ပင်လုံညီလာခံ အတွက် ဘာတွေ သိထား ရမလဲ

  • 21 မေ 2017
Image caption ပင်လုံ ညီလာခံ ဒုတိယအကျော့ ပြန်စတော့မယ်။

လာမယ့် သီတင်းပတ်ထဲ ဆိုရင် ၂၁ ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဒုတိယအကျော့ ပြန် စတင်လာဖို့ ရှိနေပါတယ်။ ဒီ ညီလာခံ ဒုတိယအကျော့ အတွက် သိမှတ်ဖွယ် ၅ ချက်ကို ဘီဘီစီမြန်မာပိုင်းက တင်ဆက် ပေးပါ့မယ်။

၂၁ ရာစုပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံရဲ့ ဒုတိယအကျော့ဟာ ပထမအကြိမ် ညီလာခံထက် ပိုပြီး အကြိတ်အနယ် ငြင်းခုံ ဆွေးနွေးမှုတွေကို ကြားလာရစရာ အလားအလာ ရှိပါတယ်။

ဘာ့ကြောင့်လဲ ဆိုတော့ ပထမအကျော့နဲ့ အခု ဒုတိယအကျော့ အကြားမှာ ဖြစ်ပွားခဲ့တဲ့ အပြောင်းအလဲ တချို့ကြောင့် ဖြစ်ပါတယ်။

(၁) NCA လား၊ ပန်ခမ်းလား

ညီလာခံ ပထမအကျော့နောက်ပိုင်းနဲ့ အခုတကြိမ် ညီလာခံ ပြန်လည် မကျင်းပမီအကြား စပ်ကူးမတ်ကူးကာလမှာ အပြောင်းအလဲတချို့ ဖြစ်ပွားခဲ့ပါတယ်။

အရေးကြီးတဲ့ အပြောင်းအလဲတခုကတော့ NCA လမ်းကြောင်း အတိုင်း ဆက်သွားလို့ အဆင်ပြေချောမွေ့နိုင်မယ်လို့ မယုံကြည်တော့တဲ့ အတွက် လမ်းကြောင်းသစ်ရှာဖွေမယ်လို့ ထုတ်ဖော်ပြောဆိုတဲ့ ပန်ခမ်းမူ ထွက်ပေါ်လာတဲ့ အချက်ဖြစ်ပါတယ်။

၂၁ ရာစုပင်လုံညီလာခံ ပထမအကျော့ ကျင်းပပြီးစီးသွားတဲ့နောက်မှာ မြန်မာနိုင်ငံမြောက်ပိုင်းမှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။ အထူးသဖြင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့ထဲက ၃ ဖွဲ့ဖြစ်ကြတဲ့ ကချင်(KIA)၊ တအာန်း (TNLA)၊ ကိုးကန့် (MNDAA)တို့နဲ့ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

အဲသလို တိုက်ပွဲ ဖြစ်ပွားပြီးနောက်မှာ မြောက်ပိုင်း ဒေသမှာ ရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေဟာ ဝဒေသ ပန်ခမ်းမြို့မှာ တွေ့ဆုံကြပြီး NCA လမ်းကြောင်းမဟုတ်တဲ့ တခြား နည်းလမ်းနဲ့ ငြိမ်းချမ်းရေး ခရီးကို ဆက်သွားချင်တယ်လို့ ထုတ်ဖော် ပြောဆို လာခဲ့ပါတယ်။

ထူးခြားတာက အဲသလို ထုတ်ဖော် ပြောဆိုခဲ့ကြတဲ့ ပန်ခမ်း သဘောထား ဖော်ပြသူ အဖွဲ့ထဲမှာ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC) ရဲ့ ဥက္ကဋ္ဌ နေရာ ယူထားခဲ့တဲ့ ကချင်(KIA)နဲ့ နောက်ထပ် UNFC အဖွဲ့ တဖွဲ့ဖြစ်တဲ့ ရှမ်းပြည် တပ်မတော်မြောက်ပိုင်း (SSPP/SSA) တို့လည်း ပါဝင်နေကြတဲ့ အချက်ဖြစ်ပါတယ်။

KIA ကချင်နဲ့ SSPP/SSA ရှမ်းမြောက်တို့ဟာ UNFC မဟာမိတ်တွေနဲ့အတူ NCA လမ်းကြောင်း သွားမယ်လို့ ပြောထားသလို ပန်ခမ်းအစည်းအဝေး တက်ရောက် ခဲ့ကြသူတွေ နဲ့အတူ NCA မဟုတ်တဲ့ တခြား လမ်းကြောင်းကို သွားမယ်လို့လည်း ပြောထားတဲ့ အတွက် သူတို့ ဘယ်လမ်းကို အမှန်တကယ် ရွေးချယ် ထားသလဲ ဆိုတာဟာ လေ့လာသူတွေ အတွက် ဒွိဟ ဖြစ်စရာ ဖြစ်နေခဲ့ပါတယ်။

