အိန္ဒိယ မြန်မာ ဆက်ဆံရေး နှစ်ထောင်ချီခရီး

  • 4 စက်တင်ဘာ 2017
Image caption အိန္ဒိယ အငွေ့အသက် လွှမ်းတဲ့ ပုဂံ ဘုရားတွေ

ကိုလိုနီ ခေတ်မတိုင်မီ ဆက်ဆံရေး

မြန်မာနဲ့ အိန္ဒိယ တိုက်ငယ်ကြား အစဉ်အလာ အားဖြင့် ဆက်သွယ် ကူးသန်းမှုတွေ ရှေး အနှစ် ထောင်ချီ ကတည်းက ရှိခဲ့ပါတယ်။

ဘာသာရေး၊ ယဉ်ကျေးမှုနဲ့ စာပေ ကအစ အိန္ဒိယ မှာ ရှိတဲ့ ဗုဒ္ဓဘာသာ၊ ဟိန္ဒူ ဘာသာ စတဲ့ ဘာသာရေး အငွေ့အသက်တွေနဲ့ အိန္ဒိယ တောင်ပိုင်းက အက္ခရာ စာလုံးတွေ၊ အိန္ဒိယ အရှေ့တောင်ပိုင်းက ဘုရားစေတီ တည်ဆောက်မှု ပုံစံတွေဟာ မြန်မာ နိုင်ငံမှာ လွှမ်းမိုးခဲ့ပါတယ်။

ခရစ်နှစ် အစောပိုင်း ရာစု ကာလတွေ ကတည်းက မြန်မာ နိုင်ငံ ဖြစ်လာမယ့် ကမ်းရိုးတန်း တလျှောက် နဲ့ အိန္ဒိယ တရုတ် ကုန်သွယ်ရေး လမ်းမ တွေ ပေါ်မှာ ဟိန္ဒူ ယဉ်ကျေးမှု ထွန်းကားတဲ့ မြို့ပြ နိုင်ငံတွေ ထွန်းကား ခဲ့ပါတယ်။

ဝေသာလီ၊ ဗိဿနိုး၊ သရေခေတ္တရာ စတဲ့ နိုင်ငံတွေ နောက်မှာ ပေါ်ထွန်းလာတဲ့ ပုဂံ ခေတ်မှာတော့ အိန္ဒိယ ဗိသုကာ တွေ အကူအညီနဲ့ မြင့်မားတဲ့ ဘုရားကြီးတွေ တည်ဆောက် ခဲ့ပြီး အောက်ပိုင်း သထုံက ယူဆောင်လာတဲ့ ဗုဒ္ဓစာပေ လေ့လာမှုကလည်း ပိုထွန်းကား လာခဲ့ပါတယ်။

Image caption အေဒီ(၅) ရာစုက သရေခေတ္တရာ ရွှေပေချပ်

အိန္ဒိယက ဗုဒ္ဓ ပွင့်ရာ ဂါယာဒေသမှာ ကျန်စစ်သား၊ အလောင်းစည်သူ စတဲ့ ပုဂံ မင်းတွေရဲ့ ကုသိုလ် ကျောက်စာတွေ ရှိခဲ့သလို ကုန်းဘောင်ခေတ် အထိ မြန်မာ ဘုရင်တွေကလည်း ဆက်လက် လှူဒါန်းမှုတွေ ရှိခဲ့ပါတယ်။ အိန္ဒိယ သမုဒ္ဒရာကို ဖြတ်ပြီး ကုန်စည် ကူးသန်းမှုတွေလည်း လုပ်ခဲ့ကြရာမှာ မြန်မာ ဘုရင် အဝယ်တော် အဖြစ် ဆောင်ရွက်ခဲ့တဲ့ အိန္ဒိယ သူဌေးတွေလည်း ရှိခဲ့ပါတယ်။

