မြောက်ကိုရီးယား နျူလက်နက်ကို ဘယ်ကရ

  • 12 မေ 2017
ဓာတ်ပုံ မူပိုင် KCNA/HANDOUT
Image caption ကင်မ်ဂျုံအွန်းလက်ထက်မှာ လက်နက်စမ်းစပ်မှုတွေ ဆက်တိုက်တွေ့ခဲ့ရ

အမေရိကန်ရဲ့ ရန်စမှုကို ကာကွယ်ဖို့ သူတို့ ပိုင်ဆိုင်ထားတဲ့ နျူကလီးယားလက်နက်ကြီးနဲ့ တုံ့ပြန်ဖို့ နည်းနည်းမှ တုံ့ဆိုင်းနေမှာ မဟုတ်ပါဘူးဆိုပြီး မြောက်ကိုရီးယား နိုင်ငံပိုင် ရုပ်သံက ကြုံးဝါးခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း စစ်ရေးအင်အားပြပြီး ဒုံးပျံကြီးတွေ အပါအဝင် လက်နက်အသစ်တွေကိုလည်း ထုတ်ပြလာခဲ့ပါတယ်။ မြောက်ကိုရီးယားမှာ နျူလက်နက်ပိုင်ဆိုင်နေပြီလို့ သိထားကြပါတယ်။ ကမ္ဘာက ပိတ်ဆို့ ဟန့်တားထားတဲ့ ကြားက အဲဒီလက်နက်ကို ဘယ်က ဘယ်လို ရသွားခဲ့တာပါလဲ။

စစ်အေးကာလက စပြီး ရည်မှန်းချက်ရှိခဲ့

သမိုင်းကြောင်းကို ပြန်ကြည့်ရင် မြောက်ကိုရီးယားတို့ရဲ့ နျူလက်နက်ပိုင်ရေး ရည်မှန်းချက်က ၁၉၅၀ ကိုရီးယားစစ်ပွဲကြီး ပြီးကတည်းက စတင်ခဲ့တာလို့ ယူဆရပါတယ်။ အဲဒီအချိန်က အမေရိကန်တွေက သူတို့ကို နျူကလီးယားလက်နက်နဲ့ ခြိမ်းခြောက်ခဲ့လို့ သူတို့မှာလည်း ခုခံဖို့ နျူလက်နက်ရှိသင့်ပြီလို့ ခံယူလာခဲ့တာပါ။

စစ်အေး တိုက်ပွဲကာလမှာ မြောက်ကိုရီးယားဟာ ကွန်မြူနစ်မဟာမိတ် ဆိုဗီယက်ယူနီယံဆီက ယူရေနီယမ် အရိုင်းသုံးတဲ့ လျှပ်စစ်ထုတ် ဓာတ်ပေါင်းဖိုတွေ ရခဲ့ပါတယ်။ အဲဒီ ဓာတ်ပေါင်းဖိုတွေမှာ ယူရေနီယံအရိုင်းကို ဖြေးဖြေးနဲ့ အချိန်အကြာကြီး အပူပေးတဲ့အခါ နျူကလီးယားဗုံးတွေမှာ သုံးနိုင်တဲ့ ပလူတိုနီယမ်ကို ရလာပါတယ်။

မြောက်ကိုရီးယားနျူလက်နက် ဘယ်လိုရသွားသလဲဆိုတဲ့ နိုင်ငံတကာသတင်းသုံးသပ်ချက်အစီအစဉ်

ဓာတ်ပုံ မူပိုင် AP
Image caption မြောက်ကိုးရီးယားပိုင်ထားတဲ့ ဒုံးတွေ

မိတ်ဆွေတွေရှာ၁၉၉၀ ကျော် ဆိုဗီယက်ယူနီယံ ပြိုကွဲသွားချိန်မှာတော့ မြောက်ကိုရီးယားတွေ မိတ်ဆွေသစ် ရှာလာပါတယ်။ အဲဒီမှာ တွေ့သွားတာက ပါကစ္စတန်ပါ။

မြောက်ကိုရီးယားက သူတို့ရဲ့ ဒုံးပျံနည်းပညာကို ပါကစ္စတန်ကို ရောင်းချပေးဖို့နိုင်ငံချင်း သဘောတူခဲ့တယ်လို့ ပါကစ္စတန်ရဲ့ လက်နက်ထိန်းချုပ်ရေးဌာနမှူးလုပ်ခဲ့သူ ဗိုလ်မှူးချုပ်ဟောင်း ဖာရော့ဇ် ဟာဆန် ခန်က ပြောပါတယ်။

