ဆဲဗင်းဇူလိုင် သိမှတ်ဖွယ်ရာများ

  • 6 ဇူလိုင် 2017
Image caption ဆဲဗင်းဇူလိုင် ကျောင်းသားတွေ ချီတက် ဆန္ဒပြ

ဆဲဗင်းဇူလိုင် အကြောင်း အများသိကြတဲ့ အချက်များ

(၁) ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ အာဏာသိမ်း စစ်အစိုးရ ကို တက္ကသိုလ်ကျောင်းသားတွေက ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ အစိုးရတက်လာလာချင်း ပေါ်ပေါက် လာခဲ့ပါတယ်။ များမကြာမီ ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရက တက္ကသိုလ် ကျောင်းသားထု အပေါ် ဖိနှိပ်ချုပ်ချယ်တဲ့ ကျောင်းဆောင်စည်းကမ်း သစ်တွေကို ချမှတ်ပြဋ္ဌာန်းလာခဲ့ပါတယ်။ အဲဒီ အဆောင်စည်းကမ်းတွေကို ကျောင်းသားထုနဲ့ ကျောင်းသားသမဂ္ဂကနေ ဆန့်ကျင်ကန့်ကွက် ဆန္ဒပြကြရာမှ ၁၉၆၂ ဇူလိုင်(၇)ရက်နေ့မှာ ဇူလိုင် ၇ ရက် အရေးအခင်း ဖြစ်လာခဲ့ပါတယ်။ အဲဒီတုန်းက ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တွေ ကတော့ တကသ ဥက္ကဋ္ဌအဖြစ် ကိုဗဆွေလေး၊ ဗကသဥက္ကဋ္ဌအဖြစ် ကိုသက် တို့ဖြစ်ပါတယ်။

(၂) ဇူလိုင် ၇ ရက် ကျောင်းသား ဆန္ဒပြပွဲ အတွင်းမှာ ကျောင်းသားတွေကိုစစ်တပ်က မောင်းပြန် ကာဘိုင်သေနတ်တွေ၊ စက်သေနတ် တွေနဲ့ သွေးချောင်းစီးအောင် ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။ ကျောင်းသားတွေ ရာနဲ့ချီ သေဆုံး ဒဏ်ရာရခဲ့ရသလို ကျောင်းသားသမဂ္ဂအဆောက်အဦကြီးကိုပါ ဒိုင်းနမိုင်းနဲ့ ဗုံးခွဲ ဖျက်ဆီး လိုက်ပါတယ်။ ဇူလိုင်(၇)ရက်မှာ ကျောင်းသားတွေ ကို အကြမ်းဖက်နှိပ်ကွပ်ပြီး နောက်တရက် ဇူလိုင်(၈)ရက် မနက်အစောကြီးမှာပဲ ကျောင်းသားသမဂ္ဂကို ဗုံးခွဲ ဖျက်ဆီးလိုက်ပါတယ်

(၃) ဒီ သမဂ္ဂအဆောက်အဦကြီးကို သူဌေးကြီး ဦးညို က ၁၉၂၇ ခုနှစ်မှာ ကျပ်ငွေ တသိန်း ခုနစ်သောင်းတိတိ ပေးအပ်လှူဒါန်းခဲ့ရာမှ ဆောက်လုပ်ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ ၁၉၂၇ ခုနှစ်မှာ ပေးအပ်လှူဒါန်းခဲ့ပေမယ့် ၁၉၂၉ ခုနှစ်ကျမှ သူဌေးဦးညိုကိုယ်တိုင် ပန္နက်ရိုက်ပေးကာ စတင်ဆောက်လုပ်နိုင်ခဲ့ပါတယ်။ ၁၉၃၀ နွေရာ သီ နှစ်ဆန်းပိုင်းထဲမှာမှ ဆောက်လုပ်ပြီးစီးခဲ့ပါတယ်။

(၄) ဒီအရေးတော်ပုံကြီးအပြီးမှာ 'ကျောင်းသားသမဂ္ဂ' တွေ တရားဝင် ရပ်တည် တည်ရှိနိုင်ခွင့်မရတော့ဘဲ အဖျက်သိမ်းခံလိုက်ကြရပါတယ်။

