လူထု ပျောက်ကွယ် နှစ် ၅ဝ

  • 6 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် ludu
Image caption သတင်းစာက တက္ကသိုလ်ဝင် အောင်စာရင်း ကြေညာပေး

မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်ကြီး နေဝင်း အစိုးရ တက်လာပြီး နောက် ပုဂ္ဂလိက သတင်းစာတွေ ရပ်ဆိုင်းခံရတာ၊ ပြည်သူပိုင် သိမ်းတာတွေ ဖြစ်ခဲ့ပြီးနောက် နောက်ဆုံးကျန်ရစ်တဲ့ သတင်းစာတစောင် ဖြစ်တဲ့ လူထု သတင်းစာ ဟာ ၁၉၆၇ ဇူလိုင်လ ၇ ရက်မှာ ရပ်စဲ ခံခဲ့ရပါတယ်။ သတင်းစာ ရပ်စဲခံရခါနီး အချိန်မှာ အင်မတန် သတိထားပြီး ရေးခဲ့ရတယ်လို့ အဲဒီချိန်က အယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့တဲ့ မောင်သစ်လွင် လူထုက ပြောပါတယ်။

အဲဒီနောက် ၁၉၈၈ အရေးအခင်း ကာလ အခိုက်အတန့်က လွဲလို့ မြန်မာ နိုင်ငံမှာ အစိုးရထုတ် သတင်းစာတွေပဲ ရှိခဲ့ပြီး ၂ဝ၁၃ ကျမှ ပုဂ္ဂလိက သတင်းစာတွေ ပြန်လည် ထုတ်ဝေ နိုင်ခဲ့တာပါ။

အဲဒီချိန်က ဗိုလ်ချုပ်ကြီး နေဝင်းက မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ကို ချမှတ် လိုက်ပြီးနောက် နိုင်ငံရေး သမားတွေကို ဖမ်းဆီးတာနဲ့ စီးပွားရေး လုပ်ငန်းတွေကို ပြည်သူပိုင် သိမ်းတာတွေ လုပ်နေတော့ သတင်းစာတွေလည်း ပြည်သူပိုင်သိမ်းတဲ့အထဲ ပါသွားခဲ့ပါတယ်။ လွတ်လပ်ရေး မရခင်ကတည်းက လွတ်လပ်စွာ ပြောဆို ရေးသားခွင့်ကို ရရှိတဲ့ မြန်မာ နိုင်ငံမှာ ဒီအခွင့်အရေးတွေ တမုဟုတ်ချင်းပဲ ပိတ်ပင်ခံခဲ့ရပါတယ်။

လူထု ဘယ်လို သတင်းစာလဲ

လူထု ဦးလှ နဲ့ ဒေါ်အမာ တို့က ဒုတိယ ကမ္ဘာစစ်ကြီး ပြီးချိန်မှာ သတင်းစာကို စတင် ထူထောင်ခဲ့ပါတယ်။ လူထု သတင်းစာကို လက်ဝဲယိမ်း သတင်းစာ လို့ အများက သတ်မှတ်တာ ခံခဲ့ရပါတယ်။

ဒေါ်အမာဟာ အမျိုးသမီး သပိတ် ခေါင်းဆောင် တယောက် ဖြစ်ခဲ့ပြီး ဦးလှ ကတော့ လူငယ်များ ကြီးပွားရေး အသင်းကို တည်ထောင်ခဲ့သူ တယောက် အဖြစ် အသိအမှတ်ပြု ခံရသူ ဖြစ်ပါတယ် ။

သူတို့ ၂ ယောက်စလုံး သတင်းစာ ထူထောင်ပြီးနောက် ထင်ရှား ကျော်ကြားတဲ့ စာရေးဆရာ လူထုဦးလှနဲ့ ဒေါ်အမာ အဖြစ်လူသိများလာပါတယ်။

သူတို့ဇနီးမောင်နှံ ထူထောင်တဲ့ လူထု သတင်းစာဟာ ပုဂ္ဂလိက သတင်းစာ တွေထဲမှာ ထင်ရှား လာခဲ့ပါတယ်။ စာရေးဆရာကြီး ရွှေဥဒေါင်းရဲ့ သတင်းစာ ခေါင်းကြီးပိုင်းကို လူတွေ စောင့်ဖတ်ခဲ့ရပြီး သတင်းစာ အနေနဲ့ ဝတ္တရားအတိုင်း မှန်ကန်အောင် တင်ပြခဲ့လို့ လူကြိုက်များပြီး ဆိုက်ကြီးနဲ့ တိုးချဲ့ ထုတ်ဝေရတဲ့ အထိ အောင်မြင်ခဲ့ပါတယ်။

သတင်းစာ မှာ ကာတွန်းတွေကိုလွတ်လွတ်လပ်လပ်ဆွဲခွင့် ပေးခဲ့သလို ခေတ်မီ မျက်နှာဖုံး ဒီဇိုင်းတွေ ဆန်းသစ်ခွင့်လည်း ရခဲ့တယ်လို့ ကလောင်သွေးခဲ့တဲ့ ကာတွန်း ဝင်းဖေ ခေါ် ဒါရိုက်တာ ဦးဝင်းဖေက ရေးဖူးပါတယ်။