ရခိုင်ဒေသမှာ ထွန်းကားတဲ့ မင်းဆက်တွေနဲ့ ဘင်္ဂလားဘက်က မင်းဆက်တွေ အားပြိုင်မှုတွေ ကတော့ နောက်ဆုံး အိန္ဒိယ မင်းဆက် မဂို ဘုရင်တွေ လက်ထက်ထိ ရှိခဲ့ပါတယ်။ ဒါကာ နဲ့ ဘင်္ဂလား ၁၂ မြို့ကို ရခိုင်က သိမ်းပိုက် နိုင်တဲ့ ခေတ်တွေ ရှိခဲ့သလို မဂို အကူအညီနဲ့ မြန်မာ ကြီးစိုးမှုကို ရခိုင်က ပြန်တွန်းလှန်ခဲ့တဲ့ အချိန်တွေလည်း ရှိခဲ့ပါတယ်။ ဒါကြောင့် ဓညဝတီခေတ် ဘုရားပုထိုး မြို့ဟောင်းတွေမှာ အိန္ဒိယ အငွေ့အသက် သိသာစွာ တွေ့ရပါတယ်။

နောက်ဆုံး မြန်မာ မင်းဆက် ကုန်းဘောင်ခေတ်မှာ ရခိုင်ကို သိမ်းပိုက်ပြီးနောက် ဗြိတိသျှ နဲ့ နယ်နိမိတ် စပ်နေတဲ့ နတ်မြစ်ဝက ရှင်မဖြူကျွန်း အရေးကိစ္စကနေ အင်္ဂလိပ် မြန်မာ စစ်ပွဲတွေ ဖြစ်ပွားခဲ့ပြီး အနှစ် ၆ဝ ကျော် အတွင်း မြန်မာ ပြည်ဟာ ဗြိတိသျှပိုင် အိန္ဒိယ အင်ပါယာထဲ သိမ်းပိုက် ခံခဲ့ရပါတယ်။

နောက်ဆုံး မြန်မာ ဘုရင် သီပေါမင်း အိန္ဒိယမှာ နတ်ရွာစံခဲ့သလို မဂိုဘုရင် ဗဟာဒူးရှားရဲ့ သင်္ချိုင်းဂူကိုလည်း ရန်ကုန်မှာ ကနေ့ထက်တိုင် တွေ့နိုင်ပါတယ်။

Image caption ကုန်သည် ညီနောင် အိန္ဒိယက ပင့်ဆောင်လာတဲ့ ဆံတော်ဓာတ် ကိန်းဝပ်တဲ့ ရွှေတိဂုံ စေတီ

ကိုလိုနီ ခေတ် ဆက်ဆံရေး

ဆူးအက် တူးမြောင်း ဖောက်ပြီး ထွန်းကားလာတဲ့ ဆန်စပါး စျေးကွက်အတွက် မြန်မာပြည် အောက်ပိုင်းမှာ စပါးစိုက်ဖို့ အိန္ဒိယက လယ်လုပ်သားတွေ ခေါ်သွင်းလာသလို အုပ်ချုပ်ရေး ဝန်ထမ်းနဲ့ ပညာတတ်တွေလည်း ပါလာပါတယ်။ ပညာရေးပိုင်းမှာလည်း ကာလကတ္တား တက္ကသိုလ် လက်အောက်ခံ ရန်ကုန် ကောလိပ်ကို ၁၈၇၈ မှာ ဖွင့်လှစ်ခဲ့ပါတယ်။ မြန်မာပြည် ဥပဒေပြု လွှတ်တော်မှာ အိန္ဒိယ ကိုယ်စားလှယ်တွေ ပါရှိသလို အိန္ဒိယ လွှတ်တော်ကိုလည်း မြန်မာ ကိုယ်စားလှယ်တွေ စေလွှတ်ခဲ့ပါတယ်။

