လက်လုပ် ပစ္စည်းတွေနဲ့ ဧရာဝတီမြစ်ပေါ်က သိပ္ပံစမ်းသပ်ချက်

  • 12 မေ 2017
ဧရာဝတီ ဓာတ်ပုံ မူပိုင် Photo (C) TU Delft / Floris Papenhuizen
Image caption မြောနေတဲ့ ပူဖောင်းရောင်စုံလေးတွေကို ခြေရာခံပြီး ရေစီးကြောင်းသဘာဝကို လေ့လာ

သိပ္ပံသုတေသနဆိုတာ ငယ်စဉ်ကလေးဘဝကတည်းက ကိုယ်တိုင် သတိမထားမလိုက်ပဲ လုပ်မိကြတာရှိပါတယ်။တံတားလေးတစ်ခုပေါ်ကနေ အောက်က စီးနေတဲ့ ရေထဲ တုတ်ချောင်းလေးတွေ ပစ်ချ၊ ပြီးတော့ ရေစီးကြောင်း အောက်ဖက်ကို အပြေးသွားပြီး ဘယ်သူ့တုတ်ချောင်းက အရင်ရောက်သလဲ ပြေးကြည့်ကြ ဖူးမှာပါ။

ဓာတ်ပုံ မူပိုင် Photo (C) TU Delft / Floris Papenhuizen
Image caption ကိုယ်ပိုင် စမ်းသပ်ကိရိယာတွေနဲ့ သုတေသနလုပ်၊

ပျော်စရာလေးတစ်ခု လုပ်တာဖြစ်ပေမယ့် အဲဒီနည်းက ရေစီးကြောင်းရဲ့ သဘာဝကိုလည်း အမှတ်မထင် လေ့လာမိသွားကြပါတယ်။

နယ်သာလန်နိုင်ငံက နည်းပညာတက္ကသိုလ် Delft University of Technology's က တွမ်ဘိုးဂတ်နဲ့ ရိုလ်ဖ်ဟတ်တို့က အဲဒီ အခြေခံနည်းလေးကိုပဲ သုံးပြီး မြန်မာနိုင်ငံမှာ သုတေသနလုပ်နေကြတာပါ။ မြန်မာကျောင်းသားတွေနဲ့ ပူးတွဲပြီး သူတို့က ဧရာဝတီမြစ်ထဲမှာ တုတ်ချောင်းမြော စမ်းသပ်နည်းကို လုပ်နေကြပါတယ်။ သူတို့ သုံးတာ တုတ်ချောင်းတော့ မဟုတ်ပါဘူး။ အုန်းသီးတွေပါ။

သူတို့ရည်ရွယ်ချက်ကတော့ ဒီ ဧရာဝတီမြစ်ကြီးရဲ့ ရေစီးကြောင်း၊ ရေကြောင်းတွေ ဘယ်လို ရောသွား၊ ခွာသွားသလဲ၊ မြစ်ရေ ညစ်ညမ်းမှုတွေက ဘယ်လောက် ပြဿနာဖြစ်နေသလဲ၊ ရေထု ညစ်ညမ်းမှုကို မြစ်က သဘာဝအလျောက် ဘယ်လို ဖြေရှင်းနေသလဲ ဆိုတာတွေကို နားလည်အောင်ကြိုးစားဖို့ပါ။

Image caption ဧရာဝတီဟာ မြန်မာနိုင်ငံရဲ့ အဓိက အကျဆုံး မြစ်ကြီးဖြစ်ပါတယ်။

အနောက်နိုင်ငံတွေမှာ ဆိုရင်တော့ ပညာရှင်တွေက ဒေါ်လာထောင်သောင်းချီ ကုန်ကျမယ့် နောက်ဆုံးပေါ် ခေတ်မီ ကိရိယာတွေကို သုံးပြီး ဒီလို သုတေသနလေ့လာချက်တွေကို လုပ်ကြပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ အဲဒါမျိုး ဘယ်တတ်နိုင်ပါ့မလဲလို့ ဒေါက်တာ ဘိုးဂတ်က ပြောပါတယ်။ "ရေရဲ့ အရည်အသွေးနဲ့ ပတ်သက်ပြီး သူတို့မှာ ဘာမှ အချက်အလက်မရှိကြဘူး၊ မြစ်အနည်ကျတာကို နည်းနည်းတော့ သိကြတယ်။ ဒါကြောင့် ကျွန်တော်တို့က လူထုကြားမှာရှိနေတဲ့ ပစ္စည်းတွေကို သုံးပြီး လိုနေတဲ့ အချက်အလက်တွေ ဘယ်လောက်ရနိုင်မလဲဆိုတာ ကြိုးစားကြည့်တာပါ။"