အခုအခါမှာ KIA က UNFC ကနေ နုတ်ထွက်စာတင်လိုက်ပါပြီ။ SSPP/SSA ကတော့ UNFC မှာ ဆက်လက်ရှိနေဆဲပါ။

Image caption UWSA တပ်သားတွေ ပန်ခမ်းမှာ အင်အားပြ

(၂) လက်မှတ် ထိုးမယ်လို့ အသံထွက်လာတဲ့ အဖွဲ့ ၅ ဖွဲ့

မွန်ပြည်သစ် ပါတီ (NMSP)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၊ ဝအမျိုးသားအဖွဲ့ (WNO)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ် ပါတီ (LDU) ပါတီတို့ လက်မှတ် ရေးထိုး တော့မယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ကောင်စီရုံးက မတ်လ ၃၀ ရက်နေ့မှာ ထုတ်ပြန် ကြေညာ ပြောဆို ခဲ့ပါတယ်။

ဒါပေမယ့် နိုင်ငံတော် အတိုင်ပင်ခံ ကောင်စီရုံးက ကြေညာပြီး နာရီပိုင်း အတွင်းမှာပဲ မွန်ပြည်သစ်ပါတီ (NMSP) ရဲ့ ဒုဥက္ကဋ္ဌ နိုင်ဟံသာက သူတို့အနေနဲ့ လက်မှတ် ရေးထိုး တော့မယ်လို့ အကြောင်းကြားထားတာ မရှိသေးဘူးလို့ ဘီဘီစီကို ပြောခဲ့ပါတယ်။ ဘာ့ကြောင့် အဲဒီ ၅ ဖွဲ့ လက်မှတ် ရေးထိုးတော့မယ် ဆိုတဲ့ သတင်း ထွက်ပေါ် လာခဲ့သလဲ ဆိုတာဟာ ပဟေဠိသဖွယ် ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် အဲသလို ထုတ်ပြန် ကြေညာချက်တွေ ထွက်ပေါ်မလာခင် သီတင်းတပတ်ကျော် အလိုမှာ (မတ်လ ၂၂ ရက်) မွန်ပြည်သစ်ပါတီဟာ NCA လမ်းကြောင်းကိုသာ ရွေးချယ်ပြီး ညှိနှိုင်းပြေလည်တဲ့ အချိန် လက်မှတ် ရေးထိုးမယ်လို့ မွန်ပြည်နယ်မော်လမြိုင်မြို့ လူထုအစည်းအဝေး အပြီးမှာ ပြောခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ လက်မှတ် ထိုးမယ်လို့ အသံထွက်ခဲ့တဲ့ ၅ ဖွဲ့ထဲက ဝအမျိုးသားအဖွဲ့ (WNO) ဟာလည်း UNFC ကနေ နုတ်ထွက် လိုက်ပြန်ပါတယ်။ ဝအမျိုးသားအဖွဲ့ (WNO)ဟာ လက်မှတ် ရေးထိုးရေးနဲ့ အလှမ်းကွာသွားပြီး ပန်ခမ်းနဲ့ပိုနီး စပ်သွားတယ်လို့ ယူဆစရာ ရှိပါတယ်။

Image caption မွန်ပြည်သစ် ပါတီ တပ်ဖွဲ့ ဝင်တွေ

(၃) မူအရ သဘောတူခြင်း

မွန်ပြည်သစ်၊ ကရင်နီတို့က NCA လက်မှတ် ရေးထိုးရေး လမ်းကြောင်း ဆီကို ပိုမို နီးကပ် ဦးတည် သွားတာဟာ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ (UNFC)က တောင်းဆိုထားတဲ့ အချက် ၉ ချက်ကို မြန်မာအစိုးရက မူအရ သဘောတူတယ်လို့ ၂၀၁၇ ခုနှစ် မတ်လဆန်းမှာ ပြောဆိုခဲ့တဲ့ အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ပထမ ပင်လုံညီလာခံ ပြီးတဲ့ နောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားခဲ့တဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ ကတော့ NCA လမ်းကြောင်းဟာ ငြိမ်းချမ်းရေးကို အာမခံနိုင်ဖို့ မသေချာတော့လို့ လမ်းကြောင်းသစ်ဆီ ဦးတည်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

