အနီးခေတ် တရုတ်-မြန်မာ ဆက်ဆံရေး ၁

  • 1 အောက်တိုဘာ 2017
ဓာတ်ပုံ မူပိုင် Nay Kyi Ba Swe
Image caption တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်း မြန်မာပြည်လာစဉ်က

၁၉၄၉ အောက်တိုဘာ(၁)ရက်မှာ မော်စီတုန်း ခေါင်းဆောင်တဲ့ တရုတ် ကွန်မြူနစ်ပါတီရဲ့ လွတ်မြောက်ရေး တပ်မတော်က ကူမင်တန်တပ်တွေကို မောင်းထုတ်ပြီး 'တရုတ်ပြည်သူ့သမ္မတ နိုင်ငံ' ကို ဖွဲ့စည်း တည်ထောင် လိုက်ပါတယ်။ တရုတ်ပြည်သစ်ကို ကမ္ဘာက စောင့်ကြည့်ဆဲ ကာလမှာ အိမ်နီးချင်း မြန်မာက အာရှမှာ အစောဆုံး အသိအမှတ် ပြုလို့ တရုတ်က လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင် ခဲ့ပါတယ်။

ဒီအချိန်မှာ ထွက်ပြေးလာတဲ့ ကူမင်တန် တရုတ်ဖြူတပ်တွေဟာ ရှမ်းပြည်နယ် အတွင်း ကျူးကျော် လာကြရုံမက မြန်မာနိုင်ငံသားတွေ အပေါ် ဗိုလ်ကျ နှိပ်စက် လာခဲ့ကြ ပါတယ်။ ၁၉၅၀ ဇန်နဝါရီ ကနေ ဇွန်လအတွင်း ကျိုင်းတုံ ဒေသမှာ တရုတ်ဖြူတပ်သား (၄ဝဝဝ)ကျော် ဝင်တပ်စွဲပါတယ်။ မြန်မာနိုင်ငံ ဝ ဒေသမှာလည်း တရုတ်ဖြူ တပ်ကျန်တွေ ကို လိုက်လံ တိုက်ခိုက်ရင်း တရုတ် တပ်နီ တပ်သားတချို့ ဝင်တပ်စွဲလာ ပါတယ်။

နောက် တရုတ်ပြည်သစ်က ကွန်မြူနစ်ပါတီ ခေါင်းဆောင်တဲ့ လမ်းကြောင်းအတိုင်း လျှောက်လှမ်း နေပြီး မြန်မာနိုင်ငံက ပါလီမန်ဒီမိုကရေစီ လမ်းကြောင်း အတိုင်း သွားနေသလို ဗမာပြည် ကွန်မြူနစ်ပါတီက ပုဂ္ဂိုလ်တွေ တရုတ်နိုင်ငံ အတွင်း တသုတ်ပြီးတသုတ် သွားကြတယ်ဆိုတဲ့ ကိစ္စက ဦးနုအစိုးရအနေနဲ့ စဉ်းစားစရာ ဖြစ်နေခဲ့ပါတယ်။

အဲဒီအချိန်က အမေရိကန် တို့ရဲ့ အရှေ့တောင်အာရှ စုပေါင်း ကာကွယ်ရေး စာချုပ်အဖွဲ့ တရားဝင် ဖွဲ့စည်း ရေး လှုပ်ရှားမှုတွေ ဖြစ်နေတာကြောင့် မြန်မာနိုင်ငံလို နယ်နိမိတ်ချင်းဆက် နိုင်ငံတွေနဲ့ ဘယ်လိုမူတွေနဲ့ ဆက်သွယ် ဆက်ဆံ သွားရမလဲ စဉ်းစားရမယ့် အခြေအနေ ဖြစ်လာခဲ့ပါတယ်။

Image caption ရန်ကုန်မှာ တရုတ်ခေါင်းဆောင်တွေ သင်္ကြန်ပွဲ ဆင်နွှဲ

မူကြီးငါးချက်

၁၉၅၄ခုနှစ် ဇွန်လမှာ ဂျီနီဗာက ပြန်လာခဲ့တဲ့ တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်း ရန်ကုန်ကို ဝင်လာခဲ့ပါတယ်။ တရုတ်နဲ့မြန်မာ ဝန်ကြီးချုပ်နှစ်ဦး ဆွေးနွေးပွဲ ရလဒ်အဖြစ် ၁၉၅၄ ခုနှစ် ဇွန်လ (၂၉)ရက်မှာ'ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ရေး မူကြီးငါးချက်' ပါဝင်တဲ့ သမိုင်းဝင် သဘောတူညီချက်ကို ပူးတွဲထုတ်ပြန် နိုင်ခဲ့ကြပါတယ်။