Image caption သမဂ္ဂ ဗုံးခွဲပြီး နောက်တရက် ဗိုလ်အောင်ကျော် ကျောက်တိုင်မှာ

ဆဲဗင်းဇူလိုင် အကြောင်း အများမသိကြသေးတဲ့ အချက်များ

(၁) ကျောင်းသားဆန္ဒပြပွဲတွေ ဖြစ်ပွားအောင် အစပျိုးစေခဲ့တဲ့ အချက်ပေါင်း (၂၂)ချက် ပါတဲ့ ကျောင်းဆောင်စည်းကမ်းသစ်တွေဆိုတာကတော့

ဥပမာ- ည (၈)နာရီထိုးလျှင် အဆောင်တံခါးတွေပိတ်၊ လုံးဝအပြင်မထွက်ရ။ အဆောင်မှူးက စစ်ဆေးလျှင် မိမိအခန်းမှာ ရှိနေရမည်။ မတွေ့လျှင် အခန်းမှာမရှိဟု မှတ်ယူပြီး အရေးယူမည် ဆိုတာမျိုးတွေအပါအဝင် ချုပ်ချယ်ကန့်သတ်လာတဲ့ စည်းကမ်း ချက်သစ်တွေပဲ ဖြစ်ပါတယ်။

(၂) စစ်တပ်က ကျောင်းသားတွေကို ပစ်ခတ်ရာမှာ ဂျီသရီး ဂျီဖိုး ကာဘိုင်အသစ်စက်စက်တွေကို အသုံး ပြုခဲ့ပြီး စစ်အစိုးရရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံက စတင်ထုတ်လုပ်လာခဲ့တဲ့ ကျည်ဆံအသစ်တွေကိုပါ လက်တွေ့စမ်းသပ်ကြည့်တဲ့ သဘော အသုံးပြုခဲ့ပါတယ်။ အဲဒီ ဂျီသရီး ဂျီဖိုးလက်နက်တွေနဲ့ ကျည်ဆံတွေကို စစ်တပ်ပိုင် ကာကွယ်ရေး ပစ္စည်းစက်ရုံမှာပဲ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

အဲဒီစက်ရုံကို ဗိုလ်ချုပ်ကြီး နေဝင်းက အနောက်ဂျာမနီက ဖရစ်ဝါနာကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုပြီး မြန်မာပြည်မှာ စတင် တည်ဆောက် ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

(၃) သေဆုံး ဒဏ်ရာရှိတဲ့ ကျောင်းသား အရေအတွက် အတိအကျကိုတော့ အခုချိန်အထိ ဘယ်သူမှ ရှင်းရှင်းလင်းလင်း မသိရသေးပါ။ စစ်အစိုးရက သေဆုံးသူ(၁၇)ဦးလို့သာ စာရင်းပြပြောဆိုခဲ့ပေမယ့် ရန်ကုန်ဆေးရုံကြီးကို ရောက်ရှိလာတဲ့ စာရင်းအရ သေဆုံးသူ (၁၇)ဦး၊ ဒဏ်ရာရသူ ( ၆၉)ဦး ရှိပြီး မင်္ဂလာဒုံစစ်ဆေးရုံကို ရောက်ရှိသွားသူကလဲ (၆၈) ဦး ရှိခဲ့တယ် သိရပါတယ်။ အခုချိန်ထိ သေဆုံး ဒဏ်ရာရရှိခဲ့သူ ဘယ်နှဦး ရှိခဲ့တယ်ဆိုတာ အတိအကျပြောဆို စာရင်းတင်နိုင်ခြင်း မရှိသေးပါ။ အနည်းဆုံး ရာနဲ့ချီ သေဆုံးဒဏ်ရာရခဲ့တယ်လို ခန့်မှန်းပြောဆိုမှုတွေ ရှိပါတယ်။

(၄) ကျောင်းသားသမဂ္ဂကို ဆောက်ဖို့ ငွေလှူတဲ့ သူဌေးဦးညိုကို ကျောင်းအုပ်ကြီးမစ္စတာစလော့က ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ပေးအပ်ခဲ့ပါတယ်။ အဲဒီ သမဂ္ဂ အဆောက်အဦကြီးကို ပါမောက္ခ ဦးဖေမောင်တင်ကနေ ပထမဆုံးစတင်ဖွဲ့ စည်းလိုက်တဲ့ တကသ(ယာယီ)ဥက္ကဋ္ဌ ကိုကျော်ခင် ထံ ၁၉၃၁ ဖေဖေါ်ဝါရီ (၂၈)ရက်မှာ တရားဝင် လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။

