ကွန်ဆာဗေးတစ် ခေါင်းဆောင် ထရီဆာမေ

  • 31 မေ 2017
Image caption ကွန်ဆာဗေးတစ် ခေါင်းဆောင် ထရီဆာမေ

လာမယ့် ဇွန်လ ၈ ရက်နေ့ ဆိုရင် ယူကေ နိုင်ငံမှာ ပါလီမန် အထွေထွေ ရွေးကောက်ပွဲ ကျင်းပတော့မှာ ဖြစ်ပါတယ်။

၅ နှစ် တစ်ကြိမ် ပြုလုပ်တဲ့ ယူကေ ရွေးကောက်ပွဲဟာ ပုံမှန် အတိုင်းဆိုရင် ၂ဝ၂ဝ ပြည့်နှစ်မှာ ကျင်းပရမှာ ဖြစ်ပေမယ့် လက်ရှိ ဝန်ကြီးချုပ် ထရီဆာမေက ရွေးကောက်ပွဲ စောပြီး ကျင်းပဖို့ တောင်းဆို လာခဲ့ပြီး ပါလီမန်ကလည်း သဘောတူ ခွင့်ပြု ခဲ့ပါတယ်။

ရွေးကောက်ပွဲ ဝင်ကြမယ့် အဓိက ယူကေ နိုင်ငံရေး ပါတီကြီးတွေရဲ့ ခေါင်းဆောင်တွေ အကြောင်းကို ဘီဘီစီမြန်မာပိုင်းက ဖော်ပြပေးပါမယ်။

ပထမဆုံး လက်ရှိ အာဏာရာ ကွန်ဆာဗေးတစ် ပါတီ ခေါင်းဆောင် အမျိုးသမီး ဝန်ကြီးချုပ် ထရီဆာမေ အကြောင်း ကြည့်ကြရအောင်ပါ။

ထရီဆာမေဟာ ဗြိတိန်ရဲ့ ဒုတိယမြောက် အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်ပါတယ်။

ဒါပေမယ့် ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်ခဲ့တဲ့ မာဂရက်သက်ချာလို ရွေးကောက်ပွဲ ကနေ တဆင့် အခုလို အစိုးရ အမြင့်ဆုံး အာဏာကို ရလာတာမျိုး မဟုတ်ပါဘူး။

ဗြိတိန် အနေနဲ့ ဥရောပသမဂ္ဂ အီးယူ အဖွဲ့ဝင် အဖြစ်ကနေ နှုတ်ထွက်ဖို့ ပြည်လုံးကျွတ် လူထု ဆန္ဒခံယူပွဲ ကနေ ရလဒ်ထွက်ပေါ် လာခဲ့ပြီး အဲဒီ အချိန်က ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန် ရာထူးက နှုတ်ထွက် သွားခဲ့တဲ့နောက် ထရီဆာမေဟာ ကွန်ဆာဗေးတစ် ခေါင်းဆောင် နေရာနဲ့ အစိုးရ ဝန်ကြီးချုပ် နေရာကို ရလာတာ ဖြစ်ပါတယ်။

ဘရက်ဆစ်လို့ ခေါ်တဲ့ အီးယူထဲကနေ ယူကေ နှုတ်ထွက်ရေး လုပ်ငန်းစဉ် လုပ်ဆောင်နေတဲ့ အချိန်၊ အင်မတန် ခက်ခဲမယ့် ကာလမှာ နိုင်ငံကို ဦးဆောင် ပဲ့ကိုင် ရတဲ့အခါ အခု ဇွန်လ ရွေးကောက်ပွဲ ကနေ တဆင့် အာဏာရလာတဲ့ ဝန်ကြီးချုပ် ဖြစ်လာဖို့ ထရီဆာ မေ ရည်မှန်း ထားပါတယ်။

ကွန်ဆာဗေးတစ် ပါတီတွင်းမှာကို ထရီဆာမေ အပေါ် အင်မတန် ခေါင်းမာတဲ့ သူတစ်ဦး အဖြစ် သတ်မှတ်တဲ့ အမြင်မျိုးတွေ ရှိပါတယ်။

ခေတ်ပြိုင် နိုင်ငံရေး လောကထဲ တခြားသူတွေနဲ့ ယှဉ်ရင် ထရီဆာမေဟာ အင်မတန် သိုဝှက် ထိန်းသိမ်းတတ်သူ တစ်ဦး ဖြစ်ပြီး သူ့ရဲ့ ပုဂ္ဂလိက ခံစားချက်တွေ၊ အယူအဆ အတွေးအမြင် တွေကို ထုတ်ဖော် ပြောလေ့ပြောထ မရှိပါဘူး။