အိန္ဒိယကို အုပ်ချုပ်ရေး တိုးမြှင့်ဖို့ ပထမကမ္ဘာစစ် အတွင်း စုံစမ်းစစ်ဆေးရာကနေ မြန်မာပြည်ကို ချန်လှပ်ထားခဲ့လို့ နိုင်ငံရေး နိုးကြားမှုတွေ မြန်မာပြည်မှာ ပေါ်ပေါက်လာပါတယ်။ ဝံသာနု လှုပ်ရှားမှုကို စတင်ခဲ့သူတွေထဲက ရခိုင် ဆရာတော် ဦးဥတ္တမနဲ့ အိန္ဒိယ နိုင်ငံရေး ခေါင်းဆောင်တွေ ရင်းနှီးမှု ကြီးမားပြီး ဟိန္ဒူ နိုင်ငံရေး အဖွဲ့ တခုမှာတောင် ခေါင်းဆောင် တင်မြှောက် ခံခဲ့ရပါတယ်။

တဘက်မှာလည်း ရွှေ့ပြောင်းဝင်လာသူ တသန်းကျော် ရှိနေပြီမို့ အိန္ဒိယ နွယ်ဖွားတွေနဲ့ မြန်မာတွေကြား ဘာသာရေး လူမျိုးရေး ပဋိပက္ခ အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ပါတယ်။

Image caption ဦးဥတ္တမ အကျဉ်းကျစဉ်က

အိန္ဒိယက မြန်မာ ခွဲရေး တွဲရေး ရွေးကောက်ပွဲ လုပ်ရာမှာ တွဲရေး ဘက်က နိုင်ပေမယ့် ၁၉၃၇ မှာ မြန်မာကို အိန္ဒိယ က ခွဲထုတ် ပေးခဲ့ပါတယ်။ ၂ နိုင်ငံ လူဝင်မှု စိစစ်ဖို့ ဦးစော အစိုးရက ကြိုးစားခဲ့ပေမယ့် ဒုတိယ ကမ္ဘာစစ် ဖြစ်ခါနီးမှ စာချုပ်ချုပ်နိုင်ခဲ့ပါတယ်။ ဒီအတောအတွင်းမှာပဲ အိန္ဒိယ ကွန်မြူနစ်တွေက တဆင့် ဗမာပြည် ကွန်မြူနစ် ပါတီကို ၁၉၃၉ မှာ ထူထောင်ခဲ့ပါတယ်။

စစ်အတွင်းမှာတော့ ဆာပေါ်ထွန်း အစိုးရ အိန္ဒိယ နိုင်ငံ ဆင်းမလားကို ရွှေ့ပြောင်း ရုံးစိုက်ပြီး စစ်ပြီး ပြန်လည် ထူထောင်ရေး အတွက် စက္ကူဖြူ စာတမ်း ရေးသားခဲ့ပါတယ်။ ဦးသိန်းဖေမြင့် ခေါင်းဆောင်တဲ့ လူငယ် တော်လှန်ရေးသမားတစုလည်း ကာလကတ္တားမှာ နေပြီး ဗြိတိသျှ အကူအညီနဲ့ လေထီးသင်တန်း လေ့ကျင့်ပြီး မြန်မာပြည် စစ်မျက်နှာ တွေမှာ မဟာမိတ် တပ်တွေနဲ့ အတူ ဂျပန်ကို တိုက်ထုတ်ရာမှာ ပါဝင်ခဲ့ပါတယ်။

ဆူဘတ်ချန်ဒရာဘို့စ် ခေါင်းဆောင်တဲ့ အိန္ဒိယ အမျိုးသား တပ်မတော်ကတော့ မြန်မာပြည်မှာ ခြေကုပ်ယူပြီး ဂျပန် အကူအညီနဲ့ အိန္ဒိယကို သိမ်းဖို့ ကြိုးစားပေမယ့် မအောင်မြင်ဘဲ ရှုံးနိမ့်ခဲ့ရပါတယ်။