ဒီလို တရားဝင်နည်းနဲ့ အဆက်အသွယ်တွေ လုပ်သလို လျှို့ဝှက်ဆက်ဆံမှုတွေလည်း ရှိခဲ့တယ်လို့ သူကဆိုပါတယ်။ အဲဒီအချိန်က ပါကစ္စတန်မှာ အေကျူခန် ဆိုတဲ့ နာမည်ကျော် သိပ္ပံပညာရှင်ရှိခဲ့ပါတယ်။ သူဟာ ပါကစ္စတန်ကို နျူလက်နက်ပိုင်ရှင် ဖြစ်အောင်လုပ်ပေးခဲ့သူပါ။ သူ့ရဲ့ ဓာတ်ခွဲခန်း အလုပ်ရုံမှာ မြောက်ကိုရီးယားတွေ လာအလုပ်လုပ်ကြပြီး သူ့ဆီက ယူရေနီယံကို လက်နက်ထုတ်နိုင်တဲ့အဆင့်အထိ သန့်စင်နိုင်တဲ့ နည်းပညာကို သင်ယူခဲ့ကြတယ်လို့ ဗိုလ်ချုပ်ခန်က ပြောပါတယ်။

"ပါကစ္စတန်မှာ လာအလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား ပညာရှင်တစ်ယောက်ရဲ့ မိန်းမသေတော့ အိမ်ထောင်ပစ္စည်းတွေ သင်္ဘောနဲ့ ပြန်ပို့တဲ့အထဲမှာ နျူကလီးယား လောင်စာချောင်းတွေကို သေတ္တာတွေနဲ့ထည့်ပြီး ပို့ပေးခဲ့ကြတယ်။"

နောက်ပိုင်းမှာ ပါကစ္စတန်အစိုးရက နိုင်ငံတကာ ဖိအားကြောင့် မြောက်ကိုရီးယားတွေကို ပြန်ပို့ဖို့ အေကျူခန်ကို ညွှန်ကြားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ နျူးကလီးယားဗုံးထုတ်ဖို့အဓိက ပစ္စည်းဖြစ်တဲ့ ပလူတိုနီယံနဲ့ ယူရေနီယံ သန့်စင်နိုင်တဲ့ နည်းပညာကို မြောက်ကိုရီးယားတွေ ရသွားပါပြီ။

စက်ပစ္စည်းတွေ စျေးကွက်ထဲမှာ ဝယ်လို့ရ

ဓာတ်ပုံ မူပိုင် EPA
Image caption လက်နက်အင်အားကြီး နိုင်ငံကြီးတစ်ခု ဖြစ်လာအောင်တည်ဆောက်

ဒါပေမယ့် အဲဒီနည်းပညာရတာနဲ့ ဗုံးထုတ်နိုင်သေးတာတော့ မဟုတ်ပါဘူး၊ အဆင့်တွေလိုသေးတယ်လို့ သိပ္ပံနဲ့ နိုင်ငံတကာလုံခြုံရေးအင်စတီကျူကို တည်ထောင်သူ ဒေးဗစ်အောဘရိုက်က ပြောပါတယ်။ သူဟာ လက်နက်စစ်ဆေးရေးမှူး တစ်ယောက်လည်း ဖြစ်ခဲ့သူပါ။

"နျူကလီးယားလက်နက်ကို ထုတ်ဖို့က သိပ်ရှုပ်ထွေး ခက်ခဲပါတယ်။ နိုင်ငံတစ်ခုအတွက်ဆိုရင် အင်မတန် ကြီးမား ရှုပ်ထွေးတဲ့ ပစ္စည်းတွေ သုံးရတဲ့ စက်ရုံတွေလည်း လိုပါတယ်။"

အဲဒီ စက်ပစ္စည်းတွေ မရှိတဲ့ မြောက်ကိုရီးယားအတွက် သိပ်တော့ အခက်အခဲမရှိပါဘူး။ နိုင်ငံတကာ စျေးကွက်မှာ ဝယ်လို့ရခဲ့ပါတယ်လို့ သူက ပြောပါတယ်။

"၉၈၀ ပြည့်လွန်နှစ်တွေမှာတော့ ဥရောပမှာ အထိန်းအချုပ်တွေ မရှိသေးတော့ ဥရောပကုမ္ပဏီတွေဆီက ဝယ်လို့ လွယ်လွယ်ရခဲ့တယ်။ မြောက်ကိုရီးယား သံရုံးတွေ ကောင်စစ်ဝန်ရုံးတွေက အဝယ်တော်တွေ လုပ်ခဲ့တာပေါ့။"

