ကင်မ်ဂျုံနမ်းကို သတ်တယ်လို့ စွပ်စွဲခံထားရတဲ့ အမျိုးသမီးနှစ်ဦး

  • 13 ဇွန် 2017
ဒွန်သီဟုန် (ဘယ်ဖက်ပုံမှာ တီရှပ်အဝါ) နဲ့ စီတီအိုင်ဆီရာ (ညာဖက်ပုံ)တို့ကို မတ်လ ၁ရက်နေ့က မလေးရှားတရားရုံးရှေ့မှာတွေ့ရစဉ် ဓာတ်ပုံ မူပိုင် AFP
Image caption ဒွန်သီဟောင်း (ဘယ်ဖက်ပုံမှာ တီရှပ်အဝါ) နဲ့ စီတီအိုင်ဆီရာ (ညာဖက်ပုံ) တို့က သူတို့ဟာ ရုပ်သံက နောက်ပြောင်တဲ့အစီအစဉ်တစ်ခုမှာ ပါနေရတာလို့ ထင်ခဲ့တယ်လို့ ပြောထားကြပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ အဖေတူ အမေကွဲ အစ်ကို ကင်မ်ဂျုံနမ်းကို သတ်မှုဟာ သမိုင်းမှာ အဆိုးဆုံးလုပ်ကြံမှုကြီးတစ်ခုအဖြစ် မှတ်တမ်းတင် ကျန်သွားတော့မှာပါ။ သူ့ကို သတ်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ အမျိုးသမီး နှစ်ဦးလည်း မလေးရှားမှာ တရားရင်ဆိုင်နေရပါတယ်။ ဘီဘီစီ ဗီယက်နမ်ဌာနက ငါ့ဖမ် နဲ့ အင်ဒိုနီးရှားဌာနက ရေဗက်ကာ ဟန့်ချကေးတို့က အဲဒီအမျိုးသမီးတွေရဲ့ ဇာတ်လမ်းကို စုံစမ်းဖော်ထုတ် ရေးသား ထားပါတယ်။

ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ် ထွက်ခွာဆောင်က စီစီတီဗီမှတ်တမ်းတွေကတော့ မမေ့နိုင်စရာပါ။ သက်လတ်ပိုင်းရှိတဲ့ လူတစ်ယောက်ကို အမျိုးသမီး နှစ်ယောက်က နောက်က လိုက်ပြီး သူ့မျက်နှာကို တစ်ခုခုနဲ့ အားရပါးရ ပွတ်လိုက်တာမျိုး တွေ့ရပါတယ်။ ထူးဆန်းတဲ့ မြင်ကွင်းတစ်ခုပါ။

အာဏာပိုင်တွေကတော့ အဲဒီအချိန်ဟာ သူတို့နှစ်ယောက်က VX လို့ခေါ်တဲ့ အာရုံကြောတွေကို ထိခိုက်ပျက်စီးစေတဲ့ ဓာတုပစ္စည်းတစ်မျိုးကို သုံးပြီး ကင်မ်ဂျုံနမ်းကို သတ်ဖြတ်ခဲ့တာလို့ ပြောပါတယ်။ VX ဟာ လူတွေအစုလိုက် သေစေအောင် သတ်နိုင်တဲ့ လက်နက်အမျိုးအစား တစ်ခုအဖြစ် ကုလသမဂ္ဂက တားမြစ်ထားတဲ့ ဓာတုပစ္စည်း ဖြစ်ပါတယ်။

အဲဒီအမျိုးသမီး နှစ်ယောက်ကတော့ အသက် ၂၅ နှစ်အရွယ် အင်ဒိုနီးရှားသူ စီတီအိုင်ဆီယာနဲ့ အသက် ၂၈ နှစ်ရှိတဲ့ ဗီယက်နမ်သူ ဒွန်သီဟောင်းတို့ ဖြစ်ပါတယ်။

အမျိုးသမီးနှစ်ယောက်က ကင်မ်ဂျုံနမ်းဆီ ချဉ်းကပ်သွားတာကို အနားက ခုံတွေမှာ ထိုင်နေတဲ့ မြောက်ကိုရီးယားလူမျိုး အမျိုးသားတွေက စောင့်ကြည့်နေခဲ့ကြပါတယ်။ အဲဒီလူတွေဟာ အမျိုးသမီးတွေကို ထိန်းချုပ်စေခိုင်း ခဲ့သူတွေလို့ ယူဆရပါတယ်။ ပြီးတော့ သူတို့ကိုယ်တိုင်က လေကြောင်းအသီးသီးကို စီးပြီး နေရာ အသီးသီးကို ထွက်သွားခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption VX အဆိပ်ဓာတ်ငွေ့နဲ့ မျက်နှာကို အပွတ်ခံလိုက်ရပြီးတဲ့နောက် လေဆိပ်က လူတွေကို အကူအညီတောင်းနေတဲ့ ကင်မ်ဂျုံနမ်း

