၈ လေးလုံးကို ဘယ်လို နားလည်မလဲ

  • 7 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ၈၈ အရေးအခင်းမှာ ဒဏ်ရာရ သေဆုံးသူ အများအပြားရှိခဲ့

၈ လေးလုံး အရေးအခင်းလို့ အတိုကောက် သိကြတဲ့ ၁၉၈၈ သြဂုတ်လ ၈ ရက် ဒီမိုကရေစီ တောင်းဆိုတဲ့ လှုပ်ရှားမှုကို လွတ်လပ်ပြီးခေတ် မြန်မာ သမိုင်းမှာ အကြီးဆုံး လူထု အုံကြွမှု အဖြစ် ထင်ရှားပါတယ်။

ဒါပေမဲ့ ဒီအုံကြွမှုကြီး ဖြစ်ပွားရတဲ့ အကြောင်းနဲ့ ဖြစ်စဉ်တွေမှာ ခုချိန်ထိ တိကျတဲ့ မှတ်တမ်း အထောက်အထားတွေ ပေါ်ထွက်လာတာ နည်းသေးတဲ့အတွက် ဒီအကြောင်း ပြန်ပြောရင် အငြင်းပွားစရာတွေ ရှိတတ်ပါတယ်။

ဒါကလည်း ပြီးခဲ့တဲ့ စစ်အစိုးရ လက်ထက်မှာ ဒီအရေးအခင်းနဲ့ ပတ်သက်ပြီး အစိုးရ ထုတ်ပြန်မှုကလွဲလို့ တခြား ရေးသားမှုတွေကို နိုင်ငံတွင်းမှာ ရေးသား ပြောဆိုမှုတွေ ပိတ်ပင် ထားခဲ့လို့ ဖြစ်ပါတယ်။

နောက်ပြီး နိုင်ငံရေး အရ အမြင်ကွဲပြားမှုတွေကြောင့် ဒီလှုပ်ရှားမှု ကို မိမိလိုရာ ပြောဆိုရေးသားတာတွေကြောင့်လည်း ပိုပြီး ဒွိဟ ပွားစရာတွေ ဖြစ်လာခဲ့ပါတယ်။

ဒီထဲက လူအများ သိထားကြတဲ့ အချက်တချို့နဲ့ ဒါတွေရဲ့ နောက်က အကြောင်းရင်း တချို့ကို ရှာဖွေ တင်ဆက် ပေးထားပါတယ်။

၈ လေးလုံး အစ

၁၉၈၈ လူထု လှုပ်ရှားမှုတွေဟာ တကယ်က မတ်လဆန်း ကတည်းက အစပြု ခဲ့တာပါ။

ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် သေဆုံးခဲ့တဲ့ အရေးအခင်းနဲ့ နောက်ဆက်တွဲ တံတားဖြူ အရေးအခင်းတွေမှာ ဆန္ဒပြ ကျောင်းသားနဲ့ အရပ်သားတွေ ဖြိုခွဲခံခဲ့ရပြီးနောက် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီ အစိုးရကို မကျေနပ်တဲ့ အန်တု ဆန့်ကျင်မှုတွေ ပေါ်ထွက်လာခဲ့ပါတယ်။

ဒီလှုပ်ရှားမှုတွေ နောက်ကွယ်မှာတော့ အနှစ် ၂ဝ ကျော် နိုင်ငံရေး၊ စီးပွားရေး ဖိနှိပ် ခံရမှုတွေနဲ့ ကျပ်တည်းမှုတွေက ရှိနေပါတယ်။

၁၉၈ဝ ပြည့်လွန်နှစ်တွေ အစမှာ တင်းကျပ်တဲ့ စီမံကိန်း စနစ်ကြောင့် မြန်မာ့ ဆန် အထွက်လျော့လာတာက ပထမ အကြောင်း ဖြစ်ပါတယ်။ ဒီအချိန်မှာ လမ်းစဉ်ပါတီ ခေါင်းဆောင် ဦးနေဝင်းက သူ့နောက်လိုက်တွေရဲ့ အစီရင်ခံတာ မပြည့်စုံမှုတွေကြောင့် တိုင်းပြည်မှာ မှားယွင်းတဲ့ ခန့်ခွဲမှုတွေ ဖြစ်နေတယ်၊ ဒါတွေကို ပြန်ပြီး ပြုပြင် ပြောင်းလဲရမယ် ဆိုပြီး ၁၉၈၇ နှစ်လယ်မှာ စပြောလာပါတယ်။