အရင် ဝန်ကြီးချုပ် မစ္စတာ ကင်မရွန်လိုပဲ ထရီဆာမေဟာ အီးယူက နှုတ်ထွက်ရေး ဘရက်ဇစ် အပေါ် ဆန့်ကျင်သူ တစ်ဦး ဖြစ်ခဲ့ပေမယ့် ၊ သိပ်ပြီး အသံ ကျယ်ကျယ်လောင်လောင်နဲ့ သူ့ အယူအဆတွေ ထုတ်ဖော် ပြောတာမျိုး မလုပ်ပဲ သိုသိုသိပ်သိပ် နေခဲ့ပါတယ်။

ဒါ့ကြောင့်လည်း ဘရက်ဆစ် သမားတွေကို ပါတီတွင်း သိမ်းသွင်း နိုင်ခဲ့ပြီး မစ္စတာ ကင်မရွန် ရာထူးက နှုတ်ထွက် သွားတဲ့ အခါ ပါတီခေါင်းဆောင်နေရာ၊ ဝန်ကြီးချုပ် နေရာကို ဆက်ခံဖို့ ပါတီတွင်း ပြိုင်ဘက်မရှိသူ တစ်ဦး ဖြစ်လာပါတယ်။

Image caption ကွန်ဆာဗေးတစ် ခေါင်းဆောင် ထရီဆာမေ

ထရီဆာမေ ကိုယ်ရေးအကျဉ်း

•မွေးနေ့သက္ကရာဇ် - ၁ ရက် အောက်တိုဘာ ၁၉၅၆

•နိုင်ငံရေး နောက်ခံ - မိတ်ဒင်ဟက် နယ်မြေမှာ ၁၉၉၇ က စပြီး အမတ်အဖြစ် ရွေးကောက် ခံခဲ့ရ၊ မေလ ၂ဝ၁ဝ မှာ ပြည်ထဲရေး ဝန်ကြီး ဖြစ်လာ။

•ပညာရေး - စိန့်ဟျူးစ် ကောလိပ်၊ အောက်စဖို့ဒ် တက္ကသိုလ်။

•မိသားစု - ခင်ပွန်း ဖိလစ်မေ၊ သားသမီး မရှိ။

•ဝါသနာ - အချက်အပြုတ်၊ ဝယ်ထားတဲ့ ဟင်းချက်နည်း စာအုပ်ပေါင်း ၁ဝဝ တောင် ရှိတယ်လို့ ပြောဆိုဖူး၊ တောင်တွေပေါ် လမ်းလျှောက်သူ၊ ဘီဘီစီရေဒီယိုဖိုး ဒဲဇတ်အိုင်လန် အစီအစဉ်မှာ ၂ဝ၁၄ တုန်းက ပါတုန်းက အက်ဘာ အဖွဲ့ရဲ့ အကဘုရင်မ၊ ယောက်ျားလေးလို လမ်းလျှောက်မယ် စတဲ့ သီချင်းတွေ ရွေးချယ်ခဲ့၊ မိုဇတ်နဲ့ အာယ်ဂါတို့ရဲ့ ဂန္ထဝင် ဂီတကိုလည်း နားဆင်၊ အထက်တန်းကျတဲ့ ဖက်ရှင် အဝတ်အစား အပြင်အဆင်တွေကို ကြိုက်နှစ်သက်သူ တစ်ယောက်ဖြစ်၊ Vogue ဆိုတဲ့ နာမည်ကြီး ဖက်ရှင် မဂ္ဂဇင်းကို အမြဲဖတ်။

ထရီဆာမေရဲ့ ဖခင် ဟျူး ဘတ် ဘရေဇီယာဟာ ချာ့ချ်အော့ဖ်အင်္ဂလန်လို့ ခေါ်တဲ့ အင်္ဂလန် ကျောင်းတော် ခရစ်ယာန် ဘာသာရဲ့ တရားဟောဆရာ ဖြစ်ပြီး၊ ထရီဆာမေ ၂၅ နှစ် အရွယ်မှာ ဖခင် ဟျူးဘတ် ကားမှောက်လို့ ရတဲ့ ဒဏ်ရာတွေနဲ့ ကွယ်လွန် ခဲ့ပါတယ်။

