ပထမဆုံး မြန်မာကယ်ဆယ်ရေးအဖွဲ့ အီရတ်ကို သွားကူ

  • 7 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် Free Burma Rangers
Image caption မိုဆူးလ်က စစ်မြေပြင်တနေရာမှာ လှုပ်ရှားနေတဲ့ အီရတ်စစ်သားနဲ့ FBR အဖွဲ့ဝင်တဦးကို တွေ့ရစဉ်။

အီရတ်နိုင်ငံ စစ်မက်ဖြစ်ပွားရာဒေသမှာ ထိခိုက်ဒါဏ်ရာရသူတွေကို သွားရောက် အကူအညီပေးခဲ့တဲ့ Free Burma Rangers အဖွဲ့ ဟာ အဲ့ဒီမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နေတာ သုံးနှစ်လောက်ရှိပါပြီ။

ကရင်၊ ကရင်နီနှင့် ကချင် စတဲ့တိုင်းရင်းသားတွေ ပါဝင်တဲ့ FBR အဖွဲ့ဟာ အီရတ်အစိုးရရဲ့ ဖိတ်ခေါ်ချက်အရ အီရတ်နှင့် ဆီးရီးယား နိုင်ငံကIS တိုက်ခိုက်မှုကြောင့် စစ်မြေပြင်မှာ ထိခိုက်ဒါဏ်ရာရသူတွေကို အစားအသောက်၊ ဆေးဝါးနှင့် ကျန်းမာရေး ကုသမှုတွေ ကူညီစောင့်ရှောက်ပေးဖို့ သွားရောက်ခဲ့တာဖြစ်ပါတယ်။

စစ်ဖြစ်နေတဲ့ အီရတ်မှာ အန္တရာယ်ကြီးမှန်းသိသိနဲ့ အခုလို အသက်စွန့်ပြီး သွားရောက်ကူညီခဲ့တာနဲ့ ပတ်သက်လို့ Free Burma Rangers တည်ထောင်သူ အမေရိကန်အထူးတပ်ဖွဲ့ က အရာရှိဟောင်းတဦးဖြစ်တဲ့ ဒေးဗစ်ယူဘန်း က အခုလို ပြောပါတယ်။

ဒေးဗစ်။ ။ အဓိကတော့ မေတ္တာ တရား ပါပဲ။ ဖိနှိပ် တိုက်ခိုက်ခံရတဲ့လူတွေကို ကျနော်တို့ ကူညီချင်တယ်။ ဗမာပြည်က တိုင်းရင်းသားနယ်မြေတွေမှာ ကျွန်တော်တို့ ကူညီဆောင်ရွက် ပေးသလို သွားရောက်ကူညီတာပါ။ ကျနော်တို့အဖွဲ့ဟာ မြန်မာပြည်က တိုင်းရင်းသားလူမျိုးတွေနဲ့ ဖွဲ့စည်းထားတာပါ။ သူတို့ တတွေဟာ အံ့သြ စရာ သိပ်ကောင်းပါတယ်။ ဗမာပြည်မှာတင်မဟုတ်ပဲ တခြားနေရာတွေမှာ ဒုက္ခရောက်နေတဲ့လူတွေကို လည်း အကူအညီပေးချင်တယ်။ အဲဒီကြောင့် ကျနော်တို့ အီရတ်ကို သွားဖြစ်တယ်။ အခုဆိုရင် အီရတ်နဲ့ ဆီးရီးယားနိုင်ငံကလူတွေ မြန်မာပြည်က လူတွေကို သိသွားကြပြီ။ သူတို့ကပြောတယ် ကျနော်တို့ကို အခုလို အသက်စွန်ပြီး အကူအညီ လာပေးတဲ့ အတွက် ကျေးဇူးတင်တယ်။ ခင်ဗျားတို့ကို ကျွန်တော်တို့က ချစ်ခင်တယ်၊ ခင်ဗျားတို့အတွက်ကျွန်တော်တို့ ဆုတောင်းပေးမယ်။ ဗမာပြည်မှာ ကျနော်တို့ ကူညီနိုင်တာရှိရင်လည်း ပြောပါလို့ ပြောကြတယ်။

ဓာတ်ပုံ မူပိုင် FBR
Image caption ဒါဏ်ရာရသူတဦးကို ဒေးဗစ်ယူဘန်းနဲ့ အီရတ်စစ်သားတဦး ကယ်ထုတ်လာစဉ်

Free Burma Rangers အဖွဲ့ကို ၁၉၉၇ ခုနှစ်က စတင်တည်ထောင်ခဲ့တယ်။ အဖွဲ့ဝင်တွေထဲမှာ ဆေးမှူးတွေနဲ့ ဗွီဒီယိုမှတ်တမ်းတင်သူတွေလည်း ပါပါတယ်။ သူတို့က ပြီးခဲ့တဲ့ဇွန်လထဲမှာပဲ တိုက်ပွဲပြင်းထန်တဲ့ မိုဆူးလ်မြို့မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်ဆောင်ရွက်ခဲ့ပါတယ်။