ဒါပေမဲ့ ၁၉၈၇ စက်တင်ဘာလဆန်းမှာ ငွေစက္ကူ တရားမဝင် ကြေညာတာတွေ ဖြစ်တဲ့အခါ လူတွေ စိတ်ထဲမှာ လမ်းစဉ်ပါတီကို စိတ်ပျက် မယုံကြည်မှုက ပိုကြီးလာပါတယ်။ နောက် ကျောင်းသား အရေးအခင်းတွေ ပေါ်ပေါက်လာတဲ့အတွက် ဦးနေဝင်းရဲ့ ပြောင်းလဲဖို့ အစီအစဉ်တွေ ပိုနှောင့်နှေးသွားပါတယ်။

သူက တပါတီ စနစ်ကို ကြိုက်သလား၊ ပါတီစုံကို သွားမလား ဆန္ဒခံဖို့ ၁၉၈၈ ဇူလိုင်လမှာ ကျင်းပတဲ့ ပါတီ အရေးပေါ် ညီလာခံမှာ ပြောခဲ့ပေမယ့် လမ်းစဉ်ပါတီက ဒါကို ပယ်ချခဲ့ပါတယ်။

ဖြစ်ခဲ့တဲ့ အရေးအခင်းတွေ အတွက် ပါတီဥက္ကဋ္ဌ ဦးနေဝင်းနဲ့ သမ္မတ ဦးစန်းယု နုတ်ထွက်ခဲ့ပေမယ့် သူတို့ကို ဆက်ခံတဲ့ ဦးစိန်လွင်ဟာလည်း အရင် အရေးအခင်းတွေမှာ ဖိနှိပ် နှိမ်နင်းခဲ့သူလို့ ကျော်စောသူမို့ လူတွေက မျှော်လင့်ချက် မထားကြပါဘူး။

သူ့လက်ထက် ရန်ကုန်မှာ စစ်ဥပဒေ ထုတ်ထားပေမယ့် လမ်းပေါ်ထွက် ဆန္ဒပြမှုတွေ ဆက်ဖြစ်ခဲ့ပြီး သြဂုတ်လ ၈ ရက်မှာ ဆန္ဒပြပွဲကြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ဖို့ လှုံ့ဆော်မှုတွေ ဘီဘီစီ အပါအဝင် ပြည်ပ ရေဒီယိုတွေကနေ ထုတ်လွှင့်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကျောင်းသား အရေးအခင်းတွေမှာ နစ်နာခဲ့သူတွေနဲ့ မေးမြန်းခန်းတွေကလည်း ဒီရေဒီယိုတွေမှာ ထုတ်လွှင့်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အရေးအခင်း အတွင်း နိုင်ငံရေးထဲ ဝင်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်

သြဂုတ် ၈ ရက်မှာ ရန်ကုန်နဲ့ မြို့ အတော်များများမှာ လူထောင်သောင်းချီ ဆန္ဒပြကြပါတယ်။ ၈ လေးလုံး ဖြစ်တဲ့ရက်ကစပြီး ၄ ရက် ဆက်တိုက် ပစ်ခတ်မှုတွေကြောင့် သေဆုံးထိခိုက်သူ တော်တော်များပါတယ်။

အစိုးရ ထုတ်ပြန်ချက် အရ သေဆုံးသူ တရာလောက်ပဲ ရှိတယ် ဆိုပေမယ့် အတိုက်အခံတွေ အဆိုအရ အရေးအခင်း တလကျော်အတွင်း ထောင်ချီ သေဆုံးတယ်လို့ ဆိုပါတယ်။

