာအစည်းအရုံးဝင်၊ တက်ခေတ်အမျိုးသမီး ဥက္ကဌအဖြစ် အမျိုးသမီးနိုင်ငံရေးလှုပ်ရှားမှုမှာ ဦးဆောင်ခဲ့လို့လည်း ဒေါ်မမလေးဟာ အမျိုးသမီးအရေးနဲ့ ပတ်သက်ရင် အစဉ်အလာကို ကျော်လွန်မြင်တတ်ပါတယ်။

ဂျာနယ်ကျော်မမလေး ဝတ္ထုတွေက ပေးချင်တဲ့ရသက အမျိုးသမီးတို့ ဘဝအဖုံဖုံကို နားလည်ခံစားပေးရန်က ဦးဆုံးရည်ရွယ်ချက်ဖြစ်နိုင်ပြီး အမျိုးသမီးတို့ ရှေးရိုးစွဲ အမြင်တွေ ပြောင်းလဲဖို့ ခွန်အားသတ္တိရှိရန်၊ ရဲဝံ့ရန် အားပေးလိုတဲ့သဘော တွေ့ရတယ်လို့ မအေးလဲ့ထွန်းက ဆိုပါတယ်။

ဒေါ်မမလေးရဲ့ အမျိုးသမီး အမြင် နမူနာ

"မိန်းမများသည် အရှက်နှင့် လူလုပ်ကြသူများဖြစ်၍ ဇက်ရဲရင်ရမည်ဟူသော ယောက်ျားတို့၏ ခွန်အားတွင် မိန်းမတွေ အနတဂ္ဂမ အရှုံးပေးကြရသည်။ သို့သော် မိန်းမတိုင်း မျက်စိမှိတ်ကြမည် မဟုတ်" ("စိတ်"၊ ဂျာနယ်ကျော် မမလေး)

လိင်ပိုင်းဆိုင်ရာ နိုင်ထက်စီးနင်းအပြုခံရတဲ့ မစောလင်းရဲ့ ရဲဝံ့မှုဟာ အမျိုးသားတို့ ပြုသမျှ နုရပါမယ်ဆိုတဲ့ အရိုးစွဲအမြင်ကို ပြောင်းဖို့ တွန်းအားဖြစ်ပါတယ်။ ဒါပေမဲ့လည်း အမျိုးသမီးအရေးမှာ အစဉ်အလာကို မလွန်ဆန်နိုင်တဲ့၊ တနည်းအားဖြင့် နာခံတဲ့ အယူအစွဲတွေကိုလည်း ဂျာနယ်ကျော်မမလေးမှာ တွေ့ရပါတယ်လို့မအေးလဲ့ထွန်းက ဆိုပါတယ်။

ဥပမာ - သူ၏ နာမည်ကျော်ဝတ္ထု "ရင်နှင့်အောင်မွှေး" မှာ ဇာတ်ကောင် မော် ရဲ့စရိုက် ဖော်ကျူးရာမှာ မိန်းမပီသကျိုးနွံ ပုံကို ရေးထားပါတယ်။ "ရင်နင့်အောင်မွှေး" အမှာစာမှာ

"မြန်မာအမျိုးသမီးလေး တဦး၏ ကောင်းမြတ်သောအရည်အသွေးဖြစ်သည့် မိန်းမ ပီသမှုကို မြန်မာ့ယဉ်ကျေးမှုမျိုးရိုးစဉ်လာ၊ ဓလေ့ထုံးစံ၊ စည်းကမ်းစသည်များဖြင့်စပ်ဖျော်၍ ပုံစံလောင်းကာ ရုပ်လုံးဖော်ပြရန် စိတ်ကူးရရှိသည်"လို့ ဆိုပါတယ်။

ထို့အတူ "သူလိုမိန်းမ" မှာလည်း..

"မိန်းမဆိုတာ ကြောက်သင့်မှ ကြောက်ရမယ်၊ ရှက်သင့်မှ ရှက်ရမယ်၊ တကယ့်မိန်းမ ဖြစ်ချင်ရင် မိန်းမအမူအရာနှင့် ယောက်ျားစိတ် ရှိရမယ်။ ယောက်ျားအမူအရာနဲ့လည်း မိန်းမစိတ်ရှိရမယ်"

လို့ ရေးပါတယ်။ ဒေါ်မမလေးဟာ မိန်းမ ယောက်ျား သတ်မှတ်ချက်မှာ အစဉ်အလာ သတ်မှတ်ချက်အတိုင်း မြင်နေသေးတာကို တွေ့ရတယ်လို့လည်း မအေးလဲ့ထွန်းက ဆိုပါတယ်။ မိန်းမဆိုတာ ကြင်နာ၊ သနားတတ်သူ၊ ယောက်ျားဆိုတာ ရဲဝံ့ပြတ်သားသူ၊ သတ္တိဗျတ္တိရှိသူအဖြစ် ဆိုလိုကြောင်း မှတ်ယူရပါတယ်။ ဒါကလည်း သူကျင်လည် ခဲ့ရတဲ့ လွတ်လပ်ရေး လှုပ်ရှားမှုနဲ့ စစ်အတွင်းကာလအခြေအနေတွေရဲ့ ရိုက်ခတ်ချက်လို့ ဆိုနိုင်ပါတယ်။