"လူတွေအပေါ် သူတို့ရဲ့ အရင်းခံ အတိုင်း လက်ခံပါ၊ လူတိုင်းကို ညီတူညီမျှ ဆက်ဆံပါ" ဆိုပြီး ဖခင်ကြီးက သင်ကြားခဲ့တယ်လို့ မစ္စစ်မေက တခါတုန်းက ပြောဖူးပါတယ်။

အိစ် ဆပ်ဆက်စ်နယ်၊ အိစ်ဘွန်း အရပ်မှာ မွေးခဲ့ပြီး၊ အောက်စဖို့ဒ်နယ်ထဲ ကြီးပြင်းခဲ့သူ ထရီဆာမေဟာ အစိုးရ မူလတန်းကျောင်းနဲ့ ပုဂ္ဂလိက ကွန်ဗင့်ကျောင်းတွေမှာ တက်ခဲ့ပြီး စာတော်တဲ့သူတွေ တက်နိုင်တဲ့ ဂရမ္မာ ကျောင်းကို ဝိတလီ ရွာမှာ တက်ရောက် ခဲ့ပါတယ်။

Image caption အင်္ဂလန် ကျေးလက် ဘဝမှာ မွေ့ပျော်

အဲဒီ အချိန် ထရီဆာ ဘရေဆီယာ ဘဝတုန်းက အင်္ဂလန် ကျေးလက် ဘဝမှာ မစ္စစ်မေ မွေ့ပျော် နေခဲ့ပြီး၊ ဖခင်ကြီးကိုယ်တိုင် စီစဉ်တဲ့ ပန်တိုမိုင်း အမျိုးအစား ဂီတ သရုပ်ဖော် ကဇာတ်ထဲ ဝင်ပြီး သရုပ်ဆောင် ခဲ့သလို စနေနေ့ဆိုလည်း ကိုယ်ပိုင် အသေးသုံးရအောင် မုန့်ဖုတ်ဆိုင်မှာ သွား အလုပ်လုပ်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ဗြိတိန်ရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် မာဂရက် သက်ချာလိုပဲ ထရီဆာ ဘရေဆီယာဟာ အောက်စဖို့ဒ် တက္ကသိုလ်ကို သွားပါတယ်။

အောက်စဖို့ဒ် ကျောင်းသူ ဘဝမှာတော့ တခြား ခေတ်ပြိုင် မျိုးဆက်တွေလိုပဲ ထရီဆာ ဘရာဆီယာရဲ့ ပုဂ္ဂလိကနဲ့ နိုင်ငံရေးဘဝတွေ တစ်ခုနဲ့တစ်ခု ရောယှက် ပတ်သက် လာခဲ့ ပါတော့တယ်။

၁၉၇၆ ခုနှစ်၊ ထရီဆာဘရာဆီယာ တက္ကသိုလ် တတိယနှစ် အရောက်မှာတော့ နောင်အခါ ခင်ပွန်း ဖြစ်လာမယ့် သူ့ထက် ၂ နှစ်ငယ်တဲ့ ဖိလစ်မေနဲ့ ဆုံတွေ့ပါတယ်။ ဖိလစ်ဟာ အဲဒီ အချိန်မှာ အောက်စဖို့ဒ် ကျောင်းသား သမဂ္ဂ ဥက္ကဌပါ။

ကွန်ဆာဗေးတစ် အသင်း ကပွဲမှာ သူတို့ နှစ်ယောက်ကို စတင် မိတ်ဆက် ပေးသူက နောင် ပါကစ္စတန် အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်လာမယ့် ဘနီဇီယာ ဘူတို ဖြစ်ပါတယ်။

မြင်မြင်ချင်း တစ်ဦးကိုတစ်ဦး မြတ်နိုးစုံမက် သွားမိတယ် ဆိုပြီး နောက်ပိုင်း နှစ်ယောက် စလုံးက ဖွင့်ဟပြီး၊ ၁၉၈ဝ မှာ လက်ထပ် ကြပါတယ်။

Image caption "ဗြိတိန် အတွက် တိုက်ခိုက်မယ်" လို့ ကြွေးကြော်ထားသူ ထရီဆာမေ

နိုင်ငံရေးနဲ့ ပတ်သက်ပြီး ထရီဆာမေမှာ ရည်မှန်းချက် အမြဲ ရှိနေခဲ့တယ်လို့ သူ့ရဲ့ ကျောင်းနေဖက် သူငယ်ချင်း တစ်ယောက် ဖြစ်တဲ့ ပက်ဖရန့်ကလင်က ထရီဆာမေ ပြည်ထဲရေး ဝန်ကြီး ဖြစ်နေချိန် ၂ဝ၁၁ တုန်းက ဘီဘီစီ ရေဒီယိုဖိုး ကို ပြောခဲ့ပါတယ်။