စစ်အပြီးမှာတော့ ဗိုလ်ချုပ်အောင်ဆန်း နဲ့ အိန္ဒိယ ကွန်ဂရက် ခေါင်းဆောင် နေရူးတို့ အကြား စစ်မဖြစ်ခင် ကတည်းက ရှိခဲ့တဲ့ တွေ့ဆုံ ရင်းနှီးမှုတွေကြောင့် ၂ နိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုတွေမှာ အပြန်အလှန် အားပေး ကူညီမှုတွေ ရှိခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Lin San Tyna
Image caption မြန်မာ သံအမတ်ကြီး ဒေါ်ခင်ကြည်နဲ့ အိန္ဒိယ ဝန်ကြီးချုပ် နေရူး

လွတ်လပ်ပြီးနောက် ဆက်ဆံရေး

မြန်မာ နိုင်ငံ လွတ်လပ်စ နှစ်တွေမှာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ် အတွင်း အိန္ဒိယက မြန်မာကို လက်နက် အကူအညီတွေ ပေးခဲ့သလို ၁၉၅၅ ဘန်ဒေါင်း ညီလာခံမှာလည်း တရုတ်၊ အင်ဒိုနီးရှား၊ အီဂျစ် ၊ မြန်မာ နိုင်ငံတွေနဲ့ အတူ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ရေး မူကြီးတွေကို ကြေညာခဲ့ကြပါတယ်။

နှစ်နိုင်ငံ စလုံးမှာ ဘက်မလိုက်တဲ့ နိုင်ငံခြားရေး ဝါဒနဲ့ ဆိုရှယ်လစ် ဆန်တဲ့ စီးပွားရေး စနစ်တွေ ကျင့်သုံးရာမှာလည်း တူညီကြပါတယ်။ ဦးနုနောက်မှာ တက်လာတဲ့ ဗိုလ်ချုပ်ကြီး နေဝင်း အစိုးရ လက်ထက်မှာလည်း အိန္ဒိယနဲ့ တရုတ် နယ်စပ် ပြဿနာကြောင့် စစ်ဖြစ်ပွားရာမှာ ပြေလည်စေဖို့ တခြား ဒေသတွင်း နိုင်ငံတွေနဲ့အတူ ကြိုးပမ်း ဖြေရှင်းပေးခဲ့ပါတယ်။

၁၉၈၈ မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုတွေ အပြီး အိန္ဒိယ ဝန်ကြီးချုပ် ရာဂျစ် ဂန္ဓီ လက်ထက်မှာ နယ်စပ်ကို ရောက်ရှိလာတဲ့ တက်ကြွ လှုပ်ရှားသူတွေကို ခိုလှုံခွင့် ပေးတာ အပါအဝင် အားပေး ကူညီမှုတွေ လုပ်ခဲ့တဲ့ အတွက် စစ်အစိုးရ တွေနဲ့ အိန္ဒိယ ကြား ဆက်ဆံရေး အေးစက် လာခဲ့ပါတယ်။ မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေရူး ဆု ချီးမြှင့်တာတွေလည်း ရှိခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အိန္ဒိယ မြန်မာ ကိုလိုနီခေတ် ပညာတတ်တွေ အကြောင်း နှိုင်းယှဉ် ရေးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်

ခရစ် ၂ဝဝဝ ပြည့်လွန်နှစ်တွေမှာတော့ အိန္ဒိယရဲ့ အရှေ့ကြည့် မူဝါဒ အရ တရုတ် နိုင်ငံနဲ့ ပိုမို နီးစပ်နေတဲ့ မြန်မာ ကို စီးပွားရေး၊ သံတမန်ရေးနဲ့ နယ်စပ် လက်နက်ကိုင်တွေ ထိန်းချုပ်ရေး ကိစ္စတွေမှာ ပိုပြီး ထိတွေ့ ဆက်ဆံ လာတာ တွေ့ရပါတယ်။ နယ်စပ်ကတဆင့် မြန်မာကို ဖြတ်ပြီး တခြား အာရှ နိုင်ငံတွေနဲ့ အဝေးပြေး လမ်းမကြီး စီမံကိန်းနဲ့ ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်မယ့် အစီအစဉ်တွေ လည်း ရှိလာပါတယ်။