မစ္စအိုင်ဆီယာနဲ့ မစ္စဟောင်းတို့ကို ရဲတွေက ချက်ခြင်းဆိုသလို ဖမ်းလိုက်နိုင်ပါတယ်။ သူတို့ကို လူသတ်မှုကျူးလွန်တယ်လို့ စွဲချက်တင်ထားပြီး ဒီပြစ်မှုကို စီစဉ်လုပ်ကိုင်ခဲ့သူတွေလို့တော့ စွဲချက်မတင်ခဲ့ပါဘူး။ သူတို့ကတော့ ရုပ်သံဇာတ်လမ်း အစီအစဉ်တစ်ခုအတွက် နောက်ပြောင်တဲ့နေရာမှာ ပါဝင်ခဲ့ရတာလို့ ယူဆခဲ့တဲ့အကြောင်း ထွက်ဆိုပါတယ်။ တရားရုံးကို ရောက်တဲ့အခါတော့ အသနားခံစာ မတင်ခဲ့ပါဘူး။ အခု ပြစ်မှုကနေ သူတို့ သေဒဏ်အထိ ကျခံရနိုင်ဖွယ်ရှိနေပါတယ်။

သူတို့ ဘယ်လို မလေးရှားကို ရောက်လာခဲ့ပါသလဲ။

အမျိုးသမီး နှစ်ယောက်စလုံးကတော့ ကွာလာလမ်ပူရဲ့ ပျော်ပါးရာ ဖျော်ဖြေရေးလုပ်ငန်းတွေနဲ့ ပတ်သက်ခဲ့ဖူးသူတွေလို့ ယူဆစရာ ရှိပါတယ်။

ဒွန်သီဟောင်းက ဖျော်ဖြေရေးလုပ်ငန်းတစ်ခုမှာ လုပ်ကိုင်နေခဲ့ပြီး စီတီအိုင်ဆီယာကတော့ အနှိပ်ခန်းရှိတဲ့ ဖလာမင်ဂိုဆိုတဲ့ ဟိုတယ်ငယ်လေးတစ်ခုမှာ အလုပ်လုပ်နေသူလို့ မလေးရှားရဲတွေက ပြောပါတယ်။ သူတို့ မလေးရှားမှာ ရှိနေခဲ့တဲ့အချိန်တွေအကြောင်း မီဒီယာတွေမှာ ဖော်ပြခဲ့သမျှကြည့်ရင် အားလုံးက သူတို့နှစ်ယောက် လိင်ဖျော်ဖြေရေးလုပ်ငန်းတွေနဲ့ ပတ်သက်နေခဲ့တယ်လို့ ညွှန်ပြနေကြပါတယ်။ ဒါပေမယ့် တိုက်ရိုက်အထောက်အထားမျိုးတော့ တစ်ခုမှ မတွေ့ရသေးပါဘူး။

ဓာတ်ပုံ မူပိုင် Reuters
Image caption သူတို့ နှစ်ယောက်စလုံးဟာ သေဒဏ်ကျခံရနိုင်ဖွယ် ရှိနေပါတယ်။

ဒွန်သီဟောင်းဆိုရင် နာမည်အမျိုးမျိုးနဲ့ ဖေ့စ်ဘုတ်စာမျက်နှာတွေ ဖွင့်ထားပါတယ်။ သူ့ဖေ့စ်ဘုတ် အမည်တွေထဲမှာ Ruby Ruby တို့ Bella Tron Tron Bella တို့ဆိုတာတွေပါပါတယ်။ အဲဒီထဲမှာတော့ သူ့ကို ကိုယ့်ကိုယ်ကိုယုံကြည်မှု အပြည့်ရှိပြီး လွတ်လွတ်လပ်လပ်နေတတ်သူ တစ်ယောက်အဖြစ် တွေ့ရပါတယ်။

အဲဒါအပြင် လူဝင်မှုကြီးကြပ်ရေး မှတ်တမ်းတွေအရလည်း သူဟာ မလေးရှားနိုင်ငံထဲကို ဝင်လိုက်ထွက်လိုက်လုပ်နေခဲ့တာ တွေ့ရပါတယ်။ ဒေသတွင်းက ကမ္ဘောဒီးယားတို့ တောင်ကိုရီးယားတို့ကို သွားခဲ့တာကိုလည်း တွေ့ရပါတယ်။