ဓာတ်ပုံ မူပိုင် Photo (C) TU Delft / Floris Papenhuizen
Image caption ဧရာဝတီနဲ့ ချင်းတွင်းမြစ်ဆုံရာ၊ ချင်းတွင်းဟာ ဧရာဝတီထက် အနည်အနှစ်တွေ ပိုများတာ တွေ့ခဲ့ရ

ပထမဆုံးတော့ အုန်းသီး အလုံး ၃၀၀ ကို ရောင်စုံ ပူဖောင်းတွေနဲ့ တွဲချည်၊ နောက် ညဖက်မှာ မြင်ရအောင်လည်း ပူဖောင်းထဲမှာ စက်ဘီးမှာ သုံးတဲ့ မီးတွေကို ထည့်ပြီး မြစ်ရေထဲ မျှောလိုက်ကြပါတယ်။

အုန်းသီးရဲ့ သိပ်သည်းဆနဲ့ လေးလံမှုတွေကြောင့် ရေထဲချလိုက်တဲ့အခါ ရေမျက်နှာပြင်ပေါ်မှာ တဝက်ပေါ်နေပြီး လေကြောင့်မဟုတ်ပဲ ရေစီးကြောင်း သက်သက်ရဲ့ အရွေ့နဲ့ မြောသွားပါတယ်။ ငွေမကုန်တဲ့ စမ်းသပ် ကိရိယာတစ်ခု ရလိုက်တာပါပဲ။

ဓာတ်ပုံ မူပိုင် Photo (C) TU Delft / Floris Papenhuizen
Image caption စက်ဘီးမီးလေးတွေ တပ်ထားတော့ မြောနေတဲ့ အုန်းသီးတွေကို ညဖက်မှာလည်း လွယ်လွယ်မြင်ရပါတယ်။

ဧရာဝတီမြစ်အလယ်မှာ ချလိုက်တဲ့ အုန်းသီးတွေက အမြန်ဆုံး မျောသွားကြပြီး ကမ်းနဲ့ နီးတဲ့နေရာမှာ ချတဲ့ အုန်းသီးတွေကတော့ နှေးနှေးလေးပဲ မျောသွားကြတာတွေ့ခဲ့ရပါတယ်။ ကိုယ်နဲံ တွဲ အလုပ်လုပ်နေတဲ့ ကျောင်းသား အုပ်စုတွေကို တံတားတွေပေါ်ကနေ အဲဒီ အုန်းသီးတွေ ဖြတ်သွားတာကို စောင့်ကြည့်ခိုင်းထားလိုက်တာပါပဲ လို့ ဒေါက်တာဟတ်က ပြောပါတယ်။

"သူတို့က အချိန်ကို မှတ်ထားကြတယ်။ အခု မနက် ၉ နာရီ ၄၅၊ ဟိုမှာ အပြာတစ်လုံး၊ ဒီဖက်မှာ အဖြူရောင်တစ်လုံး၊ ဒါမျိုးပေါ့။ တချို့ တံတားရှိတဲ့နေရာတွေမှာ ရေကြောင်းက အကွေ့အဝိုက်လေးဖြစ်နေတယ်။ နောက် တံတား တစ်စီးနားမှာကျတော့ ခေါင်းလောင်းပုံ ရေစီးက ကျယ်သွားတာတွေ့ရတယ်။ အဲဒီလိုနည်းနဲ့ တံတား တစ်စီးနဲ့ တစ်စီး အကြားက ရေစီးကြောင်း အရှိန် အနှေး အမြန်ကို တွက်လို့ရလာပါတယ်။"

ဒီလို အုန်းသီးနဲ့ စမ်းသပ်တာလောက်နဲ့ မလုံလောက်ဘူးဆိုတာ သိတဲ့အတွက် ဒေါက်တာ ဘိုးဂတ်၊ ဒေါက်တာဟတ်နဲ့ သူတို့နဲ့ တွဲ အလုပ်လုပ်နေတဲ့ ရန်ကုန်စက်မှုတက္ကသိုလ်၊ မြန်မာရေကြောင်းသိပ္ပံတို့က ကျောင်းသားတွေဟာ သူတို့ရဲ့ စမ်းသပ် ကိရိယာတွေကို နောက်ထပ် အဆင့်တစ်ဆင့် မြှင့်လိုက်ကြပါတယ်။