မြန်မာ နိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ရေးတွေ ပေါ်ပေါက် လာပြီးနောက် ၂ နိုင်ငံ ခေါင်းဆောင်တွေ အပြန်အလှန် လည်ပတ် သွားလာတာ၊ အစိုးရပိုင်း ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုပြီး တိုးတက် လာပါတယ်။

၂ဝ၁၆ က ငလျင်ဒဏ်ခံရတဲ့ ပုဂံ ဘုရားတွေ ပြုပြင်ရေး အတွက် အိန္ဒိယက ငွေလှူဒါန်း တာတွေလည်း ရှိပါတယ်။ မြန်မာဘက်က ပဲနဲ့ တခြား ထွက်ကုန်တွေ အိန္ဒိယကို တင်ပို့နေသလို မြန်မာ ကိုလည်း အိန္ဒိယက ဆေးဝါးနဲ့ တခြား စက်မှုပစ္စည်းတွေ၊ နည်းပညာတွေ တင်ပို့နေပါတယ်။

ဓာတ်ပုံ မူပိုင် Bagyi Aung Soe
Image caption ဗဂျီအောင်စိုးရဲ့ ဗုဒ္ဓပန်းချီ

စာပေ ၊ အနုပညာ၊ ပညာရေး ဆက်သွယ်မှု

ကွယ်လွန်သူ အိန္ဒိယ သမ္မတကတော် Usha Narayanan ခေါ် ဒေါ်တင့်တင့်က သိန်းဖေမြင့်ရဲ့ အချိုရှာ တမာတွေ့နဲ့ ဝတ္ထုတိုများကို အင်္ဂလိပ်ဘာသာ ပြန်ဆိုခဲ့တယ်လို့လည်း သိရပါတယ်။ တဂိုး၊ နာရာယန်၊ အာနန် စတဲ့ အိန္ဒိယ စာရေးဆရာတွေရဲ့ လက်ရာတွေကိုတော့ စစ်မဖြစ်ခင် ကတည်းက ဇော်ဂျီ၊ ပါရဂူ ၊ မောင်ထင် စတဲ့ စာရေးဆရာတွေ ပြန်ဆိုခဲ့ပါတယ်။

နေရူးရဲ့ သမီးထံ ပေးစာများကိုတော့ စစ်မဖြစ်ခင် ကတည်းက ဒေါ်အမာက ခင်လဝင်း အမည်နဲ့ ပြန်ဆိုခဲ့ပါတယ်။

လွတ်လပ်ရေး ရစက ရှင်ဉာဏိဿရနဲ့ ပါရဂူ စတဲ့ ကျောင်းသားတွေ အိန္ဒိယ နိုင်ငံ ရှန်တိနိကေတန်နဲ့ ဗာရာဏသီ မြို့တွေမှာ ပညာသင်ခဲ့သလို ပန်းချီ ဆရာ ဗဂျီအောင်စိုးလည်း အိန္ဒိယကအပြန် မြန်မာပြည်မှာ စိတ္တဇ ပန်းချီခေါ် ခေတ်သစ်ပန်းချီတွေ ဖန်တီးခဲ့တာ တွေ့ရပါတယ်။ ဗေဒင်ပညာ သင်ယူမှုမှာလည်း အိန္ဒိယဟာ နာမည်ကြီးသလို အိန္ဒိယမှာ တရားထိုင်ခြင်းနဲ့ ဘုရားဖူး ခရီးသွားခြင်းတွေလည်း ပိုမို များပြား လာပါတယ်။

ဓာတ်ပုံ မူပိုင် Lin San Tyna
Image caption ရန်ကုန် သင်္ဘောကျင်းက အိန္ဒိယ ဝန်ထမ်းများ