အပြန်အလှန်အားဖြင့် မြန်မာဝန်ကြီးချုပ် ဦးနု တရုတ်နိုင်ငံကို ၁၉၅၄ ဒီဇင်ဘာမှာ သွားခဲ့ပါတယ်။ ဧည့်ခံပွဲမှာ ချူအင်လိုင်းက " မူကြီးငါးချက် ပြည့်ဝစွာ ဖြစ်မြောက်ရေး ၊ ငြိမ်းချမ်းရေး နယ်ပယ် တိုးချဲ့တည်ဆောက်ရေး၊ အာရှတိုက်နဲ့ ကမ္ဘာကြီး တခုလုံး ငြိမ်းချမ်းရေးကို ကာကွယ် စောင့်ရှောက်ရေး အတွက် ဦးနုနဲ့အတူ ကြိုးပမ်း အားထုတ် သွားရန် အသင့်ရှိပါတယ်" လို့ ပြောကြားခဲ့ပါတယ်။ နယ်နိမိတ်ကိစ္စနဲ့ ပတ်သက်ပြီးလည်း စတင်စကား လမ်းကြောင်း နိုင်ခဲ့ပါတယ်။

၁၉၅၅ ဧပြီ အင်ဒိုနီးရှား ဘန်ဒေါင်းညီလာခံမတိုင်ခင် ချူအင်လိုင်း၊ အိန္ဒိယဝန်ကြီးချုပ် နေရူး၊ အီဂျစ်သမ္မတ နာဆာ နဲ့အဖွဲ့တွေ ရန်ကုန် ရောက်လာပါတယ်။ မြန်မာနှစ်သစ်ကူး ကာလနဲ့ တိုက်ဆိုင်နေတဲ့အတွက် ဦးနုနဲ့ ခေါင်းဆောင် သုံးဦး ပျော်ပျော်ပါးပါး ရေကစားခဲ့ ကြတာဟာ မှတ်တမ်းတင်စရာ ဖြစ်ခဲ့ပါတယ်။

ဘန်ဒေါင်းညီလာခံ မှာ အာရှ-အာဖရိက(၂၉) နိုင်ငံတက်ခဲ့ကြပြီး ဘန်ဒေါင်းမူ (၁ဝ)ချက်ကို အတည်ပြု နိုင်ခဲ့ကြပါတယ်။ အဲဒီ ဘန်ဒေါင်းမူ ဆိုတာ ' တရုတ်-အိန္ဒိယ' ' တရုတ်-မြန်မာ' တို့ပူးတွဲကျေညာခဲ့ကြတဲ့ 'မူကြီးငါးချက်' အပေါ် ထပ်လောင်း ဖွင့်ဆိုခဲ့ တာသာဖြစ်ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး ငါးချက်ကို အခြေခံတာ ဖြစ်ပါတယ်။

နယ်နိမိတ် စာချုပ်

၁၉၅၆ ပီကင်းမှာ ဖဆပလဥက္ကဋ္ဌ ဦးနု နဲ့ချုအင်လိုင်းတို့ ဆွေးနွေးပွဲ ပေါ်ပေါက်လာပါတယ်။ ချုအင်လိုင်းက နယ်နိမိတ်စာချုပ် ချုပ်ဆိုနိုင်ရေးအတွက် ရှင်းပြခဲ့ပါတယ်။

(၁) ၁၉၁၃တုန်းက တရုတ်ပြည်ထဲက ဗြိတိသျှအစိုးရ ဖဲ့ယူသွားခဲ့တဲ့ ကချင်ပြည်နယ်ထဲက ဖီမော်-ဂေါ်လန်-ကန်ဖန်ရွာ သုံးရွာကို တရုတ်ကို ပြန်ပေးဖို့

(၂) ဗြိတိသျှအစိုးရဟာ နမ်ဝမ်နယ်မြေကို ၁၈၉ဝ ထဲက တရုတ်ပြည်ကနေ ဖဲ့ယူပြီး ရာသက်ပန် အငှားချနယ်မြေ ဆိုပြီး လုပ်ထားတယ်။ အဲဒီနယ်မြေကို မြန်မာနိုင်ငံက အပိုင်ယူချင်ယူ၊ မယူချင် တရုတ်သို့ပြန်ပေးရန်

(၃) အဲဒီနယ်မြေထဲမှာ လမ်းမကြီး ဖောက်လုပ် ထားပြီးသားဖြစ်လို့ မြန်မာနိုင်ငံအတွက် အဖိုးတန်တယ်။ မြန်မာက အပိုင်လိုချင်တယ်ဆိုရင် အဲဒီနယ်မြေအစား ဝနယ်ထဲက ပန်ဟုန်-ပန်လောကို တရုတ်ပြည်သို့ အစားပြန်ပေးရန် ဆိုပြီး ဖြစ်ပါတယ်။ အဲဒီအချက်တွေကို တရားမျှတတယ် ဆိုပြီး ဦးနုက သဘောကျခဲ့ပါတယ်။

ကချင်ခေါင်းဆောင်တွေ ဖြစ်တဲ့ ဒူးဝါးဇော်လွန်း၊ ဆမားဒူးဝါး ဆင်ဝါးနောင်နဲ့ ကချင်ပြည်နယ် ဥက္ကဋ္ဌ ဦးဇန်ထားဆင် ကိုပါ လေယာဉ်နဲ့ တရုတ်ပြည်ကို ခေါ်ယူစေပါတယ်။ ဦးဇန်ထားဆင်ကို နားချလို့ မရတဲ့အတွက် တခါတည်း လက်မှတ်ထိုး နိုင်တဲ့အဆင့် မရောက်ဘဲ ဖြစ်ခဲ့ရပါတယ်။