မြန်မာပြည်က စစ်ဖြစ်နေတဲ့ တိုင်းရင်းသားနယ်မြေတချို့ မှာ ကြုံတွေ့ခဲ့ရတဲ့ အန္တရာယ် တွေထက် ပိုကြီးကျယ်တဲ့ အန္တရာယ်တွေရှိတဲ့ အီရတ်နိုင်ငံ စစ်မြေပြင်မှာ ကယ်ဆယ်ရေး အလုပ်တွေလုပ်တဲ့ အခါ ဘုရားသခင်က ကာကွယ်စောင့်ရှောက် ပေးမယ် ဆိုတဲ့ ယုံကြည်မှုက သူတို့ကို လုံခြုံမှု ရစေတယ်လို့ ဒေးဗစ်ကဆိုပါတယ်။

ဒေးဗစ်။ ။ ကျနော်တို့ မှန်မှန် ဘုရားရှိခိုးတယ်။ နောက်ပြီး IS ရဲ့ ပစ်ကွင်းတွေကို ကျွန်တော်တို့ ရှောင်တယ်။ အမြောက်ပစ်တင့်ကားတွေနဲ့ လည်း အကာအကွယ်ယူပါတယ်။ ကျနော်တို့အလုပ်က သူများကို တိုက်ခိုက်တာ မဟုတ်ဘူးလေ၊ မြန်မာပြည်မှာလည်း ကျနော်တို့ အစိုးရစစ်တပ်တွေကို တတ်နိုင်သလောက် ရှောင်တယ်။ အီရတ်မှာလည်း IS ကို ရှောင်တယ်။ ဒါပေမယ့် တခါတလေကျတော့ ဘယ်လိုမှ ရှောင်လို့ မဖြစ်နိုင်တဲ့ အခြေအနေမျိုး ကြုံရပါတယ်။ တခါတလေ IS က ကျနော်တို့ကို လာပြီးတိုက်ခိုက်တာနဲ့ ကြုံရပါတယ်။ သူတို့က ကလေးပါမရှောင် ပစ်ခတ်တိုက်ခိုက် သလို ဆေးကုသမှု ပေးနေတဲ့လူကိုလည်း ပစ်ချင်ရင်ပစ်ပါတယ်။

အီရတ်နိုင်ငံက IS စစ်သားတွေဟာ အစ္စလာမစ် အစွန်းရောက်သမားတွေ ဖြစ်တဲ့အတွက် အီရတ်နိုင်ငံမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်ရာမှာ မြန်မာနိုင်ငံနဲ့ မတူပဲ ပိုပြီးအန္တရာယ်ကြီးတယ်လို့လည်း ဒေးဗစ်က ပြောပါတယ်။ သူတို့က လူတကာကို သတ်ဖြတ်တယ်။ အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးတွေ ကိုလည်း တိုက်ခိုက်ပါတယ်။ သူတို့က အစွန်းရောက်သမားတွေ ဆိုတော့ သူတို့နဲ့ ညှိနှိုင်း ဆွေးနွေးဖို့ ဆိုတာ မဖြစ်နိုင်ဘူး လို့ ဒေးဗစ်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် FBR
Image caption မိုဆူးလ်စစ်မြေပြင်တခုမှာ ကလေးမလေးကို ကယ်ထုတ်လာတဲ့ ဒေးဗစ်ယူဘန်း

ဒါပေမယ့် မေတ္တာတရားကို အခြေခံပြီး အများကောင်းကျိုးကို လုပ်ဆောင်နေတာဖြစ်လို့ သူတို့က လူ့အသက်တစ်ချောင်းအတွက် စွန့်စားဖို့ ဝန်မလေး ကြဘူးလို့ ဒေးဗစ်ယူဘန်းက ပြော ပါတယ်။ မိုဆူးလ်မှာ ဒေးဗစ်ကိုယ်တိုင် ပစ်ခတ်မှုတွေ အကြားမှာ ပိတ်မိနေတဲ့ ခလေးမလေးဆီကို အပြေးသွားပြီး ချီပွေ့ကယ်တင်နိုင်ခဲ့ပါတယ်။

အဲ့သလို ကယ်ဆယ်နေတာကို သူနဲ့ အတူ လိုက်ပါ သွားတဲ့ ကရင်လူမျိုးကပေါ်စေး က ဗွီဒီယို ရိုက်ကူးမှတ်တမ်းတင်ခဲ့ပါတယ်။

ဒေးဗစ်က တကယ်လို့များ အဲ့ဒီအချိန်က သူကျည်ဆန် ထိမှန်ပြီး သေဆုံးသွားမယ်ဆိုရင် သူ့ရဲ့ ဇနီးနဲ့ သားသမီးတွေက သူ့ဟာ သူတပါး အသက်ကို ကယ်တင်ဖို့ ကြိုးစားရင်း အသက်ဆုံးရှုံးသွားရတယ် ဆိုပြီး ခွင့်လွှတ်နားလည်ပေးကြမှာပါ လို့မှတ်ချက်ပေးပါတယ်။

ဓာတ်ပုံ မူပိုင် FBR
Image caption အီရတ်နိုင်ငံမသွားခင် ထိုင်းနိုင်ငံတနေရာမှာ FBR တိုင်းရင်းသားအဖွဲ့ဝင်များကို တွေ့ရစဉ်