နောက်ပိုင်း ဥရောပမှာ စည်းကမ်းတွေ တင်းကြပ်လာတော့ မြောက်ကိုရီးယားဟာ တရုတ်ကို ရွှေ့ပြီး စျေးကွက်ရှာခဲ့ပါတယ်လို့ ဒေးဗစ်အောဘရိုက်က ပြောပါတယ်။

"တရုတ်ကုမ္ပဏီတစ်ခုကို ငှားပြီး သူတို့အတွက် ပြည်တွင်းမှာ သုံးဖို့ ပစ္စည်းတွေ ဝယ်တာဆိုပြီး တင်သွင်းပါတယ်။ တရုတ်ထဲကို ရောက်လာပြီးရင်တော့ ကုန်းလမ်းက တဆင့် မြောက်ကိုရီးယားကို ပို့ပါတယ်။ တရုတ်နယ်စပ်မှာက စစ်ဆေးရေးတွေက မတင်းကြပ်ဘူးလေ။"

ဒီလိုနဲ့ မြောက်ကိုရီးယားဟာ သန့်စင်ပြီး ယူရေနီယံတွေကိုရ၊ ပြီးတော့ လက်နက်ထုတ်လုပ်ဖို့ လိုအပ်တဲ့ စက်တွေ ပစ္စည်းတွေကို စျေးကွက်ထဲက လွယ်လွယ်နဲ့ ဝယ်လို့ ရသွားခဲ့ပါပြီ။ အဲဒါတွေ ရတော့ ဗုံးကို ဘယ်လို ထုတ်လုပ်ခဲ့ပါသလဲ။

မြောက်ကိုရီးယား လက်နက်စက်ရုံထဲ ရောက်ဖူးသူ

အမေရိကန် စတန်းဖို့ တက္ကသိုလ်က ပညာရှင် ဆီးဖရီးဟက်ကာဟာ အမေရိကန်ရဲ့ အဓိက သိပ္ပံစမ်းသပ်ခန်း လော့စ်အလာမိုအမျိုးသားဓာတ်ခွဲခန်းမှာ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သူပါ။ သူဟာ မြောက်ကိုရီးယားက ဖိတ်ခေါ်ပြီး သူတို့ရဲ့ နျူကလီးယားအစီအစဉ်ကို ပြသခံရတဲ့ နိုင်ငံတကာ ပညာရှင် နည်းနည်းလေးထဲက တစ်ယောက်ပါ။

"၂၀၀၄ ဇန်နဝါရီမှာ ယုံဗြွန်းနျူကလီးယားစက်ရုံကို ကျွန်တော်ရောက်သွားတယ်။ တော်တော်လေး အံ့အားသင့်စရာကောင်းပါတယ်။ သူတို့ ပလူတိုနီယံထုတ်နေတဲ့ အဆင့်တွေကို ပြတယ်။ ဖန်ဘူးထဲ ထည့်ထားတဲ့ ပလူတိုနီယံကိုတောင် ကျွန်တော် ကိုင်ကြည့်ခဲ့ရသေးတယ်"

သူ ကိုင်ကြည့်ခဲ့ရ တွေ့ခဲ့ရတာ ဗုံး မဟုတ်သေးပေမယ့် ဗုံးလုပ်နိုင်နေပြီလို့ သူ ယုံကြည်ခဲ့ပါတယ်။ တွေ့ခဲ့ရတဲ့ စက်ရုံရဲ့ အဆင့်မြင့်ပုံ၊ ပညာရှင်တွေရဲ့ နည်းပညာ ကျွမ်းကျင်ပုံတွေကို သူ တအံ့တသြတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ သူ့ကို ခေါ်ပြတဲ့ရည်ရွယ်ချက်ကလည်း မြောက်ကိုရီးယားတွေ သူတို့မှာ ဘာရှိနေပြီ ဘာလုပ်နိုင်နေပြီဆိုတာ ကမ္ဘာကို သိစေချင်တဲ့ သေဘာလို့ သူက ယုံကြည်ခဲ့ပါတယ်။

ဒီကြားထဲမှာပဲ မြောက်ကိုရီးယားဟာ ၂၀၀၆ ခုနှစ်မှာ ပထမဆုံး နျူကလီးယားဗုံးကို စစမ်းသပ်ဖောက်ခွဲပါတယ်။ မြေအောက် လှိုက်ခေါင်းနက်ကြီးထဲ ဖောက်ခွဲခဲ့တဲ့ ဗုံးဟာ သေးပြီး သိပ်အဆင့်မမြင့်ပေမယ့် သူတို့ လက်ထဲ ဗုံးရသွားပြီဆိုတာ ကမ္ဘာက သိလိုက်ရပါတယ်။