ကွာလာလမ်ပူရဲ့ လိင်ဖျော်ဖြေရေးလုပ်ငန်းတွေရှိရာ အနီရောင်ရပ်ကွက်တွေမှာ ရွှေ့ပြောင်းအလုပ်သမားတွေ၊ ဇိမ်မယ်တွေနဲ့ ညငှက်မယ်တွေဟာ ထွေးရောယှက်တင်ရှိနေပါတယ်။ တရုတ်၊ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားလို နိုင်ငံတွေက လာပြီး အလုပ်လုပ်နေကြသူတွေ ဒီမှာ အများကြီး ရှိပါတယ်။ သူတို့ထဲက တော်တော်များများဟာ ကမ္ဘာလှည့်ခရီးသွားဗီဇာတွေနဲ့ ဝင်လာကြသူတွေပါ။

အဲဒီနေရာမှာ ငွေကို လွယ်လွယ်နဲ့ မြန်မြန် ရချင်သူ အမျိုးသမီးငယ်အတွက်လည်း အလုပ်မျိုးစုံရှိပါတယ်။ ကာရာအိုကေဆိုင်တွေမှာ ဧည့်သည်တွေကို ဧည့်ခံသူ လုပ်မလား၊ အနှိပ်ခန်းတွေမှာ လုပ်မလား၊ နောက်ဆုံး အပျော်မယ်အဖြစ် ဧည့်သည်နဲ့ ပျော်ပါးပေးမလား၊ လုပ်စရာတွေ ရှိပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဒီအမှုကို ကမ္ဘာ့မီဒီယာတွေကလည်း အထူးစိတ်ဝင်စားခဲ့

အခုအမှုကို ကျူးလွန်ခဲ့တယ်ဆိုတဲ့ အမျိုးသမီး နှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် အရင်ကတည်းက သိကျွမ်းခဲ့ကြသလားဆိုတာကတော့ မရှင်းလင်းပါဘူး။ ရဲတွေကတော့ သူတို့ နှစ်ယောက်ဟာ ကင်မ်ဂျုံနမ်းကို တိုက်ခိုက်ခဲ့ပုံမျိုးကို စျေးရုံတွေထဲမှာ အကြိမ်ကြိမ် အစမ်းလေ့ကျင့်ပြီး လုပ်ခဲ့ကြတယ်လို့ ပြောပါတယ်။ ဒါကြောင့် အခု လုပ်ကြံမှုကို အကျိုးဆက်တွေကို သိသိကြီးနဲ့ လုပ်ခဲ့ကြတာလို့ စွပ်စွဲထားပါတယ်။

မစ္စဟောင်းအတွက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေကတော့ သူနဲ့ သူ့အမှုသည် တစ်ကြိမ်ပဲ တွေ့ရသေးပြီး မစ္စဟောင်းမှာ သူများနဲ့ မတူ ထူးခြားနေတာမျိုး တစ်ခုမှ မတွေ့ရပါဘူးလို့ ဘီဘီစီကို ပြောပါတယ်။

ကွာလာလမ်ပူကို ရောက်မလာခင်က သူတို့နှစ်ယောက်စလုံးရဲ့ ဘဝတွေကို ပြန်ကြည့်ရင်တော့ ဘာမှ ထူးထူးခြားခြား မရှိလှပါဘူး။ သူတို့နှစ်ယောက်စလုံးဟာ လယ်ကွင်းတွေ ဝိုင်းရံနေတဲ့ ရွာလေးတွေမှာ ဘဝ အစပြုခဲ့ကြသူတွေ ဖြစ်ပါတယ်။

စီတီအိုင်ဆီယာ

အင်ဒိုနီးရှားသူ စီတီအိုင်ဆီယာဟာ တန်ဂါရန်ခရိုင်ထဲက ဆီရန်းရွာမှာ ကြီးပြင်းခဲ့သူပါ။ သူတို့ရွာဟာ မိုးမျှော်အဆောက်အဦကြီးတွေရှိရာ မြို့တော်ဂျာကာတာမြို့လယ်နဲ့ဆို ကားနဲ့ နှစ်နာရီလောက်ပဲ မောင်းရတဲ့နေရာမှာ ရှိပေမယ့် တခြားကမ္ဘာတစ်ခုလို့ ထင်ရလောက်အောင်ကို အခြေအနေတွေက ကွာလှပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption စီတီအိုင်ဆီယာဟာ ဂျာကာတာက နှစ်နာရီလောက်ပဲ သွားရတဲ့ ဆီရန်းရွာမှာ ကြီးပြင်းခဲ့သူပါ

သူ့မိဘတွေကတော့ အာလူးနဲ့ နနွင်းတက် စိုက်ပျိုးရောင်းချတဲ့ တောင်သူတွေပါ။ ဆီရန်းရွာက လူတွေရဲ့ ဘဝကတော့ အေးဆေးပါတယ်။ ကိုယ့် အိမ်ဝရန်တာကနေ အိမ်နီးချင်းတွေကို အေးအေးဆေးဆေး နာရီနဲ့ချီ စကားပြော နေနိုင်ကြတဲ့ ဘဝတွေပါ။