လူငယ်တွေကို မြှေတောင်မြှောက် ပျိုးထောင် ပေးတတ်တဲ့ လူထု ဦးလှရဲ့ သတင်းစာက မွေးထုတ်ပေးခဲ့တဲ့ စာရေးဆရာ၊ ကာတွန်းနဲ့ ပန်းချီ၊ ကဗျာ ဆရာ စတဲ့ အနုပညာရှင်တွေ တော်တော် များခဲ့ပြီး ဒီထဲမှာ ထင်ရှားတာက ဒါရိုက်တာ ဦးဝင်းဖေ၊ ပန်းချီ ပေါ်ဦးသက်၊ ကဗျာဆရာ မောင်စွမ်းရည်၊ တင်မိုး၊ လူထု စိန်ဝင်း စတဲ့သူတွေပါ။

နောက် မြန်မာ့ သုခုမ အနုပညာ တွေ ဖော်ထုတ်ရေးနဲ့ ငြိမ်းချမ်းရေး လူထုဘဝ တိုးတက်ရေး တွေအတွက် သတင်းစာမှာ အသားပေး ဖော်ပြခဲ့သလို နိုင်ငံတကာ ရေးရာတွေမှာလည်း ဒေါ်အမာက နေ့စဉ် ကဏ္ဍတရပ်အဖြစ် ရေးသားခဲ့ပါတယ်။

ခြိမ်းခြောက်

မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်နဲ့ ချီတက်မယ် ဆိုတဲ့ ဗိုလ်ချုပ်ကြီး နေဝင်း အစိုးရ အတွက် လက်ဝဲယိမ်း လူထု သတင်းစာဟာ အနှောင့်အယှက် ခြိမ်းခြောက်မှု ဖြစ်လာပုံရပါတယ်။ ဒါကြောင့် ၁၉၆၇ တရုတ် ဗမာ အရေးအခင်း ဖြစ်ချိန်မှာ တရုတ် အစိုးရ လိုလားတယ်လို့ ယူဆ ခံရတဲ့ လူထု သတင်းစာကို တက္ကသိုလ် ကျောင်းသား ဆိုသူတွေက ဖျက်ဆီးဖို့ စုဝေးခဲ့တယ်၊ စစ်တပ်က အချိန်မီ ထိန်းသိမ်းခဲ့လို့ ပြန်လှည့်သွားတယ်လို့ သတင်းစာ ထုတ်ဝေသူတွေရဲ့ သမီးကြီး ဒေါက်တာ သန်းရင်မာက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် ludu
Image caption သတင်းစာ အလုပ်ခွင်က လူထု စိန်ဝင်းနဲ့ ဖိုးသံ (လူထု)

သတင်းစာ သက်တမ်း တလျှောက် သတင်းစာ အယ်ဒီတာတွေ ဖမ်းဆီး ထောင်ချ ခံရတာ၊ တိုက် ချိတ်ပိတ်တာ၊ အာမခံတောင်းတာတင်မက ပုံနှိပ်စက်တွေ ဖောက်ခွဲဖျက်ဆီးခံရတာတွေ ရှိခဲ့ပါတယ်။ လူထု ဦးလှ ဆိုရင် သူ့ဘဝမှာ ၅ ကြိမ် ဖမ်းဆီးခံရပြီး တကြိမ်ကဆို ထောင်ထဲမှာ ၃ နှစ် နေခဲ့ရပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဒေါက်တာ သန်းရင်မာ

၁၉၄၉ က ဆိုရင် သတင်းစာကို ကွန်မြူနစ် သူပုန်တွေဘက် ပင်းတယ် ယူဆလို့ ပိုင်ရှင် မိသားစု ကလေးတွေပါ မကျန် စတင်းဂန်း သေနတ်နဲ့ သတ်ဖို့ အစိုးရ တပ်က စီစဉ်ခဲ့တယ်လို့ ကိုယ်တွေ့ ကြုံခဲ့ရတဲ့ ဒေါက်တာ သန်းရင်မာက ပြောပါတယ်။ ဒါဟာ သတင်းစာ သမားတွေကို တိုက်ခိုက် သတ်ဖြတ်တာတွေ ရင်ဆိုင်ခဲ့ရတဲ့ ပြည်တွင်းစစ် အစပိုင်း ကာလလည်း ဖြစ်ပါတယ်။

ဒီလို ဖမ်းဆီး ဖိနှိပ်ခံရတာ တွေ ကြုံခဲ့တာနဲ့ ပတ်သက်ပြီး သတင်းစာရဲ့ အရှိန်ကြောင့် အထက် မြန်မာပြည်မှာ ကွန်မြူနစ် သြဇာ ကြီးနေတာလို့ အဲဒီအချိန်က အစိုးရ အာဏာပိုင်တွေက ယူဆတာ လို့လည်း ထုတ်ဝေသူ တယောက် ဖြစ်တဲ့ လူထုဒေါ်အမာက ပြောကြား ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် ludu
Image caption စစ်အစိုးရ အာဏာပိုင်တွေရဲ့ ဆိုရှယ်လစ် ဝါဒကို သရော်တယ်လို့ ယူဆခံရတဲ့ ဝင်းဖေရဲ့ လူထုကာတွန်း

ဒါပေမဲ့လည်း လူထု သတင်းစာ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲမျိုးတွေကို လက်ရှိ မီဒီယာတွေလည်း ဆက်လက် ရင်ဆိုင်နေရပြီး အနှစ် ၅ဝ လောက် မျိုးဆက်ပြတ်ခဲ့တဲ့ မြန်မာ စာနယ်ဇင်း လောကမှာ လူငယ် မျိုးဆက်သစ် သတင်းသမား အနုပညာသည်တွေကို ပျိုးထောင် ပေးဖို့ အများကြီး လိုနေသေးတယ်လို့လည်း သုံးသပ်နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