အဲဒီခရီးစဉ်အတွင်းမှာ ဝနယ်ထဲ ရောက်နေတဲ့ တရုတ်နီတပ်တွေ ပြန်ရုတ်သိမ်းရေးကို တရုတ်က အာမခံတာ ရခဲ့သလို ဗကပတွေကို ကူညီအားပေး နေမှုတွေကို ကန့်ကွက် ပြောဆိုနိုင်ခဲ့ပါတယ်။

၁၉၅၈ အောက်တိုဘာလမှာ မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်ကြီးနေဝင်း အိမ်စောင့်အစိုးရ ပေါ်လာခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းဟာ 'တရုတ်-မြန်မာနယ်နိမိတ် စာချုပ်' အဆုံးသတ်ဖို့ ကြိုးစားခဲ့ပါတယ်။ ရလဒ်အဖြစ် " တရုတ်-မြန်မာ နယ်နိမိတ် သတ်မှတ်မှု သဘောတူစာချုပ်" နဲ့ " နှစ်နိုင်ငံ ချစ်ကြည်ရေးနဲ့ မကျူးကျော်ရေး သဘောတူစာချုပ်"တွေ ထွက်ပေါ်လာခဲ့ပါတယ်။

Image caption မြန်မာခေါင်းဆောင်တွေကို တရုတ်ပြည်က ကြို

၁၉၆ဝ ရွေးကောက်ပွဲအပြီး ဦးနု အပြတ်အသတ် နိုင်ပြီး ပထစအစိုးရ တက်လာခဲ့ပါတယ်။ နယ်နိမိတ်စာချုပ် လက်မှတ်ထိုးပွဲ ခမ်းခမ်းနားနား လုပ်နိုင်ဖို့ တရုတ် အမျိုးသားနေ့ ဖြစ်တဲ့ အောက်တိုဘာ(၁)ရက်နဲ့ မြန်မာ့လွတ်လပ်ရေးနေ့ ဖြစ်တဲ့ ဇန်နဝါရီ (၄)ရက်နေ့တို့ကို ရွေးချယ်ခဲ့ကြပါတယ်။

အဲဒီအစီအစဉ်များအရ ဦးနု ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်(၃၅ဝ)ကျော် ပီကင်းကို သွားကြပါတယ်။ အောက်တိုဘာ(၁)ရက်မှာ တရုတ် ဝန်ကြီးချုပ် ချူအင်လိုင်းနဲ့ မြန်မာ ဝန်ကြီးချုပ် ဦးနုတို့ ' တရုတ်-မြန်မာ နယ်နိမိတ်စာချုပ်' ကြီးကို တရားဝင် လက်မှတ်ထိုး ခဲ့ကြပါတယ်။ စာချုပ်မူရင်း(၂)စောင်ကို တရုတ်၊ မြန်မာ၊အင်္ဂလိပ် ဘာသာ သုံးမျိုးနဲ့ ရေးသားခဲ့ကြပါတယ်။

၁၉၆၁ ဇန်နဝါရီ (၂)ရက်မှာ ချူအင်လိုင်း ခေါင်းဆောင်တဲ့ လူ(၄ဝဝ)ကျော် တရုတ် ကိုယ်စားလှယ် အဖွဲ့ကြီး ရန်ကုန်ကို ရောက်လာကြပါတယ်။ ဇန်နဝါရီ (၄)ရက်မှာ ' တရုတ်-မြန်မာ နယ်နိမိတ် စာချုပ် လက်ခံ အတည်ပြု စာချွန်တော် လဲလှယ်ပွဲ' အခမ်းအနားနဲ့ ကျင်းပခဲ့ပါတယ်။

(၉)ရက်နေ့မှာတော့ နှစ်နိုင်ငံ ' စီးပွားရေးနှင့် ကျွမ်းကျင်မှု ပူးပေါင်းဆောင်ရွက်ရေး စာချုပ်' ကိုချုပ်ဆိုခဲ့ကြပါတယ်။ စီးပွားရေး တိုးတက် စေရေး အတွက် စတာလင်ပေါင် ငွေသန်း(၃ဝ)ကို အခမဲ့ချေးငွေ အဖြစ် ထုတ်ချေးခဲ့ပါတယ်။

နယ်နိမိတ် တိုင်းထွာရေးနဲ့ မြေပုံဆွဲ ကျောက်တိုင်စိုက် လုပ်ငန်းတွေကို ဆက်လုပ်ဆောင်ခဲ့ပြီး ' နှစ်နိုင်ငံကြား နယ်နိမိတ်နဲ့ စပ်လျဉ်းတဲ့ အခြေပြစာချုပ်' ကို (၁၃-၁၀-၁၉၆၁) မှာ အပြီးသတ် လက်မှတ် ထိုးခဲ့ကြ ပါတယ်။