သြဂုတ် ၁၂ မှာ ဦးစိန်လွင် ထွက်ပြီး ဒေါက်တာမောင်မောင် တက်လာချိန်မှာတော့ စစ်အုပ်ချုပ်ရေး ရပ်ပြီး ရွေးကောက်ပွဲ ကော်မရှင် ဖွဲ့တာ အပါအဝင် ပါတီစုံ စနစ်ကို သွားဖို့ လမ်းစပြုခဲ့ပေမယ့် ကြားဖြတ် အစိုးရ ဖွဲ့စည်းရေး တောင်းဆိုမှု၊ ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့ ကြားဖြတ် အစိုးရ ဖွဲ့စည်းမှု စတာတွေ ဖြစ်ပွားလာသလို အစိုးရ ယန္တရား ရပ်ဆိုင်းသလောက်ဖြစ်ပြီး ဆန်အခက်အခဲ ဖြစ်လာခဲ့ပါတယ်။

သပိတ်ကော်မတီတွေနဲ့ နိုင်ငံရေး ခေါင်းဆောင် အများအပြား ရှိပေမယ့် အကျပ်အတည်း ပြေလည်အောင် မဆောင်ရွက် နိုင်ဘဲ စက်တင်ဘာ ၁၈ မှာ တပ်မတော်က ဦးဆောင် အာဏာသိမ်းပြီး ရွေးကောက်ပွဲ ကျင်းပဖို့ ကတိပြုကာ အရေးအခင်းကို ဖြိုခွဲချိန်မှာ ထပ်ပြီး လူသေဆုံးမှုတွေ ရှိခဲ့ပါတယ်။

၈ လေးလုံး အဆုံးသတ်

၈ လေးလုံး အရေးအခင်း ဟာ ၁၉၈၈ စက်တင်ဘာ ၁၈ ရက်မှာ တပ်မတော်က အာဏာသိမ်းပြီးနောက် ပစ်ခတ် နှိမ်နင်းမှုတွေနဲ့ အဆုံးသတ်ခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာ အာဏာသိမ်း အစိုးရက ရွေးကောက်ပွဲ ကျင်းပဖို့ ကတိပြုခဲ့ပေမယ့် ထောင်နဲ့ချီတဲ့ နိုင်ငံရေး လှုပ်ရှားသူတွေ အဖမ်းခံရတာ၊ နယ်စပ် ထွက်ပြေးရတာတွေ ဖြစ်ခဲ့ပါတယ်။

၈ လေးလုံးကို အဆုံးသတ်မယ့် အာဏာသိမ်းဖို့ အမိန့်ကို လမ်းစဉ်ပါတီ ဗဟို ကော်မတီဝင် တချို့က အမိန့်ပေးတယ်၊ ဦးနေဝင်းအိမ်မှာ ကျင်းပတဲ့ အစည်းအဝေးက ဆုံးဖြတ်တယ် စသဖြင့် ပြောဆိုမှုတွေ ရှိကြပေမယ့် တပ်မတော်သားတွေကို လမ်းစဉ်ပါတီက ထွက်ခွင့်ပေးပြီး မကြာခင်မှာ ကုန်သွယ်ရေးရုံးကို ကျောင်းသားနဲ့ ရဟန်းတချို့က ဝင်သိမ်းတာ ဖြစ်ပြီး နောက်တရက်မှာ အာဏာသိမ်းခဲ့တာပါ။

၈ လေးလုံး အတွင်း တပ်မတော်ကို အတိုက်အခံနဲ့ ဆန္ဒပြသူတွေဘက် ပါအောင် မစည်းရုံးနိုင်ခဲ့ဘူး ဝေဖန်မှုတွေ ရှိသလို ဆန္ဒပြပွဲတွေကို တပ်က မယုံကြည်တဲ့ အတိုက်အခံဟောင်းတွေနဲ့ တောတွင်း လက်နက်ကိုင်တွေ သွေးထိုးမှုကြောင့် ဖြစ်တာလို့ တပ်ပိုင်းက ယူဆလို့ ပြင်းပြင်းထန်ထန် နှိမ်နင်းတာ၊ မပူးပေါင်းတာ ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိပါတယ်။