စီတီဟာ မွေးချင်း သုံးယောက်ထဲမှာ အငယ်ဆုံးပါ။ သူ့အိမ်နဲ့ သိပ်မဝေးလှတဲ့ အစိုးရ မူလတန်းကျောင်းမှာ တက်ခဲ့ပါတယ်။ သူ့ကျောင်းက ဆရာတွေက သူ့ကို ငြိမ်ပြီး ယဉ်ကျေးတဲ့ ကလေးမလေးတစ်ယောက်အဖြစ် အမှတ်ရကြပါတယ်။ အခုလို ဖြစ်လာတာကို အံ့အားသင့်ကြပါတယ်။

ဘီဘီစီက သူတက်ခဲ့တဲ့ ကျောင်းကို ရောက်သွားတော့ ကစားကွင်းထဲမှာ အနီနဲ့ အဖြူရောင် ကျောင်းဝတ်စုံဝတ်ထားတဲ့ ကလေးတွေနဲ့ ပြည့်နေတာ တွေ့ရပါတယ်။ သူတို့အားလုံးက စီတီအိုင်ဆီယာဆိုတဲ့ နာမည်ကို သိနေကြပါတယ်။

သူ့ကျောင်းပညာရေးက မူလတန်းမှာပဲ ပြီးသွားပါတယ်။ မိဘတွေက သူ့ကို အထက်တန်းကျောင်း ဆက်မထားနိုင်ခဲ့ကြပါဘူး။

ဒွန်သီဟောင်း

ဗီယက်နမ်သူ ဒွန်သီဟောင်းရဲ့ ငယ်ဘဝကလည်း ဆင်တူပါပဲ။ ငီယာဘင်းရွာလေးက လယ်ကွင်းတွေ အစပ်က အိမ်ကလေးတစ်လုံးမှာသူ ကြီးပြင်းခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption လယ်ယာနဲ့ အသက်မွေးသူအများစုရှိတဲ့ ရွာမှာ စီတီအိုင်ဆီယာကို မွေးဖွားခဲ့

အုတ်နဲ့ ဆောက်ထားတဲ့ တစ်ထပ်အိမ်လေးဟာ ဗီယက်နမ်ကျေးလက်မှာ တွေ့ရတတ်တဲ့ အိမ်မျိုးပါပဲ။ သေးသွယ်တဲ့ ငှက်ပျောပင်တွေ ဝိုင်းရံထားပြီး ခြံကွက်ကလည်း ကျဉ်းကျဉ်းလေးပါ။

ရွာလယ်ကို သွားမယ်ဆိုရင်တော့ အိမ်နဲ့ ရွာလယ်လမ်းကို ပိုင်းခြားထားတဲ့ ရွှံမြောင်းတစ်ခုပေါ်မှာ ဖြတ်ဆောက်ထားတဲ့ ခနော်နီ ခနော်နဲ့ ဝါးတံတားလေးတစ်ခုကို ဖြတ်ကျော်ရပါတယ်။

ဒီနေရာဟာ ဟနွိုင်က ၅၅ မိုင်လောက်ဝေးပြီး ကက်သလစ်ဘာသာကို ကိုးကွယ်သူတွေ အများစုနေကြပါတယ်။ ခရစ်ယာန် ဘုရားကျောင်းတွေအများကြီးတွေ့ရပါတယ်။

ဒီဒေသက လူ အများစုကလည်း လယ်သမားတွေပါပဲ။ မျိုးဆက်ပေါင်းများစွာ မြေဆီလွှာ ခမ်းခြောက်လာနေပြီ ဖြစ်တဲ့ ဒီမြေပေါ်မှာပဲ ထွန်ယက်လုပ်ကိုင်လာခဲ့ကြတာပါ။

ဓာတ်ပုံ မူပိုင် Linh Pham
Image caption မစ္စဟောင်းရဲ့ ငယ်ဘဝနေအိမ်ကလည်း ကျေးလက်မှာ တွေ့နေကျ သူလိုငါလို တစ်ထပ်အိမ်လေးပါ

ဆင်းရဲနွမ်းပါးတဲ့ ရွာတွေမှာ တွေ့ရတဲ့ အတိုင်း လူငယ်တွေ မြို့တက်ပြီး အလုပ်အကိုင် ရှာကြရပါတယ်။ ဒါမှ သူတို့ မိဘတွေထက် သာတဲ့ ဘဝမျိုး နေနိုင်ကြမှာပါ။