သူ့ ပျောက်သွားတဲ့ စာမူ "မိန်းမ" ဝတ္ထုမှာ အမိဝမ်းက ကျွတ်ကတည်းက အမျိုးသမီးများ ကြုံတွေ့ခံစားရသည်များကို ရေးသားတယ် ဆိုပေမယ့် "မိန်းမဖြစ်လျှင် မိန်းမ ပီသဖို့ရာ အဓိကအချက် ထားသည်" လို့ ဖွင့်ဟထားပါတယ်။ ဒါကြောင့် အမျိုးသမီး အခွင့်အရေးနဲ့ ပတ်သက်ရင် ဒေါ်မမလေးဟာ ပွင့်လင်းလွတ်လပ်တာကို လက်ခံပေမယ့် သူ့အမြင်တပိုင်းတစက ရိုးရာအစဉ်အလာကို ပြန်အခြေခံနေတယ်လို့ သိရပါတယ်။

သူလိုလူ

ဓာတ်ပုံ မူပိုင် myanmarbooknet
Image caption ဒေါ်မမလေး ပါရမီဖြည့်ဘက်လား

ဂျာနယ်ကျော်ဦးချစ်မောင်နဲ့ အိမ်ထောင်ကျပြီးနောက်ပိုင်း သူ့စွန့်လွှတ်အနစ်နာခံမှုက ပိုထင်ရှားပါတယ်။ "ပါရမီဖြည့်ဘက်" ဆိုတဲ့ အစဉ်အလာက ပေးတဲ့ ဇနီးကောင်းရာထူး သတ်မှတ်ချက်ကို မက်မောတာကြောင့် မဟုတ်ဘဲ မေတ္တာသက်သက်ကို အခြေခံတဲ့ ရွေးချယ်မှုဖြစ်ပါတယ်။ ဒေါ်မမလေးဟာ ခင်ပွန်းကွယ်လွန်ပြီးနောက် လူမှုရေး၊ စာပေရေးနဲ့ မိသားစုကိစ္စတွေမှာ ထိန်းသိမ်းမျိုသိပ်ရတာတွေက"ဝတ္တရားအရ ရွေးချယ်ရခြင်း၊ မလွန်ဆန်နိုင်ခြင်း၊ လုပ်ဆောင်ရခြင်း" တွေဖြစ်လို့ လုံးဝပွင့်လင်းလွတ်လပ်ခြင်း လမ်းကြောင်းကို ဦးမတည်ဘဲ ထုံးတမ်းစဉ်လာကို အလွန်အကျူး သွေဖယ်ခြင်းမရှိတဲ့ တိုးတက်ရေး အယူအဆ ရှိခဲ့ရပါတယ်လို့ မအေးလဲ့ထွန်းက ဆိုပါတယ်။

မဝါဒမှာ ရှေးရိုးအစဉ်အလာသမားတွေ ပါဝင်နိုင်သလား

မဝါဒက အမျိုးသားနဲ့ တန်းတူညီမျှခွင့်ကို ဦးတည်လို့ အစဉ်အလာ ဖိနှိပ်မှုကို ချိုးဖျက်တဲ့အတွက် ရှေးရိုးစွဲနဲ့ မဝါဒ နှစ်မျိုးကို ပေါင်းစပ်လို့ မရဆိုသူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အမျိုးသမီးအရေးမှာ အလွှာစုံ၊ အရောင်စုံ၊ နောက်ခံအခြင်းအရာအစုံ (intersectionality) ကို ထည့်သွင်းစဉ်းစားလာတဲ့အခါ ရှေးရိုးစွဲတွေလည်း လွတ်လပ်ပွင့်လင်းတဲ့ အမြင်ကို လက်ခံပြီး မဝါဒီလှုပ်ရှားမှုတွေမှာ ပါဝင်ခွင့်မရှိဘူးလားလို့ မေးစရာရှိပါတယ်။ ဒီကနေ ရှေးရိုးစွဲအစဉ်အလာ မဝါဒပုံစံသစ် (new conservative feminism) ထွက်ပေါ်လာခဲ့လို့ ဂျာနယ်ကျော်မမလေးရဲ့ အမျိုးသမီးရေးရာအမြင်ဟာ ဒီအမျိုးအစားမှာ အကျုံးဝင်နိုင်တယ်လို့ မအေးလဲ့ထွန်းက ဆိုပါတယ်။

ဂျာနယ်ကျော်မမလေး ကိုယ်တိုင်က အမျိုးသမီး ဘဝတိုးတက်ရေးကို အားပေး မြှင့်တင်သူ ဖြစ်သော်လည်း သူ့ကိုယ်သူ မဝါဒီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုတာ မရှိခဲ့ဘူးလို့လည်း သိရပါတယ်။