၈ လေးလုံး လှုပ်ရှားမှုကို လွတ်လပ်ရေး မရခင် အလံနီ ကွန်မြူနစ်တွေ ဆန်လု တိုက်ပွဲဆင်တဲ့ ပုံစံမျိုးနဲ့ တူတယ် ဆိုပြီး အဲဒီအချိန်က လမ်းစဉ်ပါတီ ခေါင်းဆောင်ပိုင်းမှာ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

၈ လေးလုံး အတွင်း မင်းမဲ့ပုံစံ လုယက် သတ်ဖြတ်တာတွေကိုလည်း လှိုင်းကြီး လေထန် ဖြစ်ရပ်မှန်ဆိုပြီး စစ်အစိုးရခေတ်မှာ ရုပ်သံက ထုတ်လွှင့်ခဲ့သလို အရေးအခင်းမှာ ပါခဲ့တဲ့ ဝန်ထမ်းတွေ ရာထူးလျှော့ချ နုတ်ပယ်ခံရတာတွေ ရှိခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် San Nyein Oo
Image caption ၈၈ မျိုးဆက် ထွက်ပေါ်လာပြီး အနှစ် ၂ဝ ကျော် ဖိနှိပ်ခံခဲ့ရ

၈ လေးလုံးမှာ ပေါ်ထွက်လာသူတွေ

၈ လေးလုံး အရေးအခင်းက မြန်မာပြည်မှာ အနှစ် ၂ဝ ကျော် ပျောက်ကွယ်နေတဲ့ နိုင်ငံရေး မျိုးဆက်ကို အသက်ပြန်သွင်းပေးလိုက်တာပါ။

ဒီထဲက ထင်ရှားသူတွေက ၈၈ မျိုးဆက်လို့ အသိများတဲ့ ကျောင်းသား လှုပ်ရှားသူတွေ၊ ဗိုလ်ချုပ်အောင်ဆန်း သမီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သူတည်ထောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ပြီးတော့ တခြား ထင်ရှားတဲ့ နိုင်ငံရေး အတိုက်အခံတွေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

နောက် လူတွေ သတိမထားမိတာက ၈ လေးလုံးကြောင့် မြန်မာပြည်ရဲ့ စီးပွားရေး နဲ့ လူမှုရေး တွေမှာ အပြောင်းအလဲတွေ စတင်ခဲ့တာပါ။

အရေးအခင်း ကာလ ကတည်းက လူတွေ ပြည်ပ သွားရောက် လုပ်ကိုင်ခွင့်တွေ ပိုခွင့်ပြု လာခဲ့သလို အရေးအခင်း နောက်ပိုင်း စစ်အစိုးရ လက်ထက်မှာ ပုဂ္ဂလိက စီးပွားရေးတွေ ပိုခွင့်ပြုလာလို့ ကုမ္ပဏီတွေ ပေါ်ထွန်းလာခဲ့ပါတယ်။

စီးပွားရေး ပိတ်ဆို့မှု၊ အာဏာပိုင်တွေ ချုပ်ချယ်မှုတွေ ရှိပေမယ့် ဒီစီးပွားရေး လောကသစ်က မြန်မာ နိုင်ငံမှာ ၁၉၈၈ ပြီးမှ တကြော့ ပြန်ပေါ်လာတာ ဖြစ်ပါတယ်။

လူမှုရေး ဘက်မှာလည်း လမ်းစဉ်ပါတီ ခေတ်မှာ မထွက်ပေါ်ခဲ့တဲ့ ပုဂ္ဂလိက သတင်းစာတွေ အရေးအခင်းမှာ ပေါ်ထွက်ခဲ့သလို စစ်အစိုးရခေတ်မှာလည်း နိုင်ငံရေး အရ ဖိနှိပ်မှု ရှိပေမယ့် အနုပညာနဲ့ မီဒီယာ တချို့ ကဏ္ဍတွေ မှာ လျှော့ပေါ့ ပေးခဲ့ပါတယ်။

ပြည်ပက ဝင်လာတဲ့ အနုပညာနဲ့ ဖက်ရှင် ရေစီးကလည်း မြန်မာနိုင်ငံမှာ ပိုပြီး သိသာလာသလို ယဉ်ကျေးမှု ဘက်မှာလည်း ဘီယာ၊ စီးကရက် စတဲ့ ပြည်ပက ဝင်လာတဲ့ ကုန်စည်တွေကို ပြည်တွင်းမှာ သုံးစွဲသူတွေ ပိုများလာခဲ့ပါတယ်။