ဓာတ်ပုံ မူပိုင် Photo (C) TU Delft / Floris Papenhuizen
Image caption မြန်မာနိုင်ငံထဲက မျိုးဆက်သစ် သိပ္ပံသုတေသီတွေကိုလည်း လေ့ကျင့် သတင်တန်းပေးခဲ့ကြ

အဲဒါကတော့ သစ်သားတုံးတစ်တုံးကို အပေါ်က ဖော့ပြားတပ်ထားတာပါ။ အဲဒီအပေါ်မှာ ရေလုံတဲ့ ပလပ်စတစ်ဗူးလေးတွဲတပ်ပြီး အဲဒီ ဗူးထဲမှာတော့ GPS ဂြိုဟ်တုခြေရာကောက်စနစ်၊ ဒေတာကဒ်၊ နဲ့ ဘက္ထရီသုံး အချက်အလက် ထုတ်ပြန်ပေးတဲ့စက်လေးတွေကို ထည့်ထားပါတယ်။ အဲဒီ ကိရိယာတွေကတော့ အနောက်နိုင်ငံမှာ လူတွေက စတိုးဆိုင်တွေမှာ လွယ်လွယ်ဝယ်လို့ ရပြီး ကိုယ်ပိုင် စမ်းသပ်မှုတွေ လုပ်နိုင်တဲ့ ပစ္စည်းတွေပါ။

အခု မြန်မာပြည်မှာ လုပ်လိုက်တဲ့ စမ်းသပ်ကိရိယာ တစ်ခုလုံး တန်ဘိုးက ဒေါ်လာ ၁၅၀ တောင် မကျပါဘူး။ အဲဒီ ကိရိယာကို ကားဘော်ဒီ သံပြားစတွေနဲ့ အလေးချိန် ညီအောင်ကပ်ပြီး မြစ်ထဲ ချလိုက်ပါတယ်။

ဒီ ကိရိယာက သူ ဘယ်ရောက်နေတဲ့ အရှိန်ဘယ်လောက်နဲ့ သွားနေတယ်ဆိုတာကို ပြန်ပြီး သတင်းပို့ပေးနိုင်ပါတယ်။ ဒေါက်တာဟတ်တို့ အုပ်စုက ဒါမျိုး ကိရိယာ ၁၅ ခုကို ဧရာဝတီနဲ့ ချင်းတွင်းမြစ်ဆုံရာ နေရာကနေ စပြီး မျှောချခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Photo (C) TU Delft / Floris Papenhuizen
Image caption ဧရာဝတီနဲ့ ချင်းတွင်းမြစ်ဆုံရာ၊ ချင်းတွင်းဟာ ဧရာဝတီထက် အနည်အနှစ်တွေ ပိုများတာ တွေ့ခဲ့ရ
ဓာတ်ပုံ မူပိုင် Photo (C) TU Delft / Floris Papenhuizen
Image caption ဧရာဝတီကို မှီခို အသက်မွေးနေရသူတွေ အများကြီးရှိတဲ့အတွက် မြစ်ရဲ့ သဘာဝကို နားလည်ထားဖို့လို

ချင်းတွင်းမြစ်ဟာ နုံးနဲ့ အနည်အနှစ်တွေပိုများများ သယ်လာပေမယ့် အဲဒီ အနယ်အနှစ်တွေ ဧရာဝတီထဲ ပျော်ဝင်မှုကတော့ ကီလိုမီတာ တော်တော်များများ စီးဝင်ပြီးမှ တွေ့ရပါတယ်။

ဒီနှစ်အစောပိုင်းက သုတေသနပြု ကောက်ခံရရှိခဲ့တဲ့ အချက်အလက်တွေကို မူတည်ပြီး ဧရာဝတီရဲ့ သဘာဝ အနေအထားကို ပုံစံပြုကြမှာ ဖြစ်ပါတယ်။ ဒီနည်းနဲ့ ရေထုညစ်ညမ်းမှုတွေ တချိန်ချိန်မှာ ဘယ်လိုပုံ ဖြစ်လာနိုင်မလဲဆိုတာ ကြိုတင် ခန့်မှန်းတွက်ချက်နိုင်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

အဓိက ရည်မှန်းချက်ကတော့ အခုလို စမ်းသပ်လေ့လာမှုမျိုးကို ဒေသခံတွေကိုယ်တိုင် လုပ်သွားနိုင်ဖို့ ပါပဲလို့ တွမ်ဘိုးဂတ်က ပြောပါတယ်။