၂၀၁၀ မှာ ဆီးဖရီးဟက်ကာ မြောက်ကိုရီးယား နျူစက်ရုံကို နောက်တစ်ခေါက် ရောက်သွားချိန်မှာတော့ အပြောင်းအလဲကြီး ထပ်တွေ့လိုက်ရပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption မြောက်ကိုရီးယားရဲ့ နျူကလီးယား စက်ရုံမှာ လှုပ်ရှားမှုတွေ အမြဲရှိနေ

"အဆောက်အဦထဲဝင်လိုက်တာနဲ့ ကျွန်တော်တော်တော်လေး အံ့သြသွားတယ်။ ဒီအထဲ ကျွန်တော် တစ်ခေါက် ရောက်ဖူးတယ်၊ အခု တော့ လုံးဝ ပြန်ပြင်ထားတယ်။ ဒုတိယထပ်ကို တက်ပြီး မှန်ပြူတင်းက အောက်ကို ကြည့်လိုက်ရင် နံရံကြီးတစ်ခုဘေးမှာ သတ္တုပြွန်တွေ ၂၀၀၀ လောက် စီထားပြီး သူတို့ကို ရှုပ်ထွေးတဲ့ ပိုက်တွေနဲ့ ဆက်ထားတာ တွေ့ရတယ်။"

အဲဒီ သတ္တုပြွန်တွေဆိုတာက ယူရေနီယံ သတ္တုကို လက်နက်ထုတ်နိုင်တဲ့ အဆင့်အထိ သန့်စင်ပေးတဲ့ စင်ထရီဖျုဂျ် ဗဟိုခွာစက်တွေပါ။ ကွန်ထရိုးခန်းဟာလည်း အရင်လို စနစ်ဟောင်းက ခလုတ်တွေ၊ လက်ရေးဇယားတွေနဲ့ မဟုတ်တော့ပဲ မျက်နှာပြင်ပြား တီဗီစကရင်တွေ၊ နောက်ဆုံးပေါ် စက်ကိရိယာတွေနဲ့ တွေ့ခဲ့ရပါတယ်တဲ့။

"သူတို့မှာ ဗုံး အလုံး ၂၀ အစိတ်လောက်ထိ ထုတ်နိုင်မယ့် ပလူတိုနီယံနဲ့ သန့်စင်ပြီး ယူရေနီယံတွေ ရှိနေပြီလို့ ခန့်မှန်းလို့ ရပါတယ်။"

၂၀၀၆ ခုနှစ်မှာ သူတို့ ပထမဆုံး ဗုံးကို စမ်းခဲ့တယ် အခုဆို သူတို့ ပိုင်ထားတဲ့ ဗုံးတွေက ဘယ်လောက် စိုးရိမ်စရာ ရှိနေပြီလဲ။

"ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း နောက်ထပ်လေးကြီမ် ထပ်စမ်းခဲ့ပြီးပြီ။ နှစ်ခြားပြီး စမ်းတာဆိုတော့ တစ်ခုချင်းကို ပိုကောင်းအောင်လုပ်လာနိုင်တာပေါ့။ နောက်ဆုံး စမ်းတဲ့ ဗုံးနှစ်လုံးလောက်ကဆို ဂျပန်က ဟီရိုရှီးမားနဲ့ နာဂါဆာကီးတို့ကို ဖျက်ခဲ့တဲ့ ဗုံးတွေလောက်အားပြင်းတယ်။ မြို့တစ်မြို့ကို ဖျက်နိုင်လောက်တဲ့ ဗုံးတွေပေါ့။"

မြောက်ကိုရီးယားမှာ စူပါ သိပ္ပံပညာရှင်ကြီးတွေမရှိပေမယ့် သူတို့ဟာ နည်းပညာကို ကျွမ်းကျင်ကြတယ်။ စာအုပ်တွေဖတ်ပြီး တီထွင်နိုင်ကြတာတွေ့ရတယ်လို့ သူကပြောပါတယ်။