မစ္စဟောင်းရဲ့ အဖေက ဗီယက်နမ်စစ်မှာ ပါခဲ့ဖူးပြီး ၁၉၇၂ က ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ခုတော့ အနားက စျေးတစ်စျေးမှာ စျေးစောင့် လုပ်နေပါတယ်။ သူ့အမေကတော့ ၂ဝ၁၅ က ဆုံးပြီး အဖေက ရွာထဲက အမျိုးသမီး တယောက်နဲ့ မနှစ်က လက်ထပ် ထားပါတယ်။ ဒီအမျိုးသမီးကလည်း စျေးမှာပဲ အလုပ်လုပ်ပါတယ်။ စျေးဝယ်တွေရဲ့ စက်ဘီးတွေနဲ့ လှည်းတွေကို စောင့်တဲ့ အလုပ်ပါ။

"Huong was never close to me," he said, adding that his daughter, the youngest of five, was perhaps closer to her late mother who was ill and bedbound for decades.

ဟောင်းက ကျွန်တော်နဲ့ ဘယ်တော့မှ နီးနီးစပ်စပ် ရှိတာ မဟုတ်ဘူးလို့ သူ့အဖေက ပြောပါတယ်။ ဟောင်းဟာမွေးချင်း ၅ ယောက်ထဲမှာ အငယ်ဆုံးဖြစ်ပြီး အိပ်ရာထဲ အကြာကြီး လဲနေပြီး သေသွားတဲ့ သူ့အမေနဲ့ ပိုနီးစပ်ပုံ ရတယ်လို့ ယူဆရပါတယ္။။

အသက် ၁၈ နှစ်မှာ အိမ်က ထွက်သွားကတည်းက ပြန်မတွေ့ရတော့သလောက်ပဲ လို့လည်း သူ့အဖေက ဆိုပါတယ်။

အိုင်ဆီယာနဲ့ ဟောင်းတို့ ၂ ယောက်ဆီကတော့ သူတို့အကြောင်း သူတို့ပြန်ပြောတာ ဘာမှ မကြားရသေးပါဘူး။ သူတို့ မိဘတွေက မီဒီယာတွေကို ပြန်ပြောပြသလောက်ပဲ သိရတာပါ။

စီတီအိုင်ဆီယာရဲ့ မိဘတွေက သူတို့သမီးဟာ အလုပ်ကြိုးစားပြီး ရည်ရွယ်ချက်ရှိတဲ့ မိန်းကလေးလို့ ဆိုပါတယ်။ သူငယ်ငယ်ကတည်းက ဆီရန်းရွာကနေ ခွာချင်တဲ့စိတ် ရှိတယ်လို့လည်း ပြောပါသေးတယ်။

မိသားစုကို ထောက်ပံ့ချင်တဲ့ စိတ်နဲ့ သန်းနဲ့ချီတဲ့ အင်ဒိုနီးရှား ကျေးရွာတွေက လူငယ်တွေလိုပဲ ဂျကာတာ မြို့တော်ကနေ နိုင်ငံခြားသွား အလုပ်လုပ်ခဲ့တာပါ။ သူ့လို ရွှေ့ပြောင်းလုပ်ကိုင်ရတဲ့ မိန်းကလေး အများစုလည်း ဒီလို ရည်မှန်းချက်တွေနဲ့ ထွက်ခဲ့ကြတာပါပဲ။

ဓာတ်ပုံ မူပိုင် Getty Images
Image caption စီတီအိုင်ဆီယာရဲ့ ဖခင်ဟာ အာလူးနဲ့ နနွင်းတက်စိုက်ပျိုးပြီး အသက်မွေးပါတယ်။

ဒွန်သီဟောင်းက ဟနွိုင်မှာရှိတဲ့ ဆေးဝါးအတတ်သင်ကောလိပ်ကို တက်ခဲ့ပါတယ်။ သူဟာ နောက်ပိုင်းမှာ ဖျော်ဖြေရေးဆိုင်တချို့မှာ အလုပ်လုပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် အဲဒီမှာ ဘာတွေလုပ်ခဲ့ရတယ်ဆိုတာကိုတော့ ဘယ်တုန်းကမှ ပြောမပြခဲ့ပါဘူး။

သူက သိပ်ပြီး သိုသိပ်တယ်၊ အနေအထိုင်လည်း မှန်တယ်လို့ မစ္စဟောင်းရဲ့ အစ်ကို ဒွမ် ဗန်ဘင်း က ဆိုပါတယ်။ ဟောင်းမှာ ငွေများများစားစား မရှိပေမယ့် သူများပစ္စည်းကို သွားကြားထိုးတံ တစ်ချောင်းတောင် သူက ယူတဲ့သူမျိုး မဟုတ်ဘူးလို့လည်း သူ့အစ်ကိုက ဆိုပါတယ်။