(၅) ၁၉၆၂ ဇူလိုင်(၈)ရက်နေ့ မှာ သမဂ္ဂအဆောက်အဦကြီးကို စစ်အစိုးရက ဗုံးခွဲ ဖျက်ဆီးလိုက်ပေမယ့် ဘယ်သူရဲ့ အမိန့်နဲ့ လုပ်သလဲဆိုတာ အခု အချိန်အထိ တိတိကျကျ ဘယ်သူမှ မပြော ဆိုနိုင်သေးပါဘူး။

ဒီသမဂ္ဂအဆောက်အဦကြီးကို ဗုံးခွဲဖို့ အမိန့်ပေး ခဲ့တာ သူ မဟုတ်ပါဘူးလို့ ဦးနေဝင်းက ငြင်းဆိုခဲ့သလို အဲ့ဒီအချိန်က တော်လှန်ရေး ကောင်စီရဲ့ ဒုတိယခေါင်းဆောင်ဖြစ် ခဲ့တဲ့ ဗိုလ်မှူးချုပ်အောင်ကြီးကလဲ သူ အမိန့် ပေးခဲ့ တာ မဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

(၆) ဇူလိုင် ၇ ရက် ကျောင်းသားတွေကို စစ်တပ်က အကြမ်းဖက်နှိမ်နင်းခဲ့ ပြီး နောက်ပိုင်းမှာ ကျောင်းသားသမဂ္ဂ အဖွဲ့ကြီးတွေ တရားဝင် ဖွဲ့စည်းခွင့် မရတော့ပေမယ့် ကျောင်းသားသမဂ္ဂကြီးရဲ့ လုပ်ငန်းဆောင်တာတွေကို ဆက်လက် လုပ်ကိုင် လှုပ်ရှားနိုင်ဖို့အတွက်" ကျောင်းသားအခွင့်အရေးကာကွယ်မှုကော်မတီ"ကို လျှို့ဝှက်ဖွဲ့ စည်းခဲ့ကြပါတယ်။ အဲဒီကျောင်းသား အခွင့်အရေးကာကွယ်ရေးကော်မတီ' ဥက္ကဋ္ဌ အဖြစ် ကိုတင်မောင်ဝင်း (၁၉၉၀ ရွေးကောက်ပွဲမှာ ခရမ်းပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နဲ့ အင်းစိန်ထောင်ထဲမှာ သေဆုံးခဲ့ရသူ) က တာဝန်ယူခဲ့ပြီး ကိုစိုးသိမ်း(စာရေးဆရာ မောင်ဝံသ)၊ ကိုခင်ဆွေ (ခရမ်း)၊ ကိုကြည်ဝင်း(ပခုက္ကူ)၊ ကိုမြင့်ဖေ၊ ကိုစိုးမြင့်၊ ကိုမိုးဟိန်း(သားဂျာနယ်ကျော်)၊ ကိုတင်ထွန်း(ကျောက်တံခါး)တို့ ပါဝင်ခဲ့ပါတယ်။ အတွင်းရေးမှူးအဖြစ် ကိုသိန်းထွန်း(ခ) ကိုဘသန်းက ဆောင်ရွက်ခဲ့ပါတယ်။

နောက်ပိုင်း မဆလခေတ်တလျောက် ကာလတချို့နဲ့ နဝတ ၊ နအဖ ခေတ်တလျောက် အပါအဝင် ကနေ့အထိတိုင်ကာလတွေအတွင်းမှာလဲ ကျောင်းသားသမဂ္ဂ အဖွဲ့အစည်းကြီးတွေဟာ နည်းလမ်းမျိုးစုံ၊ အသွင်သဏ္ဍာန်မျိုးစုံနဲ့ ဆက်လက်ပေါ်ပေါက်နေခဲ့ပေမယ့် အဲဒီခေတ်အဆက်ဆက် ကျောင်းသားသမဂ္ဂ အဖွဲ့အစည်းကြီးတွေကို တာဝန်ယူဖွဲ့ စည်းခေါင်းဆောင်ခဲ့ကြသူတွေဟာ ဘယ်သူတွေလဲ ဆိုတာကိုလဲ စနစ်တကျ ပြည့်ပြည့်စုံစုံ တိတိကျကျ ဘယ်သူမှ သိရှိနိုင်ခြင်းမရှိသေးပါ။