ဖြစ်နိုင်ရင် ယူကေရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် တောင်သူက ဖြစ်ချင်တာ၊ မာဂရက်သက်ချာ အရင် ဖြစ်သွားတော့တောင် သူက စိတ်ဆိုး နေသေးတယ်လို့ သူငယ်ချင်း ဖစ်သူ ပင်က အသောဖောပြီး ပြောပါတယ်။

ဝန်ကြီးချုပ် ဖြစ်ဖို့ ငယ်စဉ်ကတည်းက ရည်မှန်း ခဲ့တယ် ဆိုပြီး မစ္စစ်မေ ဘယ်တုန်းကမှ ထုတ်မပြော ပေမယ့်၊ ပါလီမန် အမတ် တစ်ယောက် ဖြစ်ရမယ် ဆိုပြီး အရွယ်ငယ်ငယ် ကတည်းက သံန္နိဌာန် ချထားတယ် ဆိုတဲ့ အချက်ကိုတော့ ထရီဆာမေ ကိုယ်တိုင် ဖွင့်ဟဖူးပါတယ်။

အောက်စဖို့ဒ် တက္ကသိုလ်ကနေ ပထဝီ အဓိကနဲ့ ထရီဆာမေ ဘွဲ့ရပြီးမှာတော့ လန်ဒန်မြို့ပေါ် တက်ပြီး အလုပ်လုပ်ပါတယ်။

ပထမဆုံး အလုပ်က ဘဲန့်ခ်အော့ဖ်အင်္ဂလန်လို့ ခေါ်တဲ့ အင်္ဂလန်ဘဏ်မှာပါ။ ဥရောပ ရေးရာပိုင်း ကိုင်တွယ်ရတဲ့ ဌာနတစ်ခုရဲ့ အကြီးအမှုး ဖြစ်တဲ့ အထိ ရာထူး တိုးခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံရေးထဲ ဝင်ဖို့ ဆုံးဖြတ်ပြီးတဲ့ မစ္စစ်မေဟာ လန်ဒန်တောင်ပိုင်း မာတန်အရပ်မှာ ဒေသန္တရ ရွေးကောက်ပွဲကို စဝင်ခဲ့ပြီး အဲဒီ အရပ်က ဒေသခံ အုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင် ဖြစ်လာပါတယ်။

၁၉၉၇ မှာတော့ ပါလီမန် ရွေးကောက်ပွဲ ဝင်ပြီး အမျိုးသမီး အမတ် ဖြစ်ရမယ် ဆိုတဲ့ ငယ်အိပ်မက်ကို လက်တွေ့ အကောင် အထည် ဖော်ခဲ့ပါတော့တယ်။ အသက် ၅၉ နှစ်မှာတော့ ဝန်ကြီးချုပ် အဖြစ် ဒေါင်းနင်းလမ်း နေအိမ်ကို ထရီဆာမေ ရောက်လာ နိုင်ခဲ့ပါတယ်။

ဘရက်ဆစ် လုပ်ငန်းစဉ်မှာ ယူကေ အနေနဲ့ ပိုခိုင်မာ တည်ငြိမ်တဲ့ ခေါင်းဆောင်မှု လိုအပ်တယ် ဆိုတဲ့ ပြောဆိုမှုနဲ့ လာမယ့် ဇွန်လ ရွေးကောက်ပွဲကို ဘရက်ဆစ် ရွေးကောက်ပွဲ တစ်ခု အဖြစ် ထရီဆာမေက ပုံဖော် ထားပါတယ်။

ဝန်ကြီးချုပ် ရာထူးကို စတင် ရယူကတည်းက ထရီဆာမေရဲ့ "ဗြိတိန် အတွက် တိုက်ခိုက်မယ်" ဆိုတဲ့ ကြုံးဝါးသံကလည်း စာနယ်ဇင်းတွေမှာ လွှမ်းမိုး နိုင်ခဲ့ပြီး၊ အခု ရွေးကောက်ပွဲ အတွက် မဲဆွယ်မှုမှာလည်း ဗြိတိန်ဟာ ခိုင်မာ တည်ငြိမ်တဲ့ ခေါင်းဆောင်မှု လိုအပ်နေတယ် ဆိုတဲ့ အချက်ကို ထရီဆာမေက အဓိက အသားပေးမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