ဒါပေမဲ့ သူ့နှစ်မဟာ ဟနွိုင်မှာ ပုံစံပြောင်းပြီး နေနေတာကို အစ်ကိုလုပ်သူက မရိပ်စားမိခဲ့ပါဘူး။

ဟောင်းဟာ ရိုးသားတဲ့ တောသူလေး ဘဝကနေ ဟနွိုင်က ညကပွဲရုံတွေ၊ အရက်ဆိုင်တွေမှာ အလုပ်လုပ်တဲ့ မိန်းကလေး ဘဝကို ကူးပြောင်းခဲ့ပါတယ်။

ဗီယက်နမ် အိုင်ဒေါ ပြိုင်ပွဲမှာတောင် တစ်ခါ ဝင်ပြိုင်လိုက်ပါသေးတယ်။ စက္ကန့် ၂ဝ သာ ကြာပေမယ့် သူ့ရင်ကို ဟိုက်ပြီးခွဲတဲ့ ဝတ်စုံကြောင့် သတင်းစာတွေမှာ ပြောစမှတ် ဖြစ်ခဲ့ပါတယ်။

ဟနွိုင် မြို့လယ်က နံပတ် ၁၇ ဆိုတဲ့ နာမည်ကြီး ကလပ်မှာလည်း သူအလုပ်လုပ်တတ်ပါတယ်။ ဒီဆိုင်က မန်နေဂျာဟောင်း ကန်နီဘွီ က သူ့ကို ရိုးပြီး စိတ်ကောင်းရှိတဲ့ ဝန်ထမ်းကောင်းလို့ ချီးကျူးပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption မစ္စဟောင်းကို ဖမ်းလိုက်ပြီးတဲ့ ရက်သတ္တပတ်ထဲမှာပဲ ဗီယက်နမ်ဆိုရှယ် မီဒီယာတွေမှာ သူ့ပုံတွေအများကြီး တက်လာတာ တွေ့ခဲ့ရပါတယ်။

ကျနော် ကောင်းကောင်းသိတဲ့ အရက်ဘား ကိုင်တဲ့သူနဲ့ သူတခါ အပြင်တွဲ ထွက်ကြသေးတယ်။ အဲဒီလူအတွက် အဝတ်အစား၊ အစားအသောက်က အစ သူပဲ ရှင်းတာ။ သူက သိပ်ပြီး ရက်ရောတယ်။ တခြား မိန်းကလေးတွေက သူ့ကို ကွက်ပြီး ရန်ရှာ ရင်တောင် အဲဒီ မိန်းကလေးတွေ အကြောင်း ဘယ်တော့မှ မကောင်း မပြောဘူးလို့ မစ္စတာ ဘွီက ပြောပါတယ်။

စီတီ အိုင်ဆီယာဟာ စီးပွားရေးသမား ဂူနဝမ် ဟာ့စ်ရင် ဆိုသူနဲ့ လက်ထပ် ခဲ့ပြီး သူတို့မှာ သားတစ်ယောက် ရှိပါတယ်။ သူတို့ ဂျာကာတာအနောက်ပိုင်းက တန်ဘိုရာဆိုတဲ့ လူနေထူထပ်တဲ့နေရာက အိမ်လေးတစ်လုံးမှာ နေပါတယ်။

အိမ်နီးနားချင်း ဖြစ်တဲ့ အင်မာဆူလာက စီတီဟာ အင်မတန် လိမ္မာတဲ့သူလို့ ပြောပါတယ်။ ယောက္ခမတွေကို ကောင်းကောင်း ကြည့်တယ်။ ဆင်းဆင်းရဲရဲနဲ့ ကျေးတောရွာက လာရတဲ့ ဘဝကို မမေ့ပဲ အင်မတန် အလုပ်ကြိုးစားတဲ့သူ ဆိုပြီး ပြောပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption စီတီ အိုင်ဆီယာတို့ကို ရုံးထုတ်တဲ့အခါတိုင်း လုံခြုံရေးထူထူထပ်ထပ် ချထားတာ တွေ့ရပါတယ်။

သူတို့ လင်မယားဟာ ၂ဝ၁၂မှာ ကွာရှင်းပါတယ်။ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ ရက်စွဲနဲ့ လက်ရေးနဲ့ ရေးထားတဲ့ စာထဲ လင်မယား အနေနဲ့ အပေးအယူ မျှမျှ နေလို့ မဖြစ် နိုင်တော့တာကြောင့် ကွာရှင်းဖို့ လမ်းကို ရွေးခဲ့ရတယ် ဆိုပြီး နှစ်ယောက်စလုံး လက်မှတ် ရေးထိုး ထားပါတယ်။