၈ လေးလုံး သင်ခန်းစာ

အနှစ် ၃ဝ နီးပါး ကြာမြင့်ခဲ့ပြီးနောက် ၈ လေးလုံး လှုပ်ရှားမှု အကျိုးဆက် အနေနဲ့ လှုပ်ရှားမှု အဆင့်ဆင့်ကို ဖြတ်ကျော်ပြီး မြန်မာ နိုင်ငံမှာ အရပ်သား စစ်စစ် ခေါင်းဆောင်တဲ့ အစိုးရ တရပ် ပြန်ပေါ်ထွက်လာခဲ့ပါတယ်။

ဒါပေမဲ့လည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေး နှောင့်နှေးနေလို့ အုပ်ချုပ်ရေးနဲ့ ဥပဒေ ပြုရေးတွေမှာ တပ်ပိုင်းက ဆက်ပြီး လွှမ်းမိုးတာတွေ ရှိနေပါတယ်။

ဒါတွေ ပုံမှန်အတိုင်း ပြန်လည်ပတ် နိုင်ဖို့ တပ်နဲ့ အရပ်ဘက် နိုင်ငံရေးအကြား သင့်တော်တဲ့ နိုင်ငံရေး မူတခု ချဖို့ လိုသလို အနှစ် ၇ဝ နီးပါး ကြာမြင့်နေတဲ့ ပြည်တွင်းစစ် ကို ရပ်စဲဖို့ လူမျိုးစု လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ကလည်း အရေးကြီးပါတယ်။

အရေးအခင်း ဖြစ်ချိန်က အုပ်စိုးခဲ့တဲ့ လမ်းစဉ်ပါတီ အစိုးရ ခေါင်းဆောင်တွေဟာ တပ်ဘက်ကလာသူတွေ များပြီး ဖဆပလ အစိုးရ လက်ထက် နိုင်ငံရေး ကွဲပြဲမှုတွေ ကို မနှစ်သက်လို့ အာဏာသိမ်းမှုကို ဖော်ဆောင်ခဲ့သူတွေ ဖြစ်ကြပါတယ်။

ဒါကြောင့် သူတို့ လက်ထက်မှာ နိုင်ငံတွင်း မကျေနပ်မှုတွေကြောင့် ဆန္ဒပြလာတာကို ပြေလည်အောင် မဖြေရှင်းနိုင်ဘဲ အာဏာသိမ်းတဲ့ သံသရာ တကျော့ပြန်လာတာလို့ တချို့က သုံးသပ်ပါတယ်။

အခုလည်း နိုင်ငံရေး မကျေနပ်ချက်တွေကို ဆန္ဒပြနည်းနဲ့ ဖြေရှင်းတာဟာ မှားတယ်၊ အစိုးရကို အကျပ်မကိုင်သင့်ဘူး၊ အခြေအနေ မထိန်းနိုင်ရင် တပ်က ပြန်အာဏာသိမ်းနိုင်တယ် လို့ စိုးရိမ်မှုတွေ ရှိနေပါသေးတယ်။

ဒီလို နိုင်ငံရေး အကျပ်အတည်းတွေမှာ တပ်နဲ့ အာဏာသိမ်းတဲ့ စနစ် ဆက်အမြစ်တွယ်နေရင် မြန်မာ နိုင်ငံရဲ့ နိုင်ငံရေး ရင့်ကျက်မှု နှောင့်နှေး နိုင်ပြီး ဖိနှိပ်မှု ကမောက်ကမတွေ ဆက်အမြစ်တွယ်နေနိုင်လို့ ဒီမိုကရေစီ လမ်းကြောင်းကို ဘယ်လို ရောက်အောင် သွားမလဲ တပ်နဲ့ နိုင်ငံရေးသမားတွေ၊ ပြည်သူလူထုတွေက သေချာ စဉ်းစား ဆုံးဖြတ်ကြဖို့ လိုနေပြီ ဖြစ်ပါတယ်။