"ပထမတော့ ဒီလိုကိရိယာမျိုး နေ့စဉ်သုံး အကြမ်းထည် ပစ္စည်းတွေနဲ့ ဘယ်လိုတည်ဆောက်ရမလဲဆိုတာ တော်တော်စဉ်းစား စမ်းသပ်ကြည့်ခဲ့ရပါတယ်။ နောက်တော့ အလုပ်ဖြစ်သွားပါတယ်။ ကျွန်တော်တို့နဲ့ အတူ ကျောင်းသား ၁၀ ယောက်လောက်နဲ့ ဒေသခံ လက်မှုပညာရှင်တွေ ဝိုင်းလုပ်ကြတယ်။ အောင်မြင်သွားတာ တော်တော်ဝမ်းသာပါတယ်။ သိပ္ပံစမ်းသပ်နည်းတွေ ဘယ်လို လုပ်သလဲ သူတို့နဲ့ ဆွေးနွေးတယ်၊ ဧရာဝတီလို မြစ်ကြီးကို စောင့်ကြည့်လေ့လာဖို့ လိုအပ်တယ်ဆိုတဲ့ အသိ သူတို့ ရသွားကြအောင် လုပ်နိုင်ခဲ့ပါတယ်။"

ဓာတ်ပုံ မူပိုင် Photo (C) TU Delft / Floris Papenhuizen
Image caption ပျက်သွားရင် ပြင်ပါ၊ ပြန်သုံးပါ။

ရိုလ့်ဖ်ဟတ်ကတော့ အခုလို စမ်းစပ်မှုမျိုးကို လုပ်သင့်တယ်လို့ သူတို့က သြဝါဒမပေးလိုတဲ့ အကြောင်း၊ အချက်အလက်ရဖို့ သိပ္ပံစမ်းသပ်ပုံတွေကို ရနိုင်တဲ့ ပစ္စည်းတွေနဲ့ စမ်းသပ်လုပ်ကြည့်တာဟာ သုတေသနသမားတွေ ဘယ်နေရာမှာ ဘာလုပ်လုပ် အသုံးပြုသင့်တဲ့ နည်းလမ်းတစ်ခုလို့ ယူဆကြောင်း ပြောပါတယ်။

"အနောက်နိုင်ငံတွေမှာ သုံးနေတဲ့ ကိရိယာ ပစ္စည်းတွေကတော့ စျေးသိပ်ကြီးပါတယ်။ ဒါကြောင့် စျေးပေါတဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့ ပစ္စည်းတွေကို ပြုပြင်စမ်းသပ်ပြီး သုံးကြည့်နိုင်ရင် တခြားနည်းနဲ့ မရနိုင်တဲ့ အချက်အလက်မျိုးတွေ ရလာနိုင်တာတွေ့ရပါတယ်။

"စမ်းသပ်မှု တစ်ခုလုပ်ရမယ်ဆို တော်တော်များများက သုံးနေကျ ကိရိယာပစ္စည်းတစ်ခုရှိမှ လုပ်တတ်တယ်။ အဲဒီ ပစ္စည်း ပျက်သွားရင်လည်း ပြန်ပို့ပြီး အသစ်ရောက်လာတဲ့ အထိ စောင့်ကြတယ်။ မလုပ်ပါနဲ့။ ကိုယ့်ဟာကိုယ် ပြင်ကြည့်ပါ။ ကိုယ်ပိုင် ကိရိယာ တီထွင်ပါ။ အုန်းသီးကို ဖြစ်ဖြစ် သုံးကြည့်ပါ။"

တွမ်ဘိုးဂတ်နဲ့ ရိုလ့်ဖ်ဟတ်တို့ဟာ သူတို့ မြန်မာနိုင်ငံမှာ စမ်းသပ်တွေ့ရှိခဲ့ချက်တွေကို မကြာခင်ကလုပ်ခဲ့တဲ့ ဥရောပဘူမိသိပ္ပံသမဂ္ဂ ညီလာခံမှာ တင်သွင်းပြသခဲ့ပါတယ်။ သူတို့ လုပ်ခဲ့တဲ့ လုပ်ငန်း ဗီဒီယိုကိုလည်း ယူကျူမှာ ကြည့်နိုင်ပါတယ်။

ဓာတ်ပုံ မူပိုင် Photo (C) TU Delft / Floris Papenhuizen
Image caption အုန်းသီးကနေ စမ်းသပ်ကိရိယာလုပ်

လက်လုပ် ပစ္စည်းတွေနဲ့ ဧရာဝတီမြစ်ပေါ်က သိပ္ပံစမ်းသပ်ချက်

ဓာတ်ပုံ မူပိုင် Photo (C) TU Delft / Floris Papenhuizen
Image caption ဧရာဝတီ