သူတို့ လင်မယား ကွဲတာကို ပတ်ဝန်းကျင်က သူတွေ အားလုံး အံ့ဩ ကြရပြီး၊ စီတီ အဖမ်း ခံရတော့ ပိုပြီးတော့တောင် တုန်လှုပ် ကြရတယ် ဆိုပြီး အိမ်နီးချင်း အင်မာက ဆိုပါတယ်။

လုံးဝကို ခြောက်ခြား သွားတယ်။ ဘယ်လို နားလည် ရမှန်းကို မသိဘူး။ ကြားသိ နေရတာတွေက ကျွန်မ သိတဲ့ စီတီ အကြောင်း မဟုတ် သလိုပဲ။ တီဗီပေါ် တွေ့ရတာလည်း စီတီနဲ့ မတူ သလိုပဲ။ မိတ်ကပ်တွေ ပိုများနေ၊ ပိုလှနေ၊ ပိုပြီး ကိန်းခန်း ကြီးနေသလိုပဲ။ သိပ် ထူးဆန်းတာပဲ ဆိုပြီး အင်မာက ပြောပါတယ်။

စီတီ အိမ်ကို နောက်ဆုံး တစ်ကြိမ် ရောက်လာတာ အခင်းဖြစ်ဖို့ သီတင်း နှစ်ပတ်တောင် မလိုတော့တဲ့ အချိန် ဇန်နဝါရီလ ၂၈ ရက်နေ့က ဆိုပြီး ယောက္ခမဟောင်း ဖြစ်တဲ့ လီယန်ကီအွန်က ဒေသခံ မီဒီယာကို ပြောပါတယ်။

အဲဒီတုန်းက တစ်ည အိပ်သွားတယ်။ သူ့သား၊ ကျွန်တော့်မြေးလေးနဲ့ အတူတူ၊ နောက်တစ်ရက် ကျတော့ ပြန်ထွက် သွားတာပဲလို့ မစ္စတာ ကီအွန်က ပြောပါတယ်။

Image caption ဖလာမင်ဂို ဟိုတယ်

နံပတ် ၁၇ ကလပ် ၂၀၁၄ ခုနှစ်မှာ ပိတ်သွားတော့ မစ္စဟောင်းဟာ ကုန်ပစ္စည်းမြှင့်တင်ရေးအရောင်းမယ်နဲ့ အပျော်မယ်အဖြစ်အလုပ်လုပ်ခဲ့သေးတယ်လို့ ယူဆရပါတယ်။ ကားတွေဘေးမှာ ဘီကီနီဝတ်ပြီးရပ်နေတဲ့ပုံတွေ၊ ရေကူးကန်ထဲက သူ့ပုံတွေဟာ ဗီယက်နမ်ဆိုရှယ်မီဒီယာတွေနဲ့ အင်တာနက်ဆွေးနွေးခန်းတွေမှာ တွေ့ရလေ့ရှိပါတယ်။ သူက ဆံပင်ကိုလည်း အရောင်ဆိုးခဲ့ပြီး နိုင်ငံခြားသားဖောက်သည်တွေနဲ့ ပြည်ပခရီးလိုက်သွားတတ်ပါတယ်။ သူ့ဆိုင်ကို လာသူ အများစုက ကိုရီးယားလူမျို့းတွေ ဖြစ်တဲ့အတွက် ကိုရီးယားတွေနဲ့ အတွဲများခဲ့ပါတယ်။ သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာတွေမှာဆို တစ်ခါက တောင်ကိုရီးယားမှာ ကမ္ဘာလှည့်ခရီးသွားတွေကြား နာမည်ကျော်တဲ့ ချေဂျူးကျွန်းကိုတောင် သွားခဲ့တယ်ဆိုတာ ဖော်ပြထားပါတယ်။

စီတီ အိုင်ဆီယာရဲ့မိသားစုကတော့ သူဟာ ကိုရီးယားလို လုံးဝမပြောတတ်သလို ကိုရီးယားနဲ့လည်း ဘယ်လို အဆက်အသွယ်မှ မရှိဘူးလို့ ပြောပါတယ်။

ဒါပေမယ့် သူတို့ နှစ်ယောက်နဲ့ ကင်မ်ဂျုံနမ်းကို လုပ်ကြံသတ်ဖြတ်ဖို့ စီစဉ်ညွှန်ကြားခဲ့တယ်လို့ ယူဆရတဲ့ မြောက်ကိုရီးယားသူလျှိုတွေနဲ့ သူတို့နှစ်ယောက်နဲ့ ဘယ်လို ဆက်နွယ်ခဲ့ကြသလဲ ဆိုတာကိုတော့ အတိအကျ မသိကြရသေးပါဘူး။

