ဗိုလ်မှူးချုပ် သရေစည်သူ အောင်ရွှေ(၁၉၁၈-၂ဝ၁၇)

  • 13 ဩဂုတ် 2017
Image caption ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး တို့နဲ့အတူ ဦးအောင်ရွှေ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း ဦးအောင်ရွှေ ရန်ကုန်မှာ သြဂုတ်လ ၁၃ ရက်က ကွယ်လွန်ခဲ့ပါတယ်။ ဦးအောင်ရွှေဟာ မြန်မာ့ နိုင်ငံရေးမှာ ၂ ခါ ပါဝင်ခဲ့ဖူးသူ ဖြစ်ပါတယ်။

ဒုတိယ အကြိမ် ၁၉၈၈ အရေးအခင်းကာလမှာ မျိုးချစ်ရဲဘော်ဟောင်းများ အဖွဲ့ကနေ NLD ပါတီနဲ့ ပူးပေါင်းပြီး လှုပ်ရှားခဲ့တာကို လူသိများပါတယ်။

ဒိအရင် ၁၉၆၂ မတိုင်ခင်က ဗိုလ်မှူးချုပ် ဘဝနဲ့ ဦးအောင်ရွှေရဲ့ နိုင်ငံရေး ပတ်သက်ခဲ့မှုတွေကိုတော့ လူသိနည်းနေပြီ ဖြစ်ပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၁ဝဝ ထဲ ရောက်ရှိနေပြီ ဖြစ်တဲ့ ဦးအောင်ရွှေဟာ တပ်မတော် တည်ထောင်စက ပါလာတဲ့ တပ်မှူးကြီးတွေအနက် နောက်ဆုံး ကျန်ရစ်သူ တယောက်လည်း ဖြစ်ပါတယ်။

၁၉၆ဝ ရွေးကောက်ပွဲမှာ ဘက်လိုက်လို့ ဆိုပြီး တခြား တပ်မှူးကြီးတွေနဲ့အတူ တပ်က အငြိမ်းစားပေးခံရပြီးနောက် သံအမတ် အဖြစ် အမှုထမ်းခဲ့ပါတယ်။

Image caption မြောက်ပိုင်းတိုင်းမှူး ဘဝနဲ့ မန္တလေးကနေ အာဏာသိမ်းဖို့ ကြံခဲ့

၁၉၅၈ ခုနှစ်ကလည်း သူဟာ မြောက်ပိုင်းတိုင်းမှူး ဘဝနဲ့ မန္တလေးကနေ အာဏာသိမ်းဖို့ တခြား တပ်မှူးတွေနဲ့အတူ ကြံစည်ခဲ့တယ်လို့ မြန်မာ သမိုင်းအဖွဲ့ထုတ် ၁၉၅၈ - ၁၉၆၂ မြန်မာ့နိုင်ငံရေး စာအုပ်မှာ ဖော်ပြ ထားပါတယ်။

အဲဒီအချိန်က တည်မြဲနဲ့ သန့်ရှင်း ဖဆပလ ၂ ခြမ်းကွဲပြီး ဦးနု ခေါင်းဆောင်တဲ့ သန့်ရှင်းအစိုးရကို တပ်မတော်က မယုံမကြည် ဖြစ်နေချိန်ပါ။ ဦးနုက တောခို ကွန်မြူနစ်တွေ မြို့ပေါ် ပြန်လာအောင် စည်းရုံးနေတယ် ဆိုပြီး ကွန်မြူနစ်နဲ့ တိုက်နေတဲ့ တပ်မတော် ဘက်က မနှစ်ခြိုက်ခဲ့တာ လို့ သိရပါတယ်။

နောက်ပြီး တပ်မှူး အများစုက တည်မြဲဘက် နီးစပ်ပြီး ဗိုလ်မှူးချုပ် အောင်ရွှေကလည်း သူနဲ့ နီးစပ်တဲ့ ဗိုလ်မှူးကြီး ကြည်ဝင်းရဲ့ ယောက်ဖ ဖြစ်တဲ့ တည်မြဲခေါင်းဆောင် ဦးဗဆွေဘက် နီးစပ်တယ်လို့ မှတ်တမ်းတွေက ဖော်ပြပါတယ်။

ရန်ကုန် စစ်ရုံးချုပ်က ဗိုလ်မှူးချုပ် မောင်မောင်က ဒီအာဏာသိမ်းဖို့ အကြံကို ဖျက်ဖို့ ကြိုးစားပေမယ့် မရခဲ့ဘူး၊ နောက်ဆုံး ဦးနုနဲ့ ဒီကိစ္စ ဆွေးနွေးရင်း ရန်ကုန်ဘက်က သဘောမတူပေမယ့် တပ် ၂ ခြမ်းကွဲမှာ စိုးလို့ အခြေအနေ ထိန်းတဲ့ အနေနဲ့ ရန်ကုန်ဘက် တပ်တွေနဲ့ အာဏာသိမ်းဖို့ ဖြစ်သွားခဲ့တယ်လို့ သိရပါတယ်။

မန္တလေးက ကား အစီး ၅ဝ နဲ့ ဆင်းလာတဲ့ တပ်တွေကိုတော့ ရန်ကုန်မှာ အာဏာ လွှဲဖို့ ကြေညာတဲ့ ၁၉၅၈ စက်တင်ဘာ ၂၇ ရက်ကျမှ ဆယ်မိုင်ကုန်း အရောက်မှာ တားဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒိနောက် တပ်က တာဝန်ယူ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဘက်မလိုက်ဖို့ အာဏာသိမ်း အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး နေဝင်းက အမိန့်ထုတ်ပေမယ့် လိုက်နာမှု မရှိလို့ ဆိုပြီး ဦးအောင်ရွှေနဲ့ တခြား တပ်မှူးကြီး တချို့ကို ၁၉၆၁ မှာ အငြိမ်းစား ပေးခဲ့ပါတယ်။

သူတို့အုပ်စုက ၁၉၆ဝ ရွေးကောက်ပွဲမှာ ဦးနုပါတီ နိုင်ရင် ဘာလုပ်မလဲ ဆွေးနွေးတာကို သိသွားလို့ ထုတ်ပစ်တာလို့လည်း ပါမောက္ခ မေရီကယ်လ်ဟန်ရဲ့ တပ်မတော် သမိုင်း စာအုပ်မှာ ဖော်ပြပါတယ်။

အာဏာ တခါသိမ်းမိရင် ဆက်ခါဆက်ခါ သိမ်းတဲ့ အစဉ်အလာ ဖြစ်မှာ စိုးလို့ တပ်ခေါင်းဆောင်ပိုင်းတချို့က သိမ်းဖို့ လက်တွန့်ခဲ့ကြပေမယ့် မြန်မာနိုင်ငံမှာ နောက်ထပ် အာဏာသိမ်းမှုတွေ ၁၉၆၂၊ ၁၉၈၈ ကာလတွေမှာ ထပ်ပြီး ပေါ်ပေါက်ခဲ့တာ တွေ့ရပါတယ်။

၁၉၈၈ မှာတော့ ဦးအောင်ရွှေ ကို နိုင်ငံရေး စင်မြင့်မှာ တခြား တပ်မှူးဟောင်းတွေနဲ့ အတူ ပြန်ထွက်လာတာ တွေ့ရပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ တာဝန် အဆင့်ဆင့် ထမ်းဆောင်သွားခဲ့ပါတယ်။