ဗုံးရှိရင် ပစ်မှတ်ကို ပစ်နိုင်ပြီလား

ရုရှားဆီက ပလူတိုနီယံထုတ်နိုင်တဲ့ နည်းပညာ၊ ပါကစ္စတန်ဆီက ယူရေနီယံသန့်စင်နိုင်တဲ့ အတတ်ပညာ၊ ကမ္ဘာ့စျေးကွက်ထဲက စက်ပစ္စည်းတွေ ဝယ်ယူလို့ ရပြီးတဲ့နောက် မြောက်ကိုရီးယား နျူကလီးယားဗုံးတော့ ပိုင်ခဲ့ပါပြီ။ ဒါပေမယ့် ဘာ လိုနေပါသေးသလဲ။

မယ်လစ်ဆာ ဟမ်နမ်ဟာ တောင်ကိုရီးယား အခြေစိုက်ပြီး နိုင်ငံတကာပဋိပက္ခ လေ့လာရေးအဖွဲ့အတွက် သုတေသနအရာရှိလုပ်ခဲ့သူဖြစ်ပါတယ်။ မြောက်ကိုရီးယားရဲ့ လက်နက်အစီအစဉ်ကို အထူးပြု လေ့လောနေခဲ့သူပါ။

"မြောက်ကိုရီးယားက လေယာဉ်ပေါ်မှာ ဗုံးတင်ပြီး ကြဲမချနိုင်ပါဘူး။ အဲဒီ လေယာဉ် ပျံတက်လာတာနဲ့ ပစ်ချခံရမှာပေါ့။ သူတို့ဆီမှာ ဒုံးပျံရှိမှ နျူကလီးယား ထိပ်ဖူးတပ်ပြီး ပစ်ချင်တဲ့နေရာ ရောက်အောင် ပစ်နိုင်မှာပါ။"

ဒါဆို သူတို့မှာ အဲဒီလို ပစ်နိုင်တဲ့ ဒုံးပျံတွေရော ရှိနေပြီလား။ ပြီးခဲ့တဲ့ နှစ် မတ်လက စစ်ရေးပြပွဲမှာ ခေါင်းဆောင် ကင်မ်ဂျုံအွန်းဟာ ထိပ်ဖူးလို့ ယူဆရတဲ့ ပစ္စည်းတစ်ခု အနားမှာ ရပ်ကြည့်နေတာ တွေ့ခဲ့ရပါတယ်။ အဲဒါက နျူထိပ်ဖူးပါလား။

"ကျွန်မတို့ တိုင်းတာ တွက်ချက်မှုတွေသာ တိတိကျကျ ဖြစ်လာရင်တော့ အဲဒီ ထိပ်ဖူးဟာ သူတို့ဆီမှာ ရှိပြီးသား ဒုံးပျံစနစ်တွေ အများကြီးမှာ တပ်ပြီး သုံးလို့ ရနိုင်နေပါပြီ။"

သူတို့ ဟာ ဒုံးပျံထိပ်ဖူးမှာ တပ်နိုင်လောက်အောင် သေးတဲ့ နျူကလီးယားဗုံး ထုတ်နိုင်ပြီဆိုရင်တော့ မေးစရာက သူတို့ရဲ့ ဒုံးပျံဟာ နျူထိပ်ဖူး တပ် ပြီး ပစ်နိုင်ဖို့ ဘယ်လောက် အဆင်သင့်ဖြစ်နေပြီလဲဆိုတာပါပဲ။

"အခုလောလောဆယ်တော့ သူတို့ အမေရိကားတို့ ဗြိတိန်တို့ဆီ ရောက်အောင် မပစ်နိုင်သေးပါဘူး။ ဒါပေမယ့် တိုက်ချင်းပစ် ဒုံးပျံတစ်စီးမှာ ရှိရမယ့် အစိတ်အပိုင်းတွေ ထုတ်ထုတ်ပြနေတာ တွေ့ရတယ်၊ ဒုံးပျံအင်ဂျင်ကိုတွေ့ရတယ်။ လောင်စာတွေလည်း ထုတ်ပြတယ်၊ အပူကာ စနစ်လည်း တွေ့ရတယ်၊ ဒုံးပျံတစ်ခုလုံး ပစ်လွှတ်ပြတာတော့ မတွေ့ရသေးဘူး။ ဒါပေမယ့် အဲဒီ ဒုံးပျံသူတို့ စမ်းသပ်ပစ်လွှတ်လိုက်တဲ့ နေ့ဟာတော့ တကမ္ဘာလုံးလှုပ်ခတ်သွားမယ့် နေ့ပါပဲ။"

(ဘီဘီစီ ကမ္ဘာတလွှားအစီအစဉ် The Inquiry က How Did North Korea Get the Bomb ကို မှီငြမ်းပါသည်။)