မူအရ သဘောတူလိုက်တယ် ဆိုတာဟာ အပြုသဘော လက္ခဏာကို ဆောင်တာဖြစ်တယ်၊ တိုးတက်မှု ပြသတာ ဖြစ်တယ်လို့ UNFC အဖွဲ့ဝင်တွေက ယူဆကြပေမယ့် ကေအိုင်အို ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဂွမ်မော်ကတော့ အမှန်တကယ် အားဖြင့် အချက် ၉ ချက်စလုံးကို အစိုးရက မူအရ သဘောတူတာ မဟုတ်ဘဲ အမှတ် ၈ တချက်တည်းကိုသာ သဘောတူခဲ့တာ ဖြစ်တယ်လို့ ထောက်ပြ ပြောဆိုပါတယ်။

အရေးကြီးဆုံး အချက်နှစ်ချက် ဖြစ်တဲ့ တနိုင်ငံလုံးမှာ အပစ်အခတ် ရပ်စဲရမယ် ဆိုတဲ့ အချက်နဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ဖို့ ကတိပြုရမယ် ဆိုတဲ့ အချက်ကို အစိုးရဘက်က သဘောတူ မထားဘူးလို့ဆိုပါတယ်။

အစိုးရဘက်ကတော့ UNFC ဟာ လက်နက်ကိုင် အဖွဲ့အစည်း အားလုံးကို ကိုယ်စားပြုထားတာ မဟုတ်တဲ့ အတွက် NCA လက်မှတ်ရေးထိုးထားတဲ့ တဖွဲ့ချင်းနဲ့သာ အပစ်အခတ် ရပ်စဲ နိုင်မယ်လို့ ပြောခဲ့ပါတယ်။

ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းရေးနဲ့ ပတ်သက်တဲ့ အပိုင်းမှာလည်း နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်ပြီးမှသာ ဆွေးနွေးပွဲ ရလဒ်နဲ့အညီ ဆောင်ရွက်မယ်လို့ အစိုးရဘက်က ပြောတယ် ဆိုပြီး ဗိုလ်ချုပ်ဂွမ်မော်က ဆိုပါတယ်။

တကယ်လို့ နိုင်ငံရေးဆွေးနွေးပြီးမှ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ သဘော မတူပါဘူး လို့ အဖြေထွက်ခဲ့ရင် စစ်ပြန်တိုက်ရမလား၊ အစက ပြန်ဆွေးနွေးရမလား စဉ်းစား တွေးတော ဖွယ်ရာ ဖြစ်နေတယ်လို့ ဆိုပါတယ်။

Image caption အမှတ် ၈ တချက်တည်း ကိုသာ သဘောတူခဲ့တာ ဖြစ်တယ်လို့ ဗိုလ်ချုပ် ဂွမ်မော် ထောက်ပြ။

(၄) ပန်ခမ်းမဟာမိတ်အဖွဲ့

ဧပြီလ ၁၅ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ပန်ခမ်း ညီလာခံအပြီးမှာ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီကို အစည်းအဝေး တက်ရောက်သူ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့နဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

အစည်းအဝေး တက်ရောက်သူ လက်နက်ကိုင် အဖွဲ့အစည်း ၇ ဖွဲ့ဟာ အစိုးရနဲ့ ဆွေးနွေးရာမှာ တဖွဲ့ချင်း အနေနဲ့ ဆွေးနွေးတော့မှာ မဟုတ်ဘဲ၊ ကော်မတီအနေနဲ့သာ ဆွေးနွေးတော့မှာ ဖြစ်တယ်လို့ အဲဒီပန်ခမ်းညီလာခံအပြီးမှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။

အဲဒီကြေညာချက် ထွက်ပေါ်လာပြီး နောက်မှာ သင်္ကြန်မတိုင်ခင်က သဘောတူထားခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင်နဲ့ TNLA တအာန်း၊ MNDAA ကိုးကန့်၊ AA ရခိုင့် တပ်မတော်တို့ တွေ့ဆုံမယ့် အစီအစဉ်ဟာ ဆိုင်းငံ့ သွားခဲ့ ပါတယ်။

ကော်မတီ ဖွဲ့စည်းလိုက်ပြီး ကော်မတီကသာ ဦးဆောင် ဆွေးနွေးမယ်လို့ ဆုံးဖြတ်လိုက်တဲ့ အတွက် ပန်ခမ်းအစည်းအဝေး တက်ရောက်သူ တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ဟာ မဟာမိတ် စုပေါင်းအုပ်စုတစု (umbrella group) တခု သဖွယ် ဖြစ်လာပါတယ်။