စီတီ အိုင်ဆီယာရဲ့ မိခင် ဘင်နာကတော့ သူ့သမီးဟာ မလေးရှားမှာ မော်ဒယ်လုပ်ဖို့ အလုပ်ရတယ်လို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။ သူက မလေးရှားကို သွားပြီး လူတွေကို ရုတ်တရက် ရေမွှေးနဲ့ ဖြန်းပြီး လန့်သွားအောင်လုပ်ရတဲ့ တီဗီအစီအစဉ်တစ်ခု သွားရိုက်ရမယ်လို့ အမေကို ပြောခဲ့တယ်လို့ ဆိုပါတယ်။

ရေမွှေးကြော်ငြာတစ်ခုအတွက် မော်ဒယ်အလုပ်ရတယ်လို့ ပြောတယ်။ သူဟာ အပြစ်ကင်းတဲ့ မိန်းကလေးတစ်ယောက်ပါ။ ပိုက်ဆံကောင်းကောင်းရလို့သာ သွားလုပ်ခဲ့တာပါလို့ မိခင် ဘင်နာက ပြောပါတယ်။

ကျွန်တော့် သမီးလေးကို ပြစ်ဒဏ်မပေးကြဖို့ အသနားခံတောင်းပန်ပါတယ်။ သူဟာ အပြစ်မရှိသူပါလို့ သတင်းကြားလိုက်ရတဲ့ ဖခင်ဖြစ်သူ အာဆရီယာကလည်း ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption မစ္စဟောင်းရဲ့ ဖခင်ကတော့ သူဟာ သမီးဖြစ်သူနဲ့ ဘယ်တုန်းကမှ နီးနီးကပ်ကပ်မရှိခဲ့ဖူးဘူးလို့ ဆိုပါတယ်။

စီတီအိုင်ဆီယာဟာ အခုအမှုမှာ ပတ်သက်ခဲ့တယ်ဆိုရင်လည်း သူ့ကို ရှုတ်ထွေးဆန်းပြားပြီး သြဇာကြီးတဲ့ အင်အားစုတွေက လှည့်ဖျားအသုံးချတာ ခံလိုက်ရတာသာ ဖြစ်လိမ့်မယ်လို့ အင်ဒိုနီးရှား ရွှေ့ပြောင်းအလုပ်သမားတွေကတော့ ယူဆပြောဆိုနေကြပါတယ်။

သူ့ဇာတ်လမ်းက မူးယစ်ဆေးဂိုဏ်းတွေ အသုံးချတာခံလိုက်ရတဲ့ တခြား နိုင်ငံသားအလုပ်သမားတွေအများကြီးရဲ့ အတွေ့အကြုံတွေနဲ့ ဆင်တူပါတယ်။ သူတို့ကို ဖမ်းမိတဲ့အခါ ရာဇဝတ်မှုကျူးလွန်သူတွေလို့ ယူဆခံရပေမယ့် တကာယ်တော့ သူတို့ ကိုယ်တိုင်က ခံလိုက်ရတဲ့ သားကောင်တွေပါလို့ ရွှေ့ပြောင်းအလုပ်သမားတွေအရေးဆောင်ရွက်ပေးနေတဲ့ Migrant Care အဖွဲ့က အဲနစ်ဟီဆာယက်က ပြောပါတယ်။

မလေးရှားမှာ သေဒဏ် ပြစ်ဒဏ်ချခံထားရတဲ့ အင်ဒိုနီးရှားအလုပ်သမားတွေအထဲက တဝက်ကျော်ဟာ မူးယစ်ဆေးဂိုဏ်းတွေက လေဆိပ်တွေမှာ မူးယစ်ဆေး သယ်ပေးဖို့ ခိုင်းခံခဲ့ရသူတွေလို့ သူက ပြောပါတယ်။

ဒါပေမယ့်လည်း မလေးရဲကတော့ ဟောင်းနဲ့ ဆီတီအိုင်ဆီယာတို့ဟာ သူတို့ ဝန်ခံတာထက်ပိုပြီး အခုအမှုမှာ ပတ်သက်နေကြလိမ့်မယ်လို့ အခိုင်အမာပြောနေကြပါတယ်။ သူတို့ ဘာလုပ်ရမယ်ဆိုတာ အသေအချာသိနေကြပြီး သူတို့ခိုင်းစေသူတွေက ကိစ္စပြီးတာနဲ့ သူတို့ လက်တွေကို ဆေးပစ်ဖို့လည်း ပြောထားခဲ့ကြတယ်လို့ ရဲတွေက ပြောပါတယ်။

အခုတော့ သူတို့ နှစ်ယောက်စလုံးရဲ့ ကံကြမ္မာဟာ မလေးရှားတရားရုံးတွေရဲ့ အဆုံးအဖြတ်အပေါ်မှာပဲ လုံးလုံးလျားလျား တည်နေပါတော့တယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