နောက်ဆုံး တကြိမ်ပြုလုပ်တဲ့ လက်နက်ကိုင် ၇ ဖွဲ့ရဲ့ အစည်းအဝေးကနေ ကြေညာချက် ထုတ်ပြန်ခဲ့ရာ မှာတော့ ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင်အနေနဲ့ တက်ရောက်ခွင့် ပြုမှသာ ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယ အကျော့ကို တက်မယ်လို့ ထပ်လောင်း အတည်ပြုခဲ့ပါတယ်။

Image caption NCA ပြင်ပနည်း ရှာမယ်ဆိုတဲ့ ပန်ခမ်းညီလာခံ

(၅) တောင်ပိုင်းအုပ်စု၊ မြောက်ပိုင်းအုပ်စု

၂၁ ရာစုပင်လုံညီလာခံ ပထမအကျော့နောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင် တွေအကြားမှာ တောင်းပိုင်း အုပ်စုနဲ့ မြောက်ပိုင်း အုပ်စု ရပ်တည်ချက် ကွဲပြားလာတာ တွေ့ရပါတယ်။

ပန်ခမ်း မဟာမိတ် အဖွဲ့မှာ ရခိုင်တပ်မတော် (AA) မှတပါး ကျန်အဖွဲ့ အားလုံးဟာ မြန်မာနိုင်ငံ မြောက်ပိုင်းက အဖွဲ့တွေ ဖြစ်ပါတယ်။ အဖွဲ့ ၇ ဖွဲ့ အနက်မှာ ၅ ဖွဲ့ဟာ အစိုးရ စစ်တပ်နဲ့ လတ်တလော တိုက်ပွဲ ဖြစ်ပွားနေကြတဲ့ အဖွဲ့တွေလည်း ဖြစ်ပါတယ်။

အများစုဟာ တပ်သား အရေအတွက် အင်အားများပြားတဲ့ အဖွဲ့တွေလည်း ဖြစ်ကြပါတယ်။

မြန်မာနိုင်ငံမှာ တပ်သား အင်အားအများဆုံး အဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော်တို့ဟာ မြောက်ပိုင်း အုပ်စုထဲမှာ ပါဝင်ပါတယ်။

ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်မှာ တပ်သား အရေအတွက် ၃ သောင်းခွဲရှိပြီး ကချင် လွတ်လပ်ရေး တပ်မတော်မှာ တပ်သား အင်အား ၁ သောင်း ၂ ထောင် ရှိတယ်လို့ လေ့လာသူတွေက ခန့်မှန်း ကြပါတယ်။

KIA ကချင်နဲ့ ဝအမျိုးသားအဖွဲ့ (WNO) တို့ UNFC ထဲကနေ နုတ်ထွက်ပြီးနောက်မှာ တောင်ပိုင်းမြောက်ပိုင်း ကွဲပြား ခြားနားမှုဟာ ပိုမို ထင်ရှား ပေါ်လွင်လာပါတယ်။

တောင်ပိုင်း အုပ်စုတွေ ထဲမှာတော့ ကရင် အမျိုးသား အစည်းအရုံး KNU က လွဲရင် ကျန်တဲ့ အဖွဲ့အစည်းတွေဟာ အင်အား ရာဂဏန်းသာရှိတဲ့ အဖွဲ့အစည်းတွေ ဖြစ်ကြပါတယ်။

အင်အားအကြီးဆုံး KNU ဟာ အစိုးရ တပ်မတော်နဲ့ အပစ်အခတ် ရပ်စဲ သဘောတူညီချက် ယူထားပြီး ကျန် အဖွဲ့တွေဟာ ပတ်ဝန်းကျင်မှာ အခြား လက်နက်ကိုင် အဖွဲ့အစည်း နယ်နမိတ် အကာအကွယ် (buffer zone) မရှိကြတဲ့ သီးခြား အဖွဲ့အစည်းတွေ လိုလို ဖြစ်နေပါတယ်။

အစိုးရရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ကနေ ၂၁ ရာစုပင်လုံညီလာခံ ဒုတိယအကျော့ကို တက်ရောက်ဖို့ ဖိတ်ကြားသူ စာရင်းထဲမှာတော့ TNLA တအာန်း၊ MNDAA ကိုးကန့်၊ AA ရခိုင့်တပ်မတော်တို့ မပါဝင်ဘဲ ကြွင်းကျန်ရစ်ခဲ့ပါတယ်။

ဖိတ်ကြား ခံရသူတချို့ ဟာလည်း မဲပေး ဆုံးဖြတ်ခွင့် မရတဲ့ အထူး ကိုယ်စားလှယ်အဖြစ် ဖိတ်ကြား ခံကြရတာ ဖြစ်ပါတယ်။ အထူး ကိုယ်စားလှယ် အဖြစ်သာ ဖိတ်ကြား ခံရရင် မတက်ဘူးလို့ ဆိုထားသူတွေလည